Tuesday, August 20, 2013

မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ် ၁၀၀၀ ကို ကိုရီးယားနိုင်ငံမှ အခမဲ့ ခွဲစိတ်ပေးမည်

0 comments

သြဂုတ်လ(၂၀)ရက်
Photo: မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ် ၁၀၀၀ ကို ကိုရီးယားနိုင်ငံမှ အခမဲ့ ခွဲစိတ်ပေးမည် 

20.8.2013

ကိုရီးယားနိုင်ငံ အခြေစိုက် GIC (Global Image Care) အဖွဲ့မှ မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၁၀၀၀ ကို အခမဲ့ ခွဲစိတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ ဆင်းရဲနွမ်းပါးပြီး ခွဲစိတ်ကုသရန် မတတ်နိုင်သည့် ကလေးငယ်များ အတွက် အဓိကထား ခွဲစိတ်ကုသပေးနေပြီး ငါးနှစ်အတွင်း နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၁၀၀၀ အား ခွဲစိတ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုများကို အင်းစိန်မြို့နယ်ရှိ ကေဘီစီ ဆေးရုံတွင် ပြုလုပ်ပေးလျက်ရှိပြီး တစ်နှစ်လျှင်ပျမ်းမျ နှစ်ကြိမ်ခန့် ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးကြောင်း သိရသည်။

''ကလေးတွေကို ခွဲစိတ်မှု မပြုလုပ်ခင်မှာ ခွဲစိတ်ဖို့ သင့်မသင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုတွေ လုပ်ရတယ်။ အဲဒီအခါ ဒီဆေးရုံမှာ စစ်ဆေးလို့ မရတဲ့ ဟာတွေကို တခြားဆေးရုံတွေမှာ သွားစစ်ရင် ကုန်ကျမှုလေးတွေ ရှိတယ်။ အဲဒါကိုတော့ လူနာရှင်တွေ ဘက်ကနေ ကုန်ကျခံရတာပါ။ သူတို့ဘက်က ခွဲစိတ်မှုတွေကို အခမဲ့ လုပ်ပေးတယ်။ ကျွန်တော်တို့ ဘက်ကတော့ လူနာတွေအတွက် နေဖို့နေရာတွေ ပေးထားတယ်။ တချို့ နယ်ဝေးကလာတဲ့ သူတွေဆိုရင် နေစရာမရှိ စားစရာမရှိတဲ့ လူတွေတောင် ရှိပါတယ်။ အဲဒီလိုလူတွေ အတွက်ကျတော့ ဒီဆေးရုံကနေ တတ်နိုင်သလောက် ကူညီပေးပါတယ်'' ဟု ကေဘီစီ ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစောဂျီအေးဝေက ပြောပြခဲ့သည်။

ယင်းကဲ့သို့ အခမဲ့ ခွဲစိတ်မှုများကို ၂၀၁၂ အောက်တိုဘာမှ စတင်ကာ ကေဘီစီ ဆေးရုံတွင် ခွဲစိတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုနှစ်အတွက် ဖေဖော်ဝါရီမှ သြဂုတ်ထိ ခွဲစိတ်ပြီး ကလေးငယ်ပေါင်း ၁၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအတွက် ခွဲစိတ်ကုသမှုများကို လာမည့် အောက်တိုဘာလတွင် ထပ်မံပြုလုပ်ပေးမည့်အပြင် သည်းခြေ ကျောက်တည်သော လူနာများကိုပါ လာမည့် စက်တင်ဘာလတွင် အခမဲ့ ခွဲစိတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ရာတွင် ငါးလသား အရွယ်မှ အသက် ၂၀ အရွယ်ထိ ပါဝင်ပြီး ခွဲစိတ်ကုသမှု ခံယူသူများအနက် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးငယ်များမှာ ပိုမိုများပြားကြောင်း သိရသည်။

အချို့သော နယ်မြို့များရှိ ကလေးငယ်များမှာ ခွဲစိတ်ကုသ လိုသော်လည်း ငွေကြေး အခက်အခဲများကြောင့် မကုသနိုင်ခြင်းများ ရှိနေပြီး ကျောင်းနေအရွယ် ကလေးငယ် များမှာလည်း မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ကျောင်းများတွင် စနောက်ခံရခြင်းများ ရှိနေခြင်းကြောင့် ကျောင်းတက်ရန် ဆန္ဒမရှိခြင်းများ ရှိနေကြောင်း သိရသည်။ ယခုကဲ့သို့ ခွဲစိတ်ကုသမှုများကို ပြုလုပ်ပြီးနောက် မူလရုပ်ရည်နှင့် မတူတော့ဘဲ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန် လာမှုကြောင့် ကျောင်းပြန်တက်ရန် ယုံကြည်မှုများ ရှိလာကြောင်း သိရသည်။

''အရင်က နှုတ်ခမ်းကွဲနေတဲ့ ကလေးလေး တစ်ယောက် ရောက်လာပြီး ခွဲဖူးတယ်။ ကလေးက ကျောင်းမတက်ချင်ဘူးဆိုလို့ ဘာလို့လဲမေးတော့ သူ့နှုတ်ခမ်းက သူများနှုတ်ခမ်းနဲ့ မတူဘူး။ အဲဒါကြောင့် ကျောင်းသွားရင် သူငယ်ချင်းတွေက အမြဲတမ်းစတယ်။ အဲဒါကြောင့် ကျောင်းမတက်ချင်ခဲ့ဘူး။ ခုတော့ နှုတ်ခမ်းကလည်း အရင်လို မဟုတ်ဘူး။ လှသွားတယ်။ အဲဒါကြောင့် ကျောင်းပြန်တက်တော့မယ်လို့ တက်တက်ကြွကြွနဲ့ ပြန်ဖြေတာ။ ကလေးက သူ့ကိုယ်သူ ယုံကြည်မှုတွေ ပိုရှိသွားတဲ့ ပုံစံနဲ့ပါ'' ဟု အဆိုပါ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

GIC အဖွဲ့သည် မြန်မာနိုင်ငံတွင် ငါးနှစ်အတွင်း လူဦးရေ ၁၀၀၀ အား ခွဲစိတ်ကုသရန် အနိမ့်ဆုံး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းကို အသုံးပြုမည် ဖြစ်သည်။

EMG

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် တစ်ဦးအား ခွဲစိတ်နေသည်ကို သြဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here