သြဂုတ်လ(၂)ရက်
မြ၀တီနယ်စပ်မြို့သို့ တစ်ခုတည်းသော ကုန်သွယ်လမ်းရှိရာ ဒေါနတောင်ပေါ်တွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ဇူလိုင် ၂၈ ရက် ညပိုင်းမှ တောင်ပြိုမှု ဖြစ်ပွားကာ သြဂုတ် ၁ ရက်ထိ မော်တော်ယာဉ်များ သွားလာ၍ မရသေးကြောင်း သိရသည်။
ဒေါနတောင်ပေါ်တွင် မိုင်တိုင်အမှတ် (၈၂။ဝ)မှ မိုင်တိုင်အမှတ် (၉၃။၃)အထိ တောင်ကမ်းပါး ပြိုကျပြီး လမ်းပိတ်သည့် နေရာ ၄၂ နေရာ ဖြစ်ပေါ်ခဲကြောင်း၊ ၀ါးစကင်း၊ ချောက်ကမ်းပါး နေရာနှင့် ဖြတ်လမ်းကြီး ကွေတ တို့တွင် ပြိုဆင်းမှု အများဆုံးနှင့် အကြီးစား ပြုပြင်ရန် လိုအပ်ကြောင်း ဒေါနတောင်ကြောတလျှောက် လမ်းရှင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဗျူဟာအဖွဲ့ အခြေချ၊ (သင်္ဃန်းညီနောင်)မှ အရာရှိတစ်ဦးက ပြောသည်။
တောင်ပြီုမှု စတင်ဖြစ်ပွားသည့် နေ့မှစ၍ အများဆုံး ပိတ်ဆို့မှု ဖြစ်ပွားသည့် နေရာဖြစ်သော မိုင်တိုင် ၈၂။ ၀၊၈၂။ ၄၊၈၅။ ၇၊၈၆။ ၂၊၈၆။ ၇၊၈၇။ ၇၊၈၈။ ၁၊၈၈။ ၆၊၈၉။၃ တို့ တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး စစ်ဗျူဟာအဖွဲ့ အခြေချ (သင်္ဃန်းညီနောင်) မှ အင်အား ၄၅ ဦး၊ မြ၀တီခရိုင်မှ ရဲတပ်ဖွဲ့ ဝင်များနှင့် မြန်မာ့ဆောက်လုပ်ရေး လမ်းလုပ်သားတို့  ပူးပေါင်းအဖွဲ့ မှ လူနှင့်ဆိုင်ကယ် သွားလာ၍ ရရှိနိုင်ရန် ဆောင်ရွက်နိုင်ခဲ့သော်လည်း ဖြတ်လမ်းကြီးကွေ့အနီး မိုင်တိုင်အမှတ် (၈၉။၃)နေရာတွင် သြဂုတ်၁ ရက်ထိ ဆိုင်ကယ် သွားလာရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
''အဓိက ကတော့ ဆိုင်ကယ်နှင့် ကားလေးတွေ သွားလာလို့ရအောင် လူအား၊ စက်အားနဲ့ ဆောင်ရွက်နေပါတယ်။ ကုန်ကားကြီးတွေကတော့ လမ်းကြံ့ခိုင်မှု စိတ်ချရမှသာ သွားလာလို့ရမှာ ဖြစ်တဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုထိတော့ ကြာပါမယ်။ ဆောက်လုပ်ရေး ၀န်းကြီးလည်း ဖြစ်ပျက်မှု အခြေအနေကို လာရောက် ကြည့်ရှုသွားပြီး ဖြစ်ပါတယ်'' ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားခဲ့သည်။
ဒေါနတောင်ပတ်လမ်း၏ အပေါ်ဖက် တောင်ကမ်းပါး၊ မြေသား၊ ခဲလုံးကြီးများ သစ်ပင်များ ပြိုလဲမှု ဖြစ်သလို အချို့နေရာများတွင် လမ်းနှုတ်ခမ်းသား အောက်ခြေလှိုက်စားကာ ဂလိုင်ကြီးများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
''လမ်းပေါ်မှာ ပိတ်နေတဲ့ မြေသားနဲ့ ခဲလုံးကြီးတွေက ထုနဲ့ထည်နဲ့ဆိုတော့ ဆိုင်ကယ်ကို နှစ်ယောက် သုံးယောက် ၀ိုင်းမ၊ ၀ိုင်းတွန်းပြီး သွားလာရတယ်။ ကားတွေသွားလာလို့ ရဖို့ကိုတော့ မမျှော်လင့်နဲ့ဦး၊ အပေါ်က မြေပြိုတာထက် လမ်းအောက်ပိုင်း လှိုက်စားပြီး ဂလိုဏ်တွေ ဖြစ်နေတာက အရမ်းအန္တရာယ် များပါတယ်'' ဟု ကော့ကရိတ်မှ ဆိုင်ကယ် တက္ကစီမောင်းသူ တစ်ဦးက ပြောကြားသည်။
EMG
ဒေါနတောင် ပြိုကျမှုကြောင့် မော်တော်ယာဉ်များ သွားလာ၍မရဘဲ ဆိုင်ကယ်များဖြင့်သာ သွားလာ နေကြသည်ကို တွေ့ရစဉ်