Friday, August 23, 2013

ထီးခီးနယ်စပ်ဂိတ်တွင် မြန်မာငွေစက္ကူ အတုများဖြင့် ဖမ်းမိခဲ့သော ထိုင်းလူမျိုး နှစ်ဦးအား ပြစ်ဒဏ်ချမှတ်

0 comments


သြဂုတ်လ(၂၃)ရက်

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲရှိ ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်ဂိတ်တွင် ယခုနှစ် မေလ ၂၁ ရက်က ထိုင်းလူမျိုး နှစ်ဦးအား မြန်မာငွေစက္ကူအတု လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေလ ၂၁ ရက် နံနက် ၁၀ နာရီက ထီးခီးနယ်စပ်ဂိတ် အနီးတွင် ထိုင်းနိုင်ငံဘက်မှ ၀င်ရောက်လာသည့် ထိုင်းလူမျိုး တစ်ဦးမှ မြန်မာငွေ ကျပ် ၅၀၀၀ တန် တစ်ရွက်အား ထိုင်းဘတ်ငွေ ၁၂၀ ဖြင့် လဲလှယ်ရန် ပြောဆိုနေသဖြင့် မသင်္ကာ၍ ထီးခီးကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ လ/ထ ကြီးကြပ်ရေးမှူး၊ အကောက်အခွန် ဦးစီးမှူး၊ လ/ထ လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူး၊ အစိုးရ ရုံးအဖွဲ့မှ ဦးစီးအရာရှိတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာ ငွေစက္ကူမှာ အတုဖြစ်နေသဖြင့် ၎င်းနှင့် မလှမ်းမကမ်းတွင် ရှိနေသော ဇနီးဖြစ်သူအား ဆက်လက်ရှာဖွေရာ လွယ်အိတ်အတွင်းမှ မြန်မာငွေစက္ကူ ကျပ် ၅၀၀၀ တန်နှင့် ကျပ်၁၀၀၀ တန်အသေး အတုများနှင့် အခြားပစ္စည်းများကို စစ်ဆေး တွေ့ရှိရ၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သိမ်းဆည်းရမိသော ပစ္စည်းများမှာ ထိုင်းလူမျိုး Mr.Sukrit (ခ) တာဟူး (၅၇) နှစ်၊ အဖ Mr.Chupha Ratchabri ၏ AA-၁၄၈၇၂၀၇ နံပါတ် ပတ်စ်ပို့တစ်ခု၊ ၎င်း၏ ဇနီးဖြစ်သူ Mrs.Sukanya (ခ) မစ္စစ်ချန် (၄၁) နှစ်၊ အဘ Mr.Chudae ၏ H-၈၁၄၄၂၁ နံပါတ်ပါ ပတ်စ်ပို့တစ်ခုနှင့် မှတ်ပုံတင်တစ်ခု၊ မြန်မာငွေစက္ကူ ကျပ် ၅၀၀၀ တန်အတု ၁၉၄ ရွက်၊ မြန်မာငွေစက္ကူ ကျပ် ၁၀၀၀ တန် အသေးအတု ၁၀၀ ရွက်နှင့် ချည်လွယ်အိတ် အညိုရောင် တစ်လုံး၊ CASIO တံဆိပ်ပါ ဂဏန်းပေါင်းစက် DS828V တစ်လုံးနှင့် NOKIA လက်ကိုင်ဖုန်း နှစ်လုံး၊ ထိုင်းဆင်းကတ် နှစ်ကတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိမှုကို ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းမှ ရဲကင်းမှူး ဒုရဲအုပ် သန်းနိုင်မှ ထားဝယ်မြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ ဇွန် ၁၈ ရက်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့စခန်း၏ (ပ) အမှတ် ၁၈၂။ ၂၀၁၃ အရ တရားခံ Mr.Sukrit နှင့် Mrs.Sukanya တို့ နှစ်ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉ (ခ)-(ဂ) အရ အရေးယူ ပေးပါရန် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ထားဝယ်ခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။

တရားခံ နှစ်ဦးက အပြစ်မရှိကြောင်း ထုချေကြပြီး သက်သေကဲ့သို့ အစစ်ဆေးခံခဲ့ကြပြီး တရားခံပြသက်သေ နှစ်ဦးကိုလည်း စစ်ဆေးခဲ့ကြောင်း တရားရုံး မှတ်တမ်းများအရ သိရသည်။ သြဂုတ် ၂၂ ရက်တွင် ထားဝယ်ခရိုင် တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉ (ဂ) အရ တရားခံ နှစ်ဦးဖြစ်သူ ထိုင်းနိုင်ငံသားများ ဖြစ်သည့် Mr.Sukrit (ခ) တာဟူး (၅၇) နှစ်၊ အဘ Mr.Chupha Ratchabri နှင့် Mrs.Sukanya (ခ) မစ္စစ်ချန်(၄၁) နှစ် ၊ အဘ Mr.Chudae မ၊ ၈၈ တန်ထပ်တဘိုရပ်ကွက်၊ ကြောင့်ဘေ မြို့နယ်ခွဲ၊ လှပုလီမြို့ ၊ ထိုင်းနိုင်ငံ နေသူတို့အား အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။ တရားခံများကို လက်ရှိအချိန်တွင် ထားဝယ် အကျဉ်းထောင်တွင် ထားရှိထားပြီး ပြစ်ဒဏ်ကို မကျေနပ်ပါ က တိုင်းဒေသကြီး တရားလွှတ်တော်သို့ အယူခံ ၀င်ရောက်နိုင်ကြောင်း ခရိုင်တရားရုံးက အမိန့်ချခဲ့သည်။ တရားခံ နှစ်ဦးထံမှ သိမ်းဆည်းရမိသော မြန်မာငွေကျပ် ၅၀၀၀ တန်အတုများတွင် ဃမ-၂၁၆၉---၊ကပ-၄၃၂၃---၊နင-၇၁၂၃---နှင့် ကခ-၇၈၂၃--- နံပါတ်များပါရှိသော ငွေစက္ကူ အတု ၁၉၄ ရွက်နှင့် မြန်မာငွေကျပ် ၁၀၀၀ တန်အသေး အတုများတွင် ကပ-၂၂၄၉--- နံပါတ်ပါရှိသော ငွေစက္ကူအတု ၁၀၀ ရွက်တို့ ဖြစ်ကာ ငွေစက္ကူ အချို့မှာ နံပါတ်တူများ ဖြစ်ကြောင်း တရားရုံးမှတ်တမ်း များအရ သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here