Tuesday, June 4, 2013

ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA)နှင့်မူးယစ်ဆေးဝါး

0 comments

ဇွန်လ ၄ ရက်

အခုတလောသတင်းတွေမှာ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်းအဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ်တောင်းဆိုမှုသတင်းတွေ ထွက်ပေါ်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ် ပေးထားခဲ့ပြီးဖြစ်ပေမယ့် အခုအခါမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးဖို့ထပ်လောင်း တောင်းဆိုနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတာလို့ ရေးသားပြောဆိုကြပါတယ်။ ဒါဟာ မှန်သင့်သလောက်မှန်ပေမယ့် ၀ လက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်လာတာကတော့ ဗမာပြည်ကွန်မြူနစ်ပါတီကြောင့်ဖြစ်ပါတယ်။ ၀တွေကို ဗကပတွေက မြှောက်ပေးထား ခဲ့တာဆိုရင် မမှားပါဘူး။ အခုချိန်မှာတော့ ၀ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အလွန်ပဲအင်အားကြီးထွားလာပြီး ခေတ်မီ လက်နက်တွေပါပိုင်ဆိုင်ထားပါတယ်။

ဒီလိုမျိုးအင်အားကြီးထွားလာတာတွေ၊ ခေတ်မီလက်နက်တွေ ပိုင်ဆိုင်ထားတွေရဲ့ အဓိကအကြောင်းတရား ကတော့ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းက ထွက်ပေါ်လာတဲ့ အကျိုးအမြတ် တွေကြောင့်ဖြစ်ပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံရဲ့အရှေ့မြောက်ဒေသမှာ ဗမာပြည်ကွန်မြူနစ် လက်နက်ကိုင်သောင်းကျန်းသူတွေ အင်အား ကြီးမားခဲ့ပါတယ်။သူတို့ရဲ့ကျောထောက်နောက်ခံကတော့ တရုတ်တွေပဲဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီကျဆုံးခဲ့ တာကြာပြီဖြစ်ပေမယ့် တရုတ်တွေကတော့ ၀ တွေကိုဆက်လက်ထောက်ပံ့ကူညီနေတုန်းပါပဲ။ အခုဆိုရင် ၀ တပ်ဖွဲ့တွေမှာ လေယာဉ်ပစ်ဒုံးတွေ၊ လေယာဉ်ပစ်အမြှောက်တွေ နဲ့အတူ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေလဲ ပိုင်ဆိုင်ထားနေပြီလို့ သတင်းများထွက်ပေါ်နေပါတယ်။

ဝ တပ်ဖွဲ့တွေဘာကြောင့်ဒီလောက် ချမ်းသာနေရသလဲဆိုရင်တော့…မူးယစ်ဆေးဝါးရောင်းဝယ်နေလို့ဆိုတဲ့ အဖြေကလွှဲလို့ တစ်ခြားမရှိပါဘူး။ အရင်တုန်းကတော့ဘိန်းစိုက်ပျိုးတယ်၊ နောက်တဖြည်းဖြည်း အဆင့်မြင့်လာ တယ်။ အခုအခါမှာတော့ စိတ်ကြွရူးသွပ်ဆေးပြားတွေထုတ်လုပ်တဲ့ အဆင့်အထိမြင့်မား တိုးတက်လာတယ်။ မြင့်မားတိုးတက် သလောက်လဲ ငွေကြေးတွေပိုင်ဆိုင်လာကြတယ်။ ၀ နယ်မြေဟာ မူးယစ်ဆေးဝါးဖြန့်ဖြူးရာ ဗဟိုဌာနကြီးဖြစ်လာပြီး မူးယစ်ဆေးဝါးကြောင့် နာမည်ကျော်ကြားလာခဲ့ပါတယ်။

ရှမ်းပြည်နယ်ရှိ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWAA)နှင့်မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်နေ သူများ ဆက်စပ်မှုရှိနေသည်ဟူသောသတင်းများထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသလို အမေရိကန် အစိုးရကလည်း ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ၀ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့UWSA ဟာ အာရှမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများကို အကြီးအကျယ်ထုတ်လုပ်တဲ့အဖွဲ့ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ၀င်ရောက်နေတဲ့ မူးယစ်ဆေးဝါးနဲ့စိတ်ကြွဆေးတွေဟာ UWSA တပ်ဖွဲ့က ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေဖြစ်တဲ့အကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ် ချလုံယူဘမ်ပရုန်း က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံ ၀ဒေသကထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး စိတ်ကြွဆေးတွေ ထုတ်လုပ်ဖို့ ဓာတုပစ္စည်းတွေကိုတော့ ဗီယက်နမ်နိုင်ငံကနေ  ၀ တွေက ၀ယ်ယူထားတာဖြစ်တယ်လို့ ရှင်းလင်း ခဲ့ပါတယ်။
ဝပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တွေဖြစ်တဲ့ ဝေ့ရှောက်ကန်း၊ ပေါင်ယိုချမ်း၊ ပေါင်းယိုယီး၊ ပေါင်းယိုလျန်၊ ပေါင်းယိုဟွာ၊ ဝေရှောက်လုံစတဲ့သူတွေကို အမေရိကန်က မူးယစ်ဆေးဝါးဖြင့် အမှုဖွင့်ထားခဲ့ပါတယ်။ ဝေ့ရှောက်ကန်းကို ဒေါ်လာ၂ သန်းဆုကြေးဖြင့်ဖမ်းမိန့်ထုတ်ထားခဲ့သလို အခြားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီး ပေးနိုင်သူကို ဆုကြေးငွေပေးမယ်လို့ အမေရိကန် အစိုးရ ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ဌာန(OFAC)  ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

