သြဂုတ်လ(၁၄)ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာအုပ်စုနှင့် ဝပ်ဆောင်းအုပ်စုတွင် နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေများ စီးဆင်းကာ ကျောက်ခွဲလုပ်သား တစ်ဦး ပျောက်ဆုံးပြီး နေအိမ်များအတွင်းနှင့် စိုက်ခင်းများပေါ်သို့ သဲနုန်းများငါး ပေခန့်အထိ ဖုံးလွှမ်းခဲ့ကြောင်း ယင်းမြို့နယ် ဒေသခံများထံမှ သိရသည်။
“ဒီလ ၉ ရက်နှင့် ၁၀ ရက် မိုးကနှစ်ရက်ဆက်တိုက် ရွာလိုက်တော့ တောင်ပေါ်ကနေ တောင်ကျရေတွေက နမ့်ဖူးချောင်းထဲကို အရှိန်နဲ့ စီးဆင်းလာတယ်။ အဲဒီချောင်းဘေးမှာရှိတဲ့ ကတ်ဝုန်းရွာကို ရေတွေနဲ့ အတူပါလာတဲ့ သဲနုန်းတွေ ဖုံးလွှမ်းသွားလို့ အိမ် ၂၈ လုံးကတော့ ရေ ငါးပေလောက် ဝင်ကုန်ပြီး ခုနစ်အိမ်ကတော့ သဲနုန်းတွေ ငါးပေလောက်အထိ ဖုံးသွားတယ်” ဟု ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဦးက The Voice သို့ ပြောကြားသည်။
ယင်းတောင်ကျရေများ အရှိန်ဖြင့် ထိုးဆင်းလာမှုကြောင့် အဆိုပါရွာမှ တစ်ဦး၊ ကျောက်ခွဲစက်လုပ်သား တစ်ဦးနှင့် အိမ်မွေးတိရစ္ဆာန်များ ရေစီးနှင့်အတူ မျောပါသွားကြောင်း၊ ရေကျချိန်တွင် အသက် ၆၀ အရွယ် ဦးစိုင်းလုံကို ရွှံ့နွံများထဲမှ အသက်ရှင်လျက် ပြန်လည်ရှာဖွေ တွေ့ရှိသော်လည်း အသက်၃၀ နှစ်အရွယ် ကျောက်ခွဲစက်လုပ်သား ကျော်ရဲအောင်မှာ မူ ပျောက်ဆုံးလျက် ရှိကြောင်း ၎င်းကဆိုသည်။
“အခုလိုရေကြီးပြီး ရွှံ့နွံတွေ တစ်ရွာလုံးကို ဖုံးလွှမ်းသွားတာ လွန်ခဲ့တဲ့ ၄၁ နှစ်ကတော့ ဖြစ်ဖူးတယ်။ ဒါပေမဲ့ အခုလောက် မဆိုးဘူး။ ရွာအလယ်မှာရှိတဲ့ ချောင်းကူးတံတားတောင် ရွှံ့နွံတွေနဲ့ ဖုံးကုန်လို့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ကူးလို့မရတော့ဘူး။ ရွာကတစ်ယောက်တောင် ရွှံ့နွံထဲမြုပ်နေတာ ခေါင်းပဲပေါ်တော့တယ်” ဟု ကတ်ဝုန်းရွာမှ အသက် ၇၄ နှစ်အရွယ် ဒေါ်ပါခမ်းက The Voice သို့ ပြော ကြားသည်။
ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာအုပ်စုနှင့် ဝပ်ဆောင်းကျေးရွာအုပ်စုရှိ လယ်မြေ ၃၃၂ ဧကခန့် ရေလွှမ်းမိုးသွားကာ ၇၀ ဧကခန့်မှာ ရွံ့နွံနှင့် သဲနုန်းများ ဖုံးလွှမ်းကုန်ကြောင်း ယင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
အဆိုပါကျေးရွာရှိ ရေဝင်ရောက်မှုနှင့် သဲဖုံးလွှမ်းအိမ်ခြေ ၂၈ အိမ်မှ အိမ်ထောင်စုဝင် ၁၃၆ ဦးကို နီးစပ်ရာဆွေမျိုးများ နေအိမ် သို့ ပြောင်းရွှေ့ပေးခဲ့ခြင်းနှင့် ချောင်းအတွင်း ပိတ်ဆို့နေသည့် အမှိုက်များ ရှင်းလင်းခြင်း၊ အပျက်အစီးများ ဖယ်ရှားခြင်းများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီများ စုစုပေါင်း ၁၅၀ ဦးခန့် လာရောက် ကူညီပေးကြောင်း ယင်းကျေးရွာဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
The Voice Weekly