29.8.2013
ဦးခွန်မြင့်ထွန်းဟာ ၁၉၆၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ရန်ကုန်တက္က သိုလ်က ဘူမိဗေဒဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ သထုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး၊ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကို သပိတ်မှောက်ထွက်လာခဲ့ကာ ဖမ်းဆီး ထိန်းသိမ်းထောင်ချခြင်းကိုခံခဲ့ရပါတယ်။ အဲဒီနောက် ၂ဝဝ၃ ခုနှစ်မှာ အကျဉ်းထောင်က ပြန်လွတ်ခဲ့ပြီး PNLO အဖွဲ့အနေဖြင့် ရပ်တည်လှုပ်ရှားခဲ့ကာ လက်ရှိမှာတော့ PNLOရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေ ဆဲဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံပြီး ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအပေါ်နဲ့ လက်ရှိအပစ်အခတ် ရပ်စဲရေးအပေါ် သူ့တို့ရဲ့အမြင်တွေ၊ သဘောတွေကို သိရှိနိုင်ဖို့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြလိုက်တာဖြစ်ပါတယ်။
မြနန္ဒာ-ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းနဲ့ အခုလို တွေ့ဆုံတုန်းမှာ မေးချင်တာလေးတွေရှိပါတယ်။ ပထမဦးဆုံးက PNLO နဲ့ အစိုးရတို့ ပြီးခဲ့တဲ့ (၂၅ . ၈ . ၂ဝ၁၂)နေ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတာ သိရပါတယ်။ အခုဆိုရင် ဒီအပစ်အခတ်ရပ်စဲရေးဟာ (၁)နှစ်ရှိပြီဆိုတော့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အဆင့်က အတော်ခရီးရောက်နေပြီလား ဆိုတာပါ။
ဦးခွန်မြင့်ထွန်း- ကျွန်တော်တို့ ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တောင်ကြီးမြို့ တောင်ကြီးဟိုတယ်မှာ လက်မှတ်ရေးထိုးတယ်။ အခုလွန်ခဲ့တဲ့ မတ်လ (၂၃)ရက်နေ့မှာတော့ ရန်ကုန်မှာရှိတဲ့ မြန်မာပိစ်စင်တာ (Myanmar Peace Center) မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသဘော တူညီမှုလုပ်ခဲ့ပါတယ်။ သြဂုတ်လကလုပ်ခဲ့တာက ပြည်နယ်အဆင့်၊ မတ်လမှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလုပ်တာ (၂)ဆင့်လုံး လုပ်ပြီးပြီပေါ့။
အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့အခါမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုအဆင့်က အတော်ခရီး ရောက်နေပြီလားဆိုတာနဲ့ ပတ်သက်ရင်တော့၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ခရီးရောက်နေပြီလို့ပြောရမှာထက် ခရီးရဲ့အစကိုရောက်ပြီပေါ့။ ခရီးပေါက်ပြီလို့ ပြောလို့မရသေးပါဘူး။ တရုတ်စကားပုံတစ်ခုလိုပဲ ''ဝေးလံခေါင်ထီး မိုင်ထောင်ခရီးကို တစ်လှမ်းခြေက စခဲ့ပြီ''ဆိုသလိုပေါ့၊ ခြေတစ်လှမ်းစပြီလို့ ပြောရမှာပါ။
မြနန္ဒာ-အရင် န.ဝ.တ၊ န. အ. ဖ. စစ်အစိုးရလက်ထက် တုန်းက အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာတွေက ပျက်သွားတာတွေ ရှိခဲ့ တာကြောင့် အခုလုပ်ထားတဲ့ အပစ်အခတ်ရပ်စဲ ရေးကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်ဖို့ကော အလားအလာတွေမြင်ရ လား၊ မြင်ရဖို့အတွက်ဆိုရင် ဘာတွေလုပ်ပေးဖို့ လိုမလဲ။
ဦးခွန်မြင့်ထွန်း- မေးခွန်းနံပါတ် (၁)နဲ့ (၂)က အဆက်အစပ်တွေ ရှိနေပါတယ်။ အရင်က နဝတ၊ နအဖ လက်ထက်က အပစ်အခတ်ရပ်စဲရေးလုပ်တာတွေ ပျက်သွားတာတွေ၊ အခုထပ်အပစ်အခတ်ရပ်စဲရေးလုပ်တာ တွေ။ ဟိုတုန်းကပျက်ခဲ့ဖူးတော့ အခုမယုံဘူးပေါ့။
ဒီတော့ ကျွန်တော်တို့ပအို့ဝ်တွေက အပစ်အခတ် ရပ်စဲရေးလုပ်ကြတဲ့ကိစ္စမှာ ခေတ်(၃)ခေတ်ကိုမှီခဲ့တယ်။ ဟိုတုန်းက ၁၉၅၈ ခုနှစ်က လက်နက်နဲ့ ဒီမိုကရေစီလဲလှယ်ရေးဆိုတဲ့ ရေစီးကြောင်း၊ ၁၉၉ဝ ခုနှစ် ဝန်းကျင် ကျတော့ လက်နက်နဲ့ငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်၊ အခု ၂ဝ၁၁-၂ဝ၁၂ ကျတော့ နိုင်ငံရေး အာမခံချက်အတွက် အဓိကပေါ့။ ဒီလိုမျိုးရေစီး ကြောင်းတွေ (၃)ခုရှိတယ်။
