သြဂုတ်လ(၂)ရက်
ရွှေတြိဂံဒေသရှိ ကုန်တင်သင်္ဘောများကို တွေ့ရစဉ်
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည့် တာချီလိတ်နယ်စပ်မှ ကုန်သွယ်ရာတွင် သွင်းကုန်ပမာဏမှာ ပို့ကုန်ပမာဏထက် သုံးဆခွဲကျော် ပိုများနေပြီး အဓိကအားဖြင့် ဘိလပ်မြေ၊ စက်သုံးဆီနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ အများဆုံး တင်သွင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန်လ ကုန်အထိ သုံးလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ လေးသန်းကျော်ဖိုးနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားခြင်းကြောင့် သွင်းကုန်မှာ ပို့ကုန်ပမာဏထက် သုံးဆခွဲကျော် ပိုများနေခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အနေဖြင့် တာချီလိတ် နယ်စပ်မှတစ်ဆင့် ဘိလပ်မြေ၊ ဓာတ်ဆီ၊ ဒီဇယ်၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများအပြင် ဆိုင်ကယ် တာယာ၊ လယ်ထွန်စက်နှင့် အပိုပစ္စည်း၊ စားသောက်ကုန်နှင့် သစ်သီးများကို အများဆုံး တင်သွင်းမှု ပြုလုပ်နေပြီး မြန်မာနိုင်ငံဘက်မှ ဆန်အပါအ၀င် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ကတ်ထူစက္ကူနှင့် ကျွန်းသစ်မျိုးစုံအား တင်ပို့မှုများကြောင်း သိရသည်။
ကုန်သွယ်မှု ပြုလုပ်ရာတွင် ဧပြီလတွင် ပို့ကုန်ဒေါ်လာ တစ်သန်းကျော်နှင့် သွင်းကုန်ဒေါ်လာ လေးသန်းကျော်ဖိုး၊ မေလတွင် ပို့ကုန်ဒေါ်လာ နှစ်သန်းကျော်၊ သွင်းကုန်ဒေါ်လာ ခြောက်သန်းကျော်နှင့် ဇွန်လတွင် ပို့ကုန်ပမာဏ ဒေါ်လာ ၀ ဒသမ ၆၂၁ သန်း နှင့် သွင်းကုန်ဒေါ်လာ လေးသန်းကျော်ဖိုး အသီးသီး ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဌာန အနေဖြင့် တာချီလိတ်နယ်စပ်တွင် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC Card) ဖြင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခွင့်ပြု ပေးခဲ့ကြောင်းလည်း သိရသည်။
နယ်စပ်တစ်လျှောက်မှ မြန်မာနိုင်ငံတွင်းသို့ သွင်းကုန်ပစ္စည်းများ တင်သွင်းရာ၌ တရားဝင် ကုန်သွယ်မှုများ ရှိသကဲ့သို့ တရားမ၀င် ကုန်သွယ်မှုများ ရှိနေခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် Mobile Team များဖြင့် ဖမ်းဆီးအရေးယူခြင်းများ ရှိနေပြီး စက်သုံးဆီ မှောင်ခိုတင်သွင်းမှုများလည်း ရှိနေကြောင်း သိရသည်။
Eleven