Saturday, August 31, 2013

ရှမ်းမျိုးနွယ် အုပ်စုတွင်း ထည့်သွင်းခြင်းကို တအာင်း လူငယ်များ လက်မခံ

0 comments
31.8.2013

တပ်မတော်အစိုးရ လက်ထက်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ တွင် နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ် ၁၃၅ မျိုး ရှိသည်ဟု သတ်မှတ် ထုတ်ပြန်ခဲ့ပြီး တအာင်း လူထု၏ ဆန္ဒသဘောထား မပါဘဲ ရှမ်းမျိုးနွယ် အုပ်စုထဲသို့ ထည့်သွင်းခြင်းကို တအာင်း လူငယ်များက လက်မခံနိုင်ကြောင်း လားရှိုးမြို့ အခြေစိုက် တအာင်း ကျောင်းသား လူငယ်များ အဖွဲ့က (၄၂) ကြိမ်မြောက် တအာင်းအမျိုးသား စာပေနေ့ အထိမ်းအမှတ်နေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် သဘောထား ထုတ်ပြန်လိုက်သည်။

တအာင်း (ပလောင်) လူမျိုးတို့သည် မွန်ခမာ မျိုးနွယ်ဝင်ဖြစ်ပြီး မနုဿဗေဒ ပညာရှင်များက မွန်၊ ဝ၊ ပလောင်လူမျိုးတို့သည် မြန်မာ နယ်မြေအတွင်းသို့ ပထမ သို့မဟုတ် ဒုတိယအစောဆုံး အခြေချ နေထိုင်သော မွန်ခမာ မျိုးနွယ်များက ဖြစ်သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရ တာဝန်ရှိသူများ အနေဖြင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း မကောက်ခင် တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးနှင့် တအာင်း (ပလောင်) လူမျိုးကို အခြားမျိုးနွယ်စု စာရင်းထဲကို မှားယွင်း သတ်မှတ် ထားမှုကို မှန်ကန်စွာ ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း ယင်းကြေညာချက်တွင် တိုက်တွန်းထားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် သတ်မှတ်ခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးတွင် ရှမ်း ၃၃ မျိုး ထည့်သွင်းထားပြီး ရှမ်းကြီးနှင့် တိုင်းလုံ အတူတူကို နှစ်မျိုး ထည့်ထားသကဲ့သို့ ရှမ်းကလေး၊ ရှမ်းနီ၊ တိုင်းသျှံတို့ သုံးမျိုးမှာလည်း အတူတူ ဖြစ်ကြောင်း၊ တိုင်လေနှင့် ရှမ်းတရုတ်မှာ အတူတူဖြစ်ပြီး တိုင်လွယ်ဟု ဆိုကာ ပလောင်အတွင်း ထည့်သွင်း ထားကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက် အတွင်းအရေးမှူး ဦးစိုင်းလိတ်က မှတ်ချက်ပြု ပြောဆိုသည်။

တိုင်းရင်းသား ၁၃၅ မျိုးသည် အခြေအမြစ် မရှိကြောင်း တအာင်း လူငယ် များ ထောက်ပြသကဲ့သို့ တအာင်း ပလောင်များသည် ရှမ်းအုပ်စုတွင် မပါဝင်ဘဲ မွန်ခမာ အုပ်စုတွင်သာ ပါဝင်ပြီး တအာင်း သီးသန့်သာ ဖြစ်သည် ဟု ၎င်းက ဆိုသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here