၁၉၅၈ ခုနှစ်က လက်နက်နဲ့ ဒီမိုကရေစီလဲမယ် ဆိုတဲ့ လှိုင်းလုံးမှာ အဲဒီကတော်လှန်ရေးဦးဆောင် အဖွဲ့ဖြစ်တဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ အင်္ဂလိပ်လို (P.N.L.O) က လက်နက်အပ်လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ပအို့ဝ်အမျိုးသားခေါင်းဆောင်ကြီး ဦးလှဖေအပါအဝင် ကျွန်တော်တို့ပအိုဝ့်ခေါင်းဆောင်တွေ အဖမ်းခံရပြီး ထောင်ထဲရောက်ကုန်တယ်။ အဲဒီအခါကျတော့ ဗိုလ်ချုပ်စံသိန်းက ဦးဆောင်ပြီး ဒုတိယ တော်လှန်ရေးကို ပြန်ဆင်နွှဲတယ်။
ဒါပထမဆုံးလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး၊ လက်နက်နဲ့ဒီမိုကရေစီလဲလှယ်ရေးအရ ပအို့ဝ်တွေလဲ အောင်ပွဲမရခဲ့သလို အစိုးရဘက်ကလဲ အောင်ပွဲမရခဲ့ပါဘူး။
အခု ၁၉၉ဝ ခုနှစ်ဝန်းကျင်မှာ အပစ်အခတ်ရပ် စဲရေးလုပ်တော့ ပအို့ဝ်က (၂)ဖွဲ့၊ အရပ်အခေါ်ဆိုရင် ပအို့ဝ်ဖြူ (P.N.O) နဲ့ ပအို့ဝ်နီလို့ခေါ်တဲ့ (ရလလဖ)နှစ် ဖွဲ့စလုံးက အပစ်အခတ်ရပ်စဲရေးလုပ်ကြတယ်။ P.N.O က ၁၉၉၁ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေးလုပ်တယ်။ ရလလဖ က ၁၉၉၄ ခုနှစ်မှာလုပ်တယ်။
အခု ၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ P.N.O က နိုင်ငံရေးပါတီအနေနဲ့ မှတ်ပုံတင်လိုက်တယ်။ P.N.A ကတော့ ပြည်သူ့စစ်ကိုပြောင်းသွားတယ်။ ရလလဖ ကတော့ အစု (၄)စုလောက် ၂ဝဝ၇ ခုနှစ်လောက်မှာ ကွဲပြီးတော့မှ အစုကြီးတစ်စုက တော်လှန်ရေးနယ်မြေ ကို ပြန်ရောက်လာတယ်။
အဲဒီ ၁၉၈၉-၉ဝ မှာလဲ ပအို့ဝ်တွေအနေနဲ့ အောင်ပွဲရပြီလား၊ အမျိုးသားလွတ်မြောက်မှု တော် လှန်ရေးပြီးပြီလားဆိုတော့ မပြီးသေးဘူးပေါ့။ ကျန်တဲ့ တိုင်းရင်းသားတွေက အခုပြန်ပြီးတော့မှ ၁၉၈၉-၉ဝ မှာ လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကနေ တကျော့ ပြန်ပြီးတော့ သေနတ်သံတွေ ပြန်ပြီးထွက်လာတယ်။ ဒါမှလဲ အစိုးရဘက်ကရော၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေဘက်ကရော နှစ်ဖွဲ့စလုံးမှာ အောင်ပွဲ မရကြဘူးလို့ ပြောရမယ်။
အဲဒီမှာ ကျွန်တော်တို့မြင်တဲ့အမြင်အရ ဖြစ်စဉ် တစ်လျှောက်လုံး ပြန်သုံးသပ်ရင် တကယ့်တကယ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုဟာမရှိခဲ့ဘူး။ ဗမာပြည် နိုင်ငံရေးသမိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ အဲဒါတွေကို ဖြေရှင်းဖို့ရာ နိုင်ငံရေးအရ ဆွေးနွေးမှုဆိုတာ မရှိခဲ့ဘူး။ အဲဒါကို အဓိကထားပြီး သုံးသပ်လို့ရတယ်။
ဟိုတုန်းက ကျွန်တော်တို့မမှီတဲ့ ခေတ်တွေရှိတယ်။ ၁၉၆၃ ခေတ်ကာလ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ နိုင်ငံရေးဆွေးနွေးခဲ့ကြတာဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။
၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရမတိုင်ခင် နဝတ၊ နအဖ ခေတ်မှာက စစ်အစိုးရ၊ ဒီလူဒီလူတွေပဲလို့ဆိုပေမယ့်လို့ မူသဘောအရတော့ မတူတာရှိတယ်။ နဝတ၊ နအဖ ဆိုတာ စစ်အစိုးရဖြစ် တယ်။ အခုဒီဘက်ကတော့ သူတို့သည် လူထုဆန္ဒမဲနဲ့ တက်လာတာဖြစ်တယ်။ အရပ်သားအစိုးရဖြစ်တယ် လို့ပြောတယ်။ အဲဒါက ကွာခြားချက်လို့မြင်တယ်။ အဲဒီအတိုင်းပဲလဲဖြစ်ဖို့လိုတယ် အခုအစိုးရက သူတို့ ပြောတဲ့အတိုင်းတော့ဖြစ်ဖို့လိုတယ် ဘာဖြစ်လို့လဲဆို တော့ ၁/၉ဝ ကြေညာချက်ကို ဒီမှာပြန်သတိရချင်ရမယ် ဂန္ဓီအစည်းအဝေးမတိုင်ခင်မှာထုတ်တဲ့ ဒီကြေ ညာချက်ဟာ နဝတ ရဲ့ Road Map လမ်းပြမြေပုံပဲ အခုဒီရှစ်လေးလုံးငွေရတုပွဲမှာ ကျွန်တော်ဆွေးနွေးတဲ့ အဓိကပွိုင့်ကဘာလဲဆိုတော့ ဗမာပြည်မှာရှိခဲ့တွဲျ့သေိ စြေ တွေကို ကျွန်တော်ကအဲဒီဘက်ကနေ ချည်းကပ် ပြပြီး ဆွေးနွေးတာပါ။