"UWSA ဟာ အရှေ့တောင်အာရှတခွင်မှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့၊ ဖြန့်ချီ ကုန်သွယ်မှု ပြုလုပ်နေ တဲ့အကြီးဆုံးနှင့် အာဏာအရှိဆုံး အဖွဲ့အစည်းတခု ဖြစ်တယ်" ဟု OFACမှ ဒုညွှန်ကြားရေးမှူး ဘာဘရာ စီ ဟမ်မရယ်က ပြောဆိုခဲ့ပါတယ်။ ကင်းပင်းအက်ဥပဒေမှ တားမြစ်ချက်များကို ချိုးဖောက်လျှင် အဖွဲ့အစည်းလိုက်ပါဝင် ပတ်သက်မှု အတွက် ငွေဒဏ် အမေရိကန်ဒေါ်လာ ဆယ်သန်း အထိ၊ တစ်ဦးချင်း ပါဝင်ပတ်သက်မှုအတွက် အမေရိကန်ဒေါ်လာ ၅ သန်းအထိနှင့် ထောင်ဒဏ် နှစ် ၃၀ အထိ ပြစ်ဒဏ်များ ကျခံရနိုင်ပါတယ်။

UWSA သည် တရားမ၀င် မူးယစ်ဆေးဝါးရောင်းဝယ်မှုမှရရှိသော ၀င်ငွေပြီးလျှင် လက်နက်မှောင်ခို ရောင်းချခြင်းမှ ၀င်ငွေရရှိကြောင်း မေလအတွင်းက ထုတ်ပြန်သည့် “ဂျိန်း” စစ်ဘက်လုံခြုံရေး သတင်းဆိုင်ရာ (The Jane’s News Securityreported) ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA အနေနဲ့ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့နှင့် အိန္ဒိယလက်နက်ကိုင်သူပုန်အဖွဲ့များသို့ လက်နက် ရောင်းချခြင်းမှ ငွေကြေးအမြောက်အမြား ရရှိကြောင်း လည်း ဖော်ပြထားပါတယ်။ လတ်တလော လက်နက် ထုတ်လုပ်ရာဒေသသည် တရုတ်-မြန်မာ နယ်စပ်အနီး UWSA ဌာနချုပ်ရှိရာ ပန်ဆန်း မြောက်ဘက် ၁၂၅ ကီလိုမီတာ ခန့်ကွာဝေးပြီး UWSA ခေါင်းဆောင်  ပေါက်ယူချမ်းရဲ့ ဇာတိဖြစ်တဲ့ ၀ တောင် တန်းပေါ်ရှိ ခွေးမနယ်မြေ အတွင်း၌ ဖြစ်ကြောင်းသိရှိရပါတယ်။

ဝ လက်နက်ကိုင်တပ်တွေအနေနဲ့ ရှမ်းပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေ သတောင်းဆိုနေသလို တစ်ဖက်မှာလည်း တပ်ဖွဲ့အင်အားတွေကို တိုးမြှင့်နေပါတယ်။ ၀ဒေသရဲ့စီးပွားရေးမြို့တော်လို့ ခေါ်ဝေါ်သတ်မှတ်ထားတဲ့ ပန်ဆန်း(ခေါ်) ပန်ခမ်း Pang Kham  မှာ ဓာတ်ပုံရိုက်ရင် သေဒဏ်အပြစ်ပေးခံရ ဆိုတဲ့နေရာရှိပါတယ်။အဲဒီနေရာ ကတော့ အဆင့်မြင့် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့စက်ရုံတွေ တည်ရှိတဲ့နေရာ ဖြစ်ပါတယ်။နောက်တစ်နေရာကတော့ ၀ ဒေသရဲ့စစ်ရေးမြို့တော်လို့ သတ်မှတ်ထားတဲ့ မိုင်းမောမှာလဲ ဓာတ်ပုံရိုက်ရင်သေဒဏ်ပေးပါတယ်။

အချုပ်အားဖြင့် ဖော်ပြရမယ်ဆိုရင်UWSA ဆိုတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေ အင်အားတိုးပွား လာတာ၊ ခေတ်မီလက်နက်တွေရှိနေတာ၊ လျှပ်စစ်မီး ၂၄ နာရီရနေတာ၊ ခေတ်မီအဆောက်အအုံတွေ ပေါ်ထွန်းနေတာ တွေဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းကနေ ရရှိလာတဲ့ငွေကြေးတွေကြောင့်  ဖြစ်တယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်တော့ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးတွေ တကယ့်ကို လုံးဝပပျောက်ကင်းစင် ချင်တယ်ဆိုရင်တော့ UWSA ဆိုတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့တွေကို အထူးစောင့်ကြပ်ကြည့်ရှုသင့်ပါ ကြောင်း အသိပေးလိုက်ပါတယ်။

စိုင်းလင်းအောင်
မဲဆောက်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here