သြဂုတ်လ(၂)ရက်
တူးဖော်တွေ့ရှိခဲ့သည့် ဗုံးသီးများကို တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဆတ်ချောင်းကျေးရွာတွင် စစ်ကျန်ဗုံးသီးများ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဆတ်ချောင်းကျေးရွာရှိ ရာဘာခြံ တစ်ခြံတွင် ရာဘာပင်စိုက်ရန် မြေတူးရာမှ စစ်ကျန်ဗုံးသီး ၁၁ လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၁၀ နာရီက ဆတ်ချောင်းကျေးရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာတွင်ရှိသော ရာဘာခြံဝင်းအတွင်း ဆတ်ချောင်းရွာနေ တာဝန်ခံ ဦးစိုးအောင်နှင့် အလုပ်သမား နှစ်ဦးတို့က ရာဘာပင်စိုက်ရန် မြေတူးစဉ် အမာခံအား တူးမိ၍ ဆက်လက်တူးဖော်ရာ အလျား ၃၆ လက်မ၊ အချင်း ရှစ်လက်မခန့်ရှိ ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိခဲ့သဖြင့် ဆက်လက် တူးဖော်ရာ လုံးပတ်တူ အရွယ်တူ ဗုံးသီး ၁၀ လုံးအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးသီးများကို ပဲခူးအမှတ်(၃) နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အလျား ၃၆ လက်မ၊ အချင်း ရှစ်လက်မခန့်ရှိပြီး ဗုံးသီးဟောင်း ရှစ်လုံးမှာ ထိပ်ဖူးပါပြီး ကျန်ဗုံးသီးဟောင်း သုံးလုံးမှာ ထိပ်ဖူးမပါကြောင်းနှင့် လေယာဉ်ပေါ်မှ ပစ်ချရသည့် ဗုံးသီးများ ဖြစ်ဖွယ်ရှိကြောင်း သိရသည်။
EMG