ကျွန်တော်တို့မြင်တာက ၁/၉ဝ ကြေညာချက်က အဲဒါ နဝတ ခေတ်ရဲ့ Road Map ပဲ ဟိုးတုန်းက အဲဒီ အသုံးအနှုန်းမတွင်ကျယ်လို့ မသုံးတာပဲရှိမယ်။ အဲဒီမှာသူပြောထားတာက ကျွန်တော်တို့ထင်တာက ရွေး ကောက်ပွဲအနိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲ ဇောင်းပေးထားတာလို့ထင်တာ တကယ်တော့ မဟုတ်ဘူး တိုင်းရင်းသားအဖွဲ့အစည်းတွေပါပါတယ်။ အဲဒီမှာ ဘာရေးထားလဲဆိုတော့ ၁/၉ဝ မှာ ထုတ်ပြန်ကြေညာထားတာက ''တပ်မတော်သည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တဲ့အတွက် မည်သည့် အဖွဲ့တွေနဲ့မှ နိုင်ငံရေးဆွေးနွေးမှာမဟုတ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံရေးအစိုးရမဟုတ်တဲ့အတွက် မည်သည့်အဖွဲ့နဲ့မှ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးခြင်းပြုမည်မဟုတ်ပါ'' အဲဒီအတိုင်း သူကကြေညာချက်ထုတ်ပြီးမှလုပ်တာ။ ဒါကြောင့် အချို့အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ပြောပြတယ်။ သူတို့မလိမ်ဘူး။ ကိုယ့်ဘာသာကိုယ် ဘာသာပြန်မှားတာ အဲဒါကိုယ့်အပိုင်းပဲလို့။
နဝတခေတ်မှာ အဲဒီအတိုင်းလုပ်ခဲ့တယ်။ နအဖ ခေတ် ဗိုလ်ချုပ်ကြီးခင်ညွန့် ၂ဝဝ၃ သြဂုတ်လ ၂၄ ရက်နေ့မှာထုတ်တဲ့ Road Map ၇ဆင့်။ အဲဒီမှာ ၁/၉ဝ ကိုထုတ်ခဲ့တာရော၊ နအဖ ခေတ်မှာလုပ်ခဲ့တဲ့ Road Map ကိုထုတ်ခဲ့တာရော၊ အဲဒါက စစ်အစိုးရတွေဖြစ်တယ်။ စစ်တပ်ဆိုတာ သူပြောတဲ့အမိန့်ကို လိုက်လုပ်ဖို့ ပဲရှိတယ် အခြေခံဖရိန်ကတော့ အဲဒါပဲ စစ်အစိုးရဖြစ်တယ်၊ နိုင်ငံရေးအစိုးရမဟုတ်ဘူး၊ ဒါကြောင့် နိုင်ငံရေးမဆွေးနွေး ဘူး။
ဒါကြောင့် ဒီနေ့ပြောစရာရှိတာက ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုမရှိ သေးဘူး။ ဒါအဓိကကျတဲ့အချက်ပဲ။
ရှစ်လေးလုံးအရေးတော်ပုံနဲ့ပတ်သက်ပြီး ပြောရရင် ဒီအရေးတော်ပုံမှာ ဒီမိုကရေစီရရှိရေး..ဒို့ အရေးလို့ပြောတယ်။ အဲဒီမှာ ဖြေရှင်းပုံဖြေရှင်းနည်းဟာ ဘာနည်းနဲ့ရှင်းမလဲ၊ ဘယ်လိုထူထောင်မလဲ။
ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားက ဒီကနေ့ပြန်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတာဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ တစ်ချက်တည်းကြောင့်မဟုတ်ဘူး။ ရွှေတိဂုံ အနောက်မုခ်မှာ သူပြောခဲ့တယ်။ သြဂုတ်လ ၂၆ ရက် နေ့မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်း စွာဖြေရှင်းရေးတဲ့။ ဒါ သူပထမဦးဆုံးပြောခဲ့တာပဲ။ ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင် ဆန်းစုကြည်ဖြစ်ခဲ့တာ။ တိုင်းရင်းသားအဖွဲ့အစည်းတွေရော၊ လူထုတစ်ရပ်လုံးကပါ ထောက်ခံတာက ဘာလဲဆိုတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာဖြေးရှင်းရေး၊ အဲဒါ ကျွန်တော်တို့ မဖြေရှင်းရသေးဘူး။ တွေ့ဆုံဆွေးနွေးရေးမှာ အစဉ် တစိုက် NLD က တောက်လျှောက်တောင်းဆိုလာတယ်။ ဒါပေမယ့် အခုတော့တစ်မျိုးပေါ့။
အခုနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဆိုတာ အားလုံးမှာတာဝန်ရှိတယ်။ လူထုတစ်ရပ်လုံးက ဒါကို သဘောကျခဲ့တာကိုး။ ဒါဆိုရင် အဲဒီဆွေးနွေးမှုဟာ ဖြစ်နိုင်သလားဆိုရင် ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့မြင် တယ်။ ဘာဖြစ်လိုလဲဆိုရင် အခုအစိုးရက လက်ရှိသူတို့ပြောတဲ့ဆိုတဲ့ လုပ်ကိုင်ဆောက်ရွက်ချက်တွေက အရင်နဲ့မတူဘူး။ အရင်က အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါမှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေအကြားမှာ တချို့ကဆို Gentleman Agreement နဲ့ တချို့ဆို နှစ်ဖက်အပစ်အခတ်ရပ်စဲ ရေးပါပြီဆိုပြီး ဒီလိုပဲလက်မှတ်ထိုးလိုက်တာရှိတယ်။ ဘယ်လိုအကောင်အထည်ဖော်မယ်၊ ဘယ်လိုဆောင် ရွက်မလဲဆိုတဲ့ ဟာမျိုးတွေမရှိဘူး။
