သြဂုတ်လ(၂)ရက်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် မြန်မာယူ-၂၃ အသင်းကို ပဏာမ ကစားသမား(၃၀)ဦးဖြင့် စတင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခုဖွဲ့စည်းလိုက်သော ယူ-၂၃ အသင်းတွင် နာမည်ကြီး ကစားသမားများ ပါဝင်လာသလို မျက်နှာသစ် ကစားသမား အချို့လည်း ရွေးချယ်ခံခဲ့ရသည်။ ထို့ပြင် ဒဏ်ရာပြဿနာကြောင့် ကာလတန်ကြာ အနားယူနေရသူ တိုက်စစ်မှူး ကျော်ကိုကိုမှာလည်း ပြန်လည်ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။ ကျော်ကိုကိုမှာ နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် ပြဿနာ ဖြစ်ပွားခဲ့သောကြောင့် လက်ရွေးစင်အသင်းမှ (၂)လပွဲပယ် ခံထားရသူဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်မှာ ပြီးဆုံးသွားပြီလည်း ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းကို ပြီးခဲ့သည့် မေလအတွင်းက ပဏာမ ကစားသမား(၃၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းအသင်းမှ ကစားသမား (၁၉)ဦးသာ ပြန်လည်ပါဝင်လာကာ မျက်နှာသစ် ကစားသမားများအဖြစ် ရန်အောင်လင်း၊ မောင်မောင်သန့်၊ ဆက်ဖြိုးဝေ တို့ ပါဝင်လာခဲ့သည်။
မြန်မာယူ-၂၃ အသင်းသည် လာမည့် သြဂုတ်(၁၂)ရက်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လ နောက်ဆုံးပတ်တွင် (၂)သင်းခွဲ၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။ ထို့ပြင် စက်တင်ဘာ(၆) ရက်တွင် ဟောင်ကောင် လက်ရွေးစင်အသင်း၊ အောက်တိုဘာ(၁၅)ရက်တွင် ဗီယက်နမ် ယူ- ၂၃ အသင်းတို့နှင့် ခြေစမ်း ကစားမည်ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံတွင်လည်း လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ ဂျပန်လက်ရွေးစင် အရန်အသင်းနှင့်လည်း ခြေစမ်းကစားရန် စီစဉ်နေကြောင်း သိရသည်။
ပဏာမ မြန်မာယူ-၂၃ အသင်း
ဂိုး - ပြည့်ဖြိုးအောင် (Southern)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ရန်အောင်လင်း (ဟံသာဝတီ) နောက် - ဇော်မင်းထွန်း၊ ရန်အောင်ဝင်း၊ သက်နိုင်၊ ရဲဝင်းအောင် (ရတနာပုံ)၊ သိန်းသန်းဝင်း (KBZ)၊ နန္ဒကျော် (မကွေး)၊ ကောင်းမြတ်ဦး၊ မင်းကိုသူ(ရခိုင်)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ အောင်ဇော် (ဟံသာဝတီ)၊ လယ် - ကြည်လင်း၊ ဒေးဗစ်ဒန်း၊ ဆက်ဖြိုးဝေ(ရန်ကုန်)၊ မောင်မောင်သန့် (ရခိုင်)၊ ရဲလင်းအောင်၊ စိုးပိုင်သွေး(ဇေယျာရွှေမြေ)၊ ထူးထူးအောင်၊ ဟိန်းဇာအောင်၊ မျိုးဇော်ဦး (မကွေး)၊ ကျော်ဇေယျာဝင်း(KBZ)၊ နန္ဒလင်းကျော်ချစ်၊ နေလင်းထွန်း (ဧရာဝတီ)၊ ရှေ့ - ကောင်းစည်သူ၊ ဒွေးကိုကိုချစ်(ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)
EMG