သြဂုတ်လ(၂)ရက်
ဗြိတိန်အောက်လွှတ်တော် အမတ် John Bercow မိန့်ခွန်းပြောကြားစဉ်
ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် ခန်းမ၌ ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ John Bercow က သြဂုတ် ၁ ရက်တွင် မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံမှ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံတွင် လွှတ်တော်၏ လုပ်ဆောင်မှုများ တိုးတက်ကောင်းမွန် စေရန်အတွက် လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရန် အချက်များကို ထည့်သွင်း ပြောကြားသည်။
''မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုတွေ ပေါ်ပေါက်ပေမယ့် ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုပါတယ်။ ဗြိတိန်နိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လက်ရှိအချိန်အထိ ရရှိခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ရပါဦးမယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်တွေ အားနည်းနေပါသေးတယ်။ အခွင့်အာဏာကို ပြန်လည် ချိန်ညှိနိုင်ဖို့နဲ့ ယခင်ကလို ဖိနှိပ်အုပ်ချုပ်တဲ့ ပုံသဏ္ဌာန်ကို ဖယ်ရှားနိုင်ဖို့ လိုပါတယ်။ နိုင်ငံတကာရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လေးစားလိုက်နာ ရပါမယ်'' ဟု John Bercow က ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ၆၅ နှစ်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူ ကချင်ဒုက္ခသည် တစ်သိန်းကျော်ခန့် ရှိကြောင်း၊ အလားတူ အခြားသော တိုင်းရင်းသား ဒေသများတွင်လည်း စစ်ဘေးရှောင် ဒုက္ခသည် အများအပြား ရှိကြောင်း၊ အမျိုးသား ရင်ကြားစေ့ရေးအား ပီပြင်စွာ အကောင်အထည် ဖော်နိုင်မှသာ အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်ရာတွင် အချိန်မရွေး ပျက်ပြယ်သွားနိုင်သည့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်မျှသာ မဟုတ်ဘဲ စစ်မှန်သည့် လူမှုရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ကာ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရန် ကြိုးပမ်းသင့်ကြောင်း ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌက အကြံပြုသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကောင်းမွန်စွာ ရှင်သန်နိုင်ရန် အတွက် လက်ရှိရေးဆွဲထားသည့် အခြေခံ ဥပဒေသည် အဟန့်အတားတစ်ခု ဖြစ်နေပေသည်။ ထို့ကြောင့် ပြည်သူ့အကျိုးအတွက် အပြည့်အ၀ လုပ်ဆောင်နိုင်ရန် လွှတ်တော်အမတ်များ အနေဖြင့် အဆိုပါ အခြေခံဥပဒေအား ပြင်ဆင်ရန်...
စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိမှသာ ဒီမိုကရေစီ စနစ်သည် ရှင်သန်ဖွံ့ဖြိုး နိုင်သည်ဟု ၎င်းက မှတ်ချက်ပေးသည်။ ဒီမိုကရေစီ စနစ်သည် နေရာတိုင်း၊ အချိန်တိုင်းတွင် မည်သည့်လူမျိုးမဆို လိုက်နာကျင့်သုံးနိုင်သည့် စနစ်တစ်ခု ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်သည် ကောင်းမွန်စွာ ရှင်သန်နိုင်ကြောင်း၊ သို့သော် နိုင်ငံရေး အကျဉ်းသားများ ရှိနေပါက ဒီမိုကရေစီစနစ်ကို အာမ မခံနိုင်ကြောင်း ဆက်လက် ပြောကြားသည်။
ဆက်လက်၍ ''နိုင်ငံရေး အကျဉ်းသားဆိုတာ ရာဇ၀တ်ပြစ်မှုတစ်ခုခုကို ကျူးလွန်မှုမရှိဘဲ သူ့ရဲ့ကိုယ်ပိုင် ခံယူချက်ကြောင့် အကျဉ်းချခံထားရတဲ့ သူတွေကို ဆိုလိုတာပါ။ ဒါဟာ သိသာပါတယ်။ နိုင်ငံရေး လုပ်ဆောင်မှု၊ ယုံကြည်မှု တစ်ခုခုကြောင့် အကျဉ်းချခံရသူ တိုင်းဟာ နိုင်ငံရေး အကျဉ်းသားတွေပါ။ နိုင်ငံရေး အကျဉ်းသား ရှိနေတယ်ဆိုတာ လွတ်လပ်စွာ ကွဲလွဲခွင့် မရှိချင်ဘူး ဆိုတာကို ဖော်ပြနေတာပါပဲ။ ဒါဟာ ဒီမိုကရေစီအတွက် အဟန့်အတား ဖြစ်စေပါတယ်'' ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကောင်းမွန်စွာ ရှင်သန်နိုင်ရန် အတွက် လက်ရှိရေးဆွဲထားသည့် အခြေခံ ဥပဒေသည် အဟန့်အတားတစ်ခု ဖြစ်နေပေသည်။ ထို့ကြောင့် ပြည်သူ့အကျိုးအတွက် အပြည့်အ၀ လုပ်ဆောင်နိုင်ရန် လွှတ်တော်အမတ်များ အနေဖြင့် အဆိုပါ အခြေခံဥပဒေအား ပြင်ဆင်ရန်နှင့် ပြည်သူ့အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်လိုပါက အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်သည့် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကို အလွယ်တကူပင် ရရှိနိုင်သည်ဟု ဝေဖန်သုံးသပ်သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံသို့ ရောက်ရှိစဉ်က တောင်းဆိုခဲ့သလို နှစ်နိုင်ငံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ကာ အတွေ့အကြုံ ဖလှယ်ရန်အတွက် ဗြိတိန်နိုင်ငံမှ ကူညီပေးမည် ဖြစ်ကြောင်း John Bercow က ပြောကြားသည်။
ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ John Bercow သည် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေအား စိတ်ဝင်တစား စောင့်ကြည့်ခဲ့သူ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ နယ်စပ်သို့ လွန်ခဲ့သည့် နှစ်များအတွင်းက မကြာခဏ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသူ တစ်ဦးလည်း ဖြစ်သည်။
EMG