သြဂုတ်လ(၂)ရက်
အိန္ဒိယ နှင့် တရုတ် တပ်မတော်တို့သည် Hand-in-hand ( HiH ) အမည်ရှိ အကြမ်းဖက် နှိမ်နင်းရေး ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ကို ၂၀၁၃ ခုနှစ် အကုန်တွင် ပြန်လည် စတင်ရန် စီစဉ်ထားကြောင်း CNA သတင်းဌာန ၏ Newsnow သတင်းတစ်ပုဒ် အရ သိရသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ မှ နိုဝင်ဘာလ အတွင်း တရုတ်နိုင်ငံတွင် ပြုလုပ်မည့် တတိယအကြိမ် Hand-in-hand ( HiH ) ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း နှင့် စပ်လျဉ်းသည့် အစီအစဉ် ရေးဆွဲရန် နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA ၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ သည် ၂၀၁၃ ခုနှစ် သြဂုတ်လ အကုန်တွင် ကိုးလ်ကတ္တားမြို့ ရှိ အိန္ဒိယ အရှေ့ ပိုင်း စစ်ဌာနချုပ် သို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် Hand-in-hand ( HiH ) ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းကို ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့ ၌ လည်းကောင်း ၊ ဒုတိယအကြိမ် ကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ Belgaum မြို့၌ လည်းကောင်း အသီးသီး ပြုလုပ်ခဲ့ပြီး အဆိုပါ စစ်ရေး လေ့ကျင့်ခန်း များတွင် နှစ်နိုင်ငံ တပ်မတော်များမှ တပ်ဖွဲ့ဝင် ၁၀၀ မှ ၁၅၀ ဦးခန့် ပါဝင် လေ့ကျင့်ခဲ့ကြောင်း သိရသည်။ အကြောင်း အမျိုးမျိုးကြောင့် ၄င်း ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်နိုင်ခြင်း မရှိသည်မှာ ၅ နှစ်ရှိပြီ ဖြစ်ကြောင်း ၊ တတိယအကြိမ် မြောက် Hand-in-hand ( HiH ) ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ကျင်းပ ပြုလုပ်ရေး ဆုံးဖြတ်ချက် ကို ဇူလိုင်လ အစောပိုင်းတွင် တရုတ်နိုင်ငံ သို့ ရောက်ရှိခဲ့သော အိန္ဒိယ ကာကွယ်ရေး ၀န်ကြီး အေကေအန်တိုနီ ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့၏ အလည်အပတ် ခရီးစဉ်အတွင်း အတည်ပြု ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ချစ်သား