ဒီခေတ်မှာက ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီဆိုတာကို ဖွဲ့တယ်။ ဆောင် ရွက်မှုက ပိုစနစ်ကျတာပေါ့၊ ဒီကော်မတီမှာ သမ္မတတွေပါတယ်။ တိုင်းပြည်မှာရှိတဲ့ ပါဝါကြီးတဲ့ပုဂ္ဂိုလ်တွေ နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ ပါတယ်။ တိုင်းမှူးတွေပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေပါတယ်။ အဲဒီလိုမျိုးနဲ့ဖွဲ့ထားတာ။
ဒီလိုပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီလိုမျိုးကို ဖွဲ့စည်းပြီးလုပ်တာကတော့ ကျွန်တော်တို့ အမြင်မှာ ဒါဟာကောင်းတယ်။
ဒီမှာကြားဖြတ်ပြီး ဖြည့်စွက်ဖြေချင်တာက ဦး အောင်မင်းပေါ့ဗျာ။ ဦးအောင်မင်းက ပြုတ်မလိုလို၊ သူ ကပဲထွက်မလိုလို ဖြစ်တယ်ပေါ့ဗျာ။
ဟိုတုန်းက ဗိုလ်ချုပ်ခင်ညွန့်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်တယ်၊ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်သွားရင်၊ မရှိ တော့ဘူးဆိုရင် ဘယ်သူကတာဝန်ယူမလဲ၊ ဘယ်သူက အာမခံမယ်၊ မရှိတော့ဘူး။ ဟိုတုန်းကလဲ ပင်လုံစာ ချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောတူညီမှုတွေ၊ ကတိကဝတ်တွေလုပ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့အခါ ဘယ်သူမှ တာဝန်မယူကြတော့ဘူး။
အဲဒီတော့အခုဦးအောင်မင်းပြုတ်သွားရင်၊ ဒါမှ မဟုတ် သူတစ်ခုခုဖြစ်သွားရင်ရော။
အဲဒါနဲ့ပတ်သက်ရင် အခု ကျွန်တော်တို့လုပ်နေတာသည် အစိုးရဘက်ကနေ ဦးအောင်မင်းက ဦးဆောင်ပြီးလုပ်တယ်။ ဒါပေမယ့် အဲဒါသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီရဲ့ တာဝန်ပေးချက်အရ ကိုယ်စားပြုပြီး သူ့ဖက်ကလုပ် နေတာဖြစ်တယ်။ ကျွန်တော်သည်လည်း P.N.L.O အဖွဲ့ကို ကိုယ်စားပြုပြီး လုပ်တာဖြစ်တယ်။ နှစ်ဖက်မှာ ကိုယ်စားပြုမှုနဲ့ လုပ်ကြတာဖြစ်တယ်။ ဦးအောင်မင်းနဲ့ ခွန်မြင့်ထွန်းကြား သဘောတူညီချက်မဟုတ်ဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ ကျွန်တော်တို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ သဘောတူညီချက်ဖြစ်တယ်။ အဲဒါဟာ ကျွန်တော်တို့အတွက် ကောင်းတဲ့အချက်လို့မြင်တယ်။
နောက်တစ်ခုက ဦးသိန်းစိန် ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးကော်မတီကို လက်မှတ်ထိုး ပြီး ထုတ်ပြန်ရာမှာ ကျွန်တော်တို့အမြင်က (Head of Government) အစိုးရအဖွဲ့အကြီးအကဲနဲ့ လက်မှတ် ထိုးတာလို့ ကျွန်တော်တို့ မမြင်ဘူး။ Head of Stat အနေနဲ့ လက်မှတ်ထိုးထားတာလို့ မြင်တယ်။ ဒါ့ကြောင့် နိုင်ငံရေးအရ ဆွေးနွေးမှုပုံစံကတော့ အရင် ကထက် ပိုကျတယ်လို့မြင်တယ်။
အဲဒီလို အဓိပ္ပာယ်ဖွင့်ဆိုမှုအတိုင်းပဲ အလုပ်လုပ် နိုင်ဖို့လိုတယ်။
နောက်တစ်ခုကဘာလဲဆိုတော့ ဒီအစိုးရလက် ထက်မှာက အရင်တုန်းက တိုင်းရင်းသားတပ်ပေါင်း စုတွေနဲ့ လက်ခံဆွေးနွေးတယ်ဆိုတာ မရှိဘူး။ အခုဒီ အစိုးရမှာက တိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့ (UNFC) ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီလိုမျိုးကို နိုင်ငံရေးဆွေးနွေးဘက်အနေ နဲ့ သတ်မှတ်ပြီး တော့ ဆွေးနွေးဖို့အတွက် ပြင်ဆင်နေပြီ၊ ဒါက ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်မှာ မရှိခဲ့တဲ့ သူတို့တာဝန်ယူလုပ်တာမို့ ဒါတွေက ကျွန်တော်တို့ အားပေးရမယ့်ကိစ္စတွေ၊ ဒါအလားလာ ကောင်းတွေပေါ့နော်။
