Tuesday, October 22, 2013
ဒေသခံပလောင်လူမျိုး(၃၅)မျိုးဦးအား TNLA အဖွဲ့မှ လူသစ်မပေးနိုင်သောကြောင့်ဟု အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်
Categories :
အောက်တိုဘာ ၂၁
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်စန်မြို့နယ်၊ နမ္မလင်းကျေးရွာနေ ဒေသခံပလောင်လူမျိုး(၁၉)ဦးအား အောက်တိုဘာ(၁၅)ရက်နေ့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်တော် (TNLA)အဖွဲ့မှ လူသစ်မပေး နိုင်သောကြောင့်ဟု အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို အောက်တိုဘာ (၁၄)ရက်နေ့ တွင်လည်း မိုင်းပွန်အုပ်စု နမ့်ဆောင်ကျဲ ကျေးရွာအနီး၌ တောင်ယာခုတ်နေသော ဒေသခံပလောင်လူငယ်(၁၆)ဦး အား TNLA ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရှိရသည်။
“လွန်ခဲ့တဲ့နှစ်ရက်က TNLA အဖွဲ့တစ်ဖွဲ့ ဒီနမ္မလင်းရွာထဲကို ၀င်လာပါတယ်။ ရွာသူကြီးအိမ်ကိုသွားပြီး သူတို့ တောင်းထားတဲ့ လူသစ်ပေးဖို့ ပြောပါတယ်။ လူသစ်မပေးနိုင်လို့ဆိုပြီး တွေ့တဲ့ရွာသူ၊ ရွာသားတွေကို ဖမ်းခေါ်သွားတာပါပဲ” ဟု ယင်းရွာသား တစ်ဦးက ပြောပြသည်။
TNLA အဖွဲ့မှ ဖမ်းဆီခေါ်ဆောင်သွားသော ရွာသူရွာသား(၁၉)ဦးတွင် အမျိုးသမီး(၃)ဦးပါရှိကြောင်း၊ ကျန်းမာရေး ဆရာမဒေါ်နွယ်နီအေးလည်း ပါသွားပြီ အောက်တိုဘာ ၁၉ ရက်နေ့တွင် ၎င်းရွာသို့ ပြန်လည် ရောက်ရှိလာခဲ့သော်လည်း ကျန်(၁၈)ဦးအား အဆိုပါအဖွဲ့မှ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ယင်းက ဆက်လက် ပြောပြသွားခဲ့သည်။
“ကျွန်မအဖေက (၇၄)နှစ်ရှိပါပြီ။ TNLA အဖွဲ့က ဖမ်းတဲ့အထဲပါသွားပါတယ်။ အသက်ကြီးနေတဲ့ လူကိုတောင် အလွတ်မပေးတဲ့ အဲဒီအဖွဲ့ကို ကျွန်မကတော့ လုံးဝမကျေနပ်ဘူး၊ ကျွန်မအဖေတစ်ခုခုဖြစ်သွားရင် ကျွန်မတို့ မိသားစုပဲ ဒုက္ခရောက်မှာ၊ ပြန်လွတ်မပေးရင် တရားဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ ဆက်လက်ကြိုးစားသွားမှာပါ” ဟု ယင်းရွာခံအမျိုးသမီးတစ်ဦးက ဆိုသည်။
TNLA အဖွဲ့မှ အောက်တိုဘာ(၁၄)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံပလောင်လူငယ်များထဲ တွင်အသက်(၁၆)နှစ် သာ ရှိသေးသော ယောက်ျားလေး(၁)ဦးနှင့် အသက်(၁၅)နှစ်ရှိ မိန်းကလေး(၂)ဦးပါ သွားကြောင်း၊ ယောက်ျားလေး(၉)ယောက်နှင့် မိန်းကလေး(၇)ယေက် စုစုပေါင်း(၁၆)ယောက်ဖြစ်ပြီး မိဘများမှာ သားသမီးများအတွက် စိုးရိမ်ပူပန်နေကြရကြောင်းနှင့် အမြန် ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် တရား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်မည့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအား အကူအညီတောင်းခံထား ကြောင်း ယင်းဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
စိုင်းကောင်းခန့်
Subscribe to:
Post Comments (Atom)