သို့သော် ဘာတစ်ခုရှိလဲဆိုတော့ အခုပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက ဖော်ဆောင်မယ့်အချက်တွေ၊ လက်နက်ကိုင်အဖွဲ့တွေ ပါတီထောင်၊ ရွေးကောက်ပွဲဝင် စသဖြင့် ချထားတဲ့ လုပ်ငန်းစဉ်တွေကတော့ နှစ်ဖက်မှာကတော့ အကျပ်အတည်းဖြစ်တာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပြဿနာတွေ မရှင်းရသေးဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်တာဟာ နိုင်ငံရေးပြဿနာကို ရှင်းတာမဟုတ်သေးဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်တာဟာ နိုင်ငံရေးပြဿနာကို ဖြေရှင်းချင်လို့ လုပ်တာဖြစ် တယ်။ နိုင်ငံရေးဘာလို့ ဆွေးနွေးချင်လဲ ဆိုတော့ နိုင်ငံရေးအာမခံချက်လိုချင်လို့ဖြစ်တယ်။ အဓိကက အဲဒါပဲ။
ဒါကြောင့်မို့ Road Map တွေနဲ့ပတ်သက်လို့ ၂ဝဝ၃ Road Map နဲ့ပတ်သက်ရင် စစ်တပ်က ဦးဆောင်ချမှတ်တဲ့ အချိန်မှာ အခြေအနေက ဘာဖြစ် ခဲ့သလဲဆိုရင် တစ်ယောက်တည်းက ဦးဆောင်ချမှတ် တဲ့အတွက် ကျန်တဲ့လူက ကြိုက်တာရှိတယ်၊ မကြိုက်တာရှိတယ်၊ ဖြည့်ချင်တာရှိတယ်၊ ဖြည့်ခွင့်မရဘူး။ ပြန် ခွင့်မရဘူး။ စစ်တပ်ရဲ့မူကတော့ တိုက်မလားလိုက်မလားပေါ့။ တိုက်နိုင်ရင်တိုက်၊ မတိုက်နိုင်ရင်လိုက်ပေါ့။ အဲ့ဒီ Road Map (၇)ဆင့် ဖော်ဆောင်ခဲ့တဲ့အချိန်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပေါ်ထွန်းခဲ့တဲ့ Road Map ကို ဖော်ဆောင်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံး တညီ တညွတ်တည်း ဆန္ဒတူနဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ ဥပမာ ပြောရရင် အင်အားကြီးတဲ့ လက်နက်ကိုင် အဖွဲ့တွေ မှာ KNU/KNU ဦးဆောင်ပြီးတော့ ကျန်တဲ့အဖွဲ့တွေ က ဒီ Road Map ကို တဆင့်ခြင်း တိုက်ရေးဆိုတဲ့ ဆုံးဖြတ်ချက်ကိုချပြီးလုပ်တာ၊ တိုက်တာပေါ့ဗျာ။ KIO ကတော့လိုက်တယ်။ ဘယ်လိုလိုက်လဲဆိုတော့ KIO က နိုင်ငံရေးဆွေးနွေးချင်တယ်။ စစ်အစိုးရက နိုင်ငံရေး မဆွေးနွေးဘူးလို့ ပြောထားတဲ့အတွက် ဒီ Road Map အောင်မြင်သွားရင် အရပ်သားအစိုးရတက်လာမယ်။ တက်လာရင် အရပ်သားအစိုးရမှာ နိုင်ငံ ရေးဆွေးနွေးခွင့်ရမယ်ဆိုတော့ KIO က Road Map ကြီး မြန်မြန်အောင်မှ အရပ်သားအစိုးရတက်လာမှ နိုင်ငံရေးဆွေးနွေးလို့ရမယ်ဆိုတော့၊ တိုင်းရင်း သားတွေဘက်က ပြန်ကြည့်ရင် Road Map တစ်ခု ကို အစိုးရဘက်က ချလိုက်တဲ့အပေါ်မှာ တိုက်တဲ့သူက တိုက်ခဲ့တယ်၊ လိုက်တဲ့သူက လိုက်ခဲ့တာပေါ့ဗျာ။
ဒီအခြေအနေမျိုးဆိုရင် အခုဒီခေတ် အစိုးရ လက်ထက်မှာ တိုက်မလား၊ လိုက်မလားဆိုတာမျိုးနဲ့ လုပ်သင့်မလားပေါ့ဗျာ။ ဒါက ကျွန်တော်တို့ ပြန်စဉ်းစားရမယ့်ကိစ္စ။ အဲဒါကို ပြောင်းဖို့က အစိုးရကလဲ နိုင်ငံရေးလမ်းပြမြေပုံလို၊ နောက်အမျိုးသားလုပ်ငန်း စဉ်တွေလိုကို အစိုးရကပဲ ချမှတ်တာမျိုးမလုပ်ပါနဲ့။ တိုင်းရင်းသားတွေမှာလဲ တိုင်းရင်းသားညီလာခံက ချထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံရှိတယ်။ ဖြစ်ချင်တာ တွေရှိတယ်။ အဲဒီနှစ်ခုပေါင်းစပ်ပါ။ အဲဒီလိုညှိနှိုင်းဖို့လို တယ်။ နိုင်ငံရေးအရ ဆွေးနွေးပြီး Road Map တစ်ခု ကို အတူချမှတ်ဖို့လိုတယ်။ ကျွန်တော်တို့ ဒီလိုမြင်တယ်။ ဥပမာပေါ့ဗျာ ဖိနပ်တစ်ရံလိုပေါ့။ တစ်ဖက်ဖက်က ပြတ်သွားရင် အမှိုက်ပုံးထဲ တစ်ရံလုံးထည့်ရတာ။ ဒါကြောင့် Road Map ကို အတူပေါင်းပြီး ချမှတ်ပါ။ ခေါင်းနေရာကပဲ မစဉ်းစားပဲ ခြေထောက်နေရာက စဉ်းစားပြီး ပြည်ထောင်စုအကျိုးကို ဘယ်ညာညီညီ ချီတက်သွားဖို့လိုတယ်။ ဘယ်ရောညာရော လျှောက်တာဟာ လမ်းတစ်ကြောင်းထဲဖြစ်ဖို့လိုတယ်။ ဘယ်က ဘယ်ကိုသွားပြီး ညာကညာကိုသွားရင် လဲကျသွား လိမ့်မယ်။
ဒါကြောင့် ကျွန်တော်တို့ပြောချင်တာကတော့ Road Map တစ်ခုကို၊ ကျွန်တော်တို့ရဲ့ အမျိုးသားလုပ် ငန်းစဉ်လို အတူချမှတ်ဖို့လိုတယ်။ ချမှတ်လို့လဲရရ မယ်၊ အစိုးရကလဲပြောတယ် သူသည် နိုင်ငံရေးအစိုး ရပါလို့ပြောတယ်၊ လူထုကို ကိုယ်စားပြုတတ်လာတဲ့ အစိုးရလို့ပြောထားတယ်။ ဒါတွေက ကောင်းတဲ့အချက်ပဲ။
အဲဒါတွေ တကယ်အတိုင်းဖြစ်ဖို့က လူထုအားလုံး ပါဖို့လိုတယ်။ နိုင်ငံရေးအာမခံချက်ကို ဘယ်သူက ဘယ်သူကို ဘာနဲ့အာမခံချက်ပေးမလဲ။ ဒီနေ့ပြဿနာက အဲဒါပဲ။ ကျွန်တော်တို့လူထုက အားမခံချက်ပေးရ မယ်။ လူထုကပါရမယ်။ အခု ကျွန်တော်တို့ဖြစ်ခဲ့တဲ့ နဝတခေတ် ၁၉၉ဝ ဝန်းကျင်မှာ လုပ်ခဲ့တဲ့ အပစ် အခတ်ရပ်စဲရေး ဘာကြောင့်မအောင်မြင်သလဲဆို တော့ ဒါက လူထုပါဝင်ခွင့်မရှိခဲ့လို့၊ လူထုမပါဝင်ခဲ့လို့။ အခု ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုပါဝင်ရမယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရေးဆို ၇ာမှာ တချို့ကိစ္စမှာ လွယ်ချင်မှလွယ်မယ်၊ NLD မှာ ဟိုတုန်းက ထဲထဲဝင်ဝင် ဆောင်ရွက်ခွင့်ရတုန်းက ကျွန် တော်သိခဲ့တာက Comstitution Guarantee ပေးဖို့ ဟာခက်တယ်။ ဒါပေမယ့်လို့ တချို့ကိစ္စရပ်တွေဟာ ချက်ချင်းလုပ်လိုက်ဖို့လိုတယ်။ အဲဒါဘဲနဲ့လုပ်မလဲ။ အဲဒါ Constitution Guarantee မရသေးရင် Parliament Agreement နဲ့ လုပ်လို့ရတယ်။ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ လုပ်လို့ရတယ်။
ကချင်နဲ့ အပြင်းအထန်ပစ်ခတ်နေတဲ့အချိန်မှာ လေယာဉ်တွေဘာတွေနဲ့ ပစ်နေတဲ့အချိန်မှာ လွှတ်တော် က စာတစ်စောင်ထွက်လာတယ်။ ဘာထွက်လာလဲဆိုတော့ Electronic Online ဆွေးနွေးကြပါရန်ဆိုပြီး နင်တော်နင်တန်ပြောတော့ အဲဒါက ဘယ်လိုလုပ် ပြဿနာရှင်းလို့ရမလဲ။ ကိုယ့်သက်ဆိုင်ရာနယ်မြေက လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါလာဖို့အတွက် လူထုက လွှတ် တော်ကိုယ်စားလှယ်တွေကို ဘယ်လောက်ပြောပြီးပြီ လဲ။ အခု Network တွေရှိတယ်၊ ကွန်ယက်ဖွဲ့ကြတယ်။ အဲဒီကွန်ယက်တွေက ဒီဟာမှာ ဘယ်လိုလူထုပါဝင် ဘယ်လိုပြောမလဲ၊ အဲဒါကိုတော့ သီအိုရီအရမဟုတ်ဘဲ တကယ်ဖြစ်ဖို့လိုတယ်။
မြနန္ဒာ-ဒီကနေ့ ပြောနေကြတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ အမျိုး သား ပြန်လည်ရင်ကြားစေ့ရေးတို့၊ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးတို့၊ အပစ်အခတ်ရပ်စဲ ရေးတို့ဆိုတာ PNLO ရဲ့ နဂိုမူလ ရည်မှန်းထားတဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေနဲ့ ဆက်စပ်နေရဲ့လား ဆိုတာပါ။
ဦးခွန်မြင့်ထွန်း-ဟုတ်ကဲ့ ဆက်စပ်တယ်။ PNLO အပါအဝင် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆိုတာက နိုင်ငံတော်အာဏာကို သိမ်းပိုက်ဖို့ဆိုတဲ့ဟာမျိုးကို လုပ်နေကြ တာမဟုတ်ဘူး။ အခု ကချင်မှာ စစ်ပွဲဖြစ်တယ်ဆိုတာက ကချင်က သူ့ရဲ့ဒေသ သူ့ရဲ့ဧရိယာတွေကို အစိုးရတပ်တွေက ကျူး ကျော်တယ်လို့ ဒီလိုခံစားပြီး ပြန်တိုက်တာ။ ကချင်က ပြောတယ် သူတို့က တောက်လျှောက်မှာ Road Map အောင်မြင်ရေး သူတို့လုပ်ခဲ့တယ်။ အပစ်အခတ်ရပ်စဲ ရေး သူတို့လုပ်ထားပြီးသား၊ အခု သူ့ဧရိယာကို ကျော်လို့ သူ့မှာ ပြန်တိုက်ရတာပါလို့ သူပြောတယ်။ ခုခံစစ်ပေါ့။ ဒါက ဒီနေ့တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရကြားမှာရှိတဲ့ ကွဲပြားချက်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက နိုင်ငံတော်အာဏာကို သိမ်းပိုက်ဖို့ဆိုတဲ့ဟာမျိုးနဲ့ ပြောနေတာမဟုတ်ဘူး။ ကိုယ့်ရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့အတွက်ကို တိုက်ပွဲဝင်နေတာ ဖြစ်တယ်။
ကျွန်တော်တို့ PNLO မှာလဲဒီလိုပဲ၊ အင်အားကြီး မားတဲ့အဖွဲ့ မဟုတ်ဘူး။ စစ်ရေးကတော့ အခြေခံထား တယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့၊ မိမိအမျိုးသားကို ခုခံကာကွယ်ဖို့၊ နိုင်ငံတကာဥပဒေမှာဆို Population Protection ပေါ့။ လူတစ်ဦးတစ်ယောက်သည်ပင်လျှင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိရင် အမျိုးသားတစ် ရပ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ခုခံကာကွယ် ပိုင်ခွင့်ရှိတယ်။
အဲဒီအတွက် ကျွန်တော်တို့ဟာ လက်နက်ကိုင် တော်လှန်ရေးကို အခြေခံအနေနဲ့ထားတာဖြစ်တယ်။ စစ်ရေးကို အခြေခံပြီးထားတာဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေးပြဿနာ ဖြေရှင်းရေးဟာ အဓိကဖြစ်တယ်။ စစ်ရေးကိုအခြေခံ နိုင်ငံရေးကိုအဓိကပေါ့။ ဒါက အားလုံးသောတိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ အမျိုးသားလွတ်မြောက်ရေး လွတ်မြောက်ရေး တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အခြေခံပေါ့။ အဲဒီ အတွက်လို့ ပြောလို့ရတယ်။
ဒါကြောင့်မို့ ဆွေးနွေးပွဲလမ်းကြောင်းကို ရောက်လာမယ်ဆိုရင်တော့ ဒါဟာကျွန်တော်တို့ရဲ့မူတွေနဲ့ ကိုက်ညီတာပေါ့လေ။
နောက်တစ်ခုက ကျွန်တော်တို့နားလည်တာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ၊ အမျိုး သားပြန်လည်သင့်မြတ်ရေးဆိုတာက တစ်ဦးတစ် ယောက်တည်းနဲ့ လုပ်လို့မရဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရအောင်မယူနိုင်ဘူးဆိုရင် ဘယ်အဖွဲ့ အစည်းမှ မအောင်မြင်ဘူး။ အစိုးရလဲမအောင်နိုင်ဘူး၊ ကျွန်တော်တို့လဲ မအောင်နိုင်ဘူး။ ပြည်သူလူထုပဲ ဒုက္ခရောက်မယ်။
မြနန္ဒာ- တိုင်းရင်းသားလူမျိုးစုအနေ နဲ့တလျှောက်လုံး တောင်းဆိုနေကြတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ တစ်နည်းပြောရရင် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ဖို့ ဆိုတာကို PNLO အနေနဲ့ ဘယ်လိုပုံစံ ဆက်လက် သယ်ဆောင်သွားမလဲဆိုတဲ့ ကိစ္စပါ။
ဦးခွန်မြင့်ထွန်း-တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ တိုင်းရင်းသားအဖွဲ့တွေအားလုံးရဲ့ နိုင်ငံ ရေးရည်မှန်းချက်ဟာ ဒီအချက်တွေပါပဲ။ အဲ့ဒီမှာ ဘာတစ်ခုက နားလည်မှုလွဲနေတာရှိသလဲဆိုရင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတဲ့ Limit ရဲ့ အတိုင်းအတာဟာ ဘယ်လောက်ကြီးသလဲ၊ ဘယ်လောက်ကျယ်သလဲဆိုတာပဲ။ တချို့တွေ့ရဲ့ နားလည်မှုက ဘာလဲဆိုရင် သီးခြားနိုင်ငံထူထောင်တဲ့အထိ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စကားလုံး အဓိပ္ပာယ်က သွားတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်အာမခံပြီး ပြောနိုင်တာက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC Self Determination ကိုဖွင့်ဆိုတဲ့အခါမှာ Internal Self Determination လို့ ဖွင့်ဆိုတယ်။ External self Determination လို့မဖွင့်ဆိုဘူး။ UNFC မှာ (၁၁)ဖွဲ့ပါတယ်။ အားလုံး သောအဖွဲ့များက Internal Self Determination ပြောတာဖြစ်တယ်။ မိမိရဲ့ပြည်နယ်အတွင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို ပြောတာဖြစ်တယ်။ ဒါအခုကို ရှင်းချင်တယ်။
ဒါကြောင့်မို့လို့ ပြည်ထောင်ပေါင်းစု ပြည်ထောင်စု၊ ဒါ confedration ကျွန်တော်တို့ပြောတာက ဒါ မဟုတ်ဘူး။ ပြည်နယ်ပေါင်းစုကိုပြောတာ၊ Federal ကို ပြောတာ။ ပြည်နယ်ပေါင်းစု ပြည်ထောင်စု စနစ်ကို ပြောတာဖြစ်တယ်။ ဒါကြောင့် အားလုံးသော ဗမာတ ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုက ဒီဖက်ဒရယ်ရဲ့ အဓိပ္ပယ်ကို နားလည်ဖို့လိုတယ်၊ လက်ခံလာဖို့လိုတယ်။ အထူးသဖြင့် ဗမာလူမျိုးတွေရော၊ အစိုးရရော၊ တပ်မတော်သားတွေရော အားလုံးကဖက်ဒရယ်ဆို တာကျွန်တော်တို့အတွက် ကြောက်စရာမဟုတ်ဘူးဆို တာကို၊ ဖက်ဒရယ်ဟာ ခွဲထွက်ရေးမဟုတ်ဘူးပေါင်း စည်းရေးပါဆိုတာကို နားလည်ပြီး အသဲထဲက လှိုက် လှိုက်လှဲလှဲ လက်ခံလာဖို့လိုပါတယ်။
ထပ်ဖြည့်ပြောချင်တာက၊ UWSA ဝပြည်နယ် တောင်းတာရမယ် မရမယ် မသိဘူး၊ အခုတိုက်မယ်ပြု မယ်နဲ့ တထစ်ပြန်လျှော့လာကြတယ်။ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး ပြည်နယ်သစ်တွေတောင်းတာ အဲဒီ ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်သစ်တွေပေါ်ထွန်းခွင့်ရှိသလား မရှိဘူးလားဆိုတဲ့ မေးခွန်းတစ်ခုခု ကိုတော့ ထည့်ပြောချင်တယ်။
ကျွန်တော်တို့က ပြည်နယ်ပေါင်းစု ပြည်ထောင်စုဆိုတဲ့ အခြေခံမူနဲ့ ပြည်ထောင်စုကိုတည်ဆောက်တယ် ဆိုရင် ပြည်နယ်သစ်တွေပေါ်ထွန်းတယ်ဆိုတာက လွှတ်တော်မှာတင်တဲ့ လမ်းညွှန်မှုအခြေခံ (၇)ချက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထိုက်တဲ့သူတွေရဲ့ အရည် အချင်း (၇)ချက်ပေါ့။ ထိုက်သင့်သောလူဦးရေရှိရ မယ်။ ပထဝီအနေအထားရှိရမယ်။ ကိုယ်ပိုင်ဘာသာ စကားရှိရမယ်။ ဒီတော့ ပြည်နယ်သစ်များပေါ်ထွန်း ခွင့်ဆိုတဲ့မူကတော့ ရှိသင့်တယ်။ ဝပြည်နယ်ပေးရေး ဆိုတာကို ဝပါတီနဲ့ အစိုးရဆက်ဆံရေးမှာပဲ ထားလို မရဘူး။ ဒါပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စ၊ ပြည်ထောင်စုကပဲ အဆုံးအဖြတ်ပေးရမယ့်ကိစ္စ။
ဆိုရရင် ပြည်နယ်သစ်တွေပေါ်ထွန်းခွင့်ရှိတယ်။ ဒါဆိုရင် ပြည်နယ်သစ်က ဘယ်ပုံနဲ့ပေါ်ထွန်းရမလဲ။ လူ ထုရဲ့ဆန္ဒအခြေခံမှာ ဘယ်လိုနည်းနဲ့ပေါ်ထွန်းရမလဲ ဆိုတာကို ပြဋ္ဌာန်းသတ်မှတ်ချက်တော့လုပ်ရမယ်။ ပြီးတော့ ပြည်နယ်သစ်များပေါ်ထွန်းနိုင်ဖို့အတွက် မူ တော့ရှိရမယ်။ ဒါကိုချမှတ်ဖို့လိုတယ်။ ခုချက်ချင်း ဝကို ပြည်နယ်ပေး မယ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုတာမျိုး၊ အစိုးရနေပြီး ပေးလိုက်ဆိုတာမျိုးမဟုတ်ဘဲ၊ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှုတရပ် လုပ်ရမှာဖြစ်တယ်။
ဒီတော့ ဖက်ဒရယ်လို့ပြောကတည်းကိုက ပြည်နယ်သစ်ပေါ်ထွန်းခွင့်ရှိရမယ်။ အမေရိကမှာစဖွဲ့တုန်း က (၁၃)ပြည်နယ် အခု (၅၁)ပြည်နယ်။ အိန္ဒိယမှာလဲ ထိုနည်းတူစွာပဲ ပြည်နယ်သစ်တွေတိုးတယ်။ ကျွန် တော် တို့ ဗမာပြည်မှာလဲ ကြည့်လိုက်ရင် ပြည်ထောင်စုကို စဖွဲ့တုန်းက ဆွေးနွေးကြတာ ဗမာပြည်မရယ်၊ ချင်းရယ်၊ ကချင်ရယ်၊ ရှမ်းရယ်ဆိုပေမယ့်လို့ တကယ် ဖွဲ့တဲ့အခါကျတော့ စဖွဲ့ဖွဲ့ချင်းက ပြည်နယ်က၊ ရှမ်း ပြည်နယ်ရယ်၊ ကချင်ပြည်နယ်ရယ်၊ ကယားပြည်နယ်ရယ်၊ ကရင်နီပြည်နယ်ရယ်ပေါ့၊ ဒါပဲရှိတယ်။ ချင်းက အဲဒီအချိန်မှာ ပြည်နယ်မဖြစ်သေးဘူး။ ချင်းက ဘယ်တော့မှ ပြည်နယ်ဖြစ်သလဲဆိုရင် ၁၉၇၄ ဖွဲ့စည်းပုံကျမှ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်လို့ ပေါ်လာတယ်။
ဗမာပြည်သမိုင်းကြောင်းမှာကြည့်ရင်ကိုက အဲဒီ ပြည်နယ် (၄)ခုဟာ ပြည်နယ်သစ်တွေအနေနဲ့ ပေါ် ထွန်းခဲ့တာဖြစ်တယ်။ ဒါဆိုရင် လူမျိုးတစ်မျိုးဟာ မိမိ ရဲ့ အမျိုးသားလက္ခဏာတွေ ပြည့်စုံတဲ့အချိန်မှာ ပြည် နယ်သစ် ပေါ်ထွန်းခွင့်ရှိသင့်သလား မရှိသင့်ဘူးလား၊ ဒါကို ကျွန်တော်တို့ ဆုံးဖြတ်ဖို့ပါပဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝဝ၆ ခုနှစ် မှာ ၉ဝ ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းကို Update လုပ်တယ်။ အဲဒီတုန်းက NLD ရဲ့ တိုင်းရင်းသား ရေးရာကော်မတီမှာ ဆော်သြရေးမှူးက ကျွန်တော်။ အဲဒီမှာ NLD ရဲ့ တိုင်းရင်းသားရေးရာကော်မတီက တင်သွင်းတဲ့စာတမ်း၊ ပြည်နယ်တိုင်းပေါင်းစုံ အစည်းအဝေးကြီးကို တင်သွင်းတဲ့စာတမ်းမှာ ဖက်ဒရယ်မူရှိတယ်၊ ဒီဖက်ဒရယ်မူမှာလဲ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိတဲ့ ဖက်ဒရယ်မူဖြစ်ပါတယ်။ ဒါကတော့ ကျွန် တော်သိခဲ့တဲ့အချက်။
ထိုနည်းတူပဲ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရော ကျန်တဲ့ဒီမိုက ရေစီအင်အားစုတွေရော စုပေါင်းပြီး ရေးထားတဲ့ဖက် ဒရယ်ဖွဲ့စည်းပုံ မူကြမ်းရှိတယ်။ အဲဒီ့ FCDC က ရေးတဲ့ ဖွဲ့စည်းပုံမူကြမ်းမှာလဲပဲ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ဆိုတာပါတယ်။ ဒါကြောင့် ဖက်ဒရယ်လို့ ပြောရင်၊ ပြည်နယ်ပေါင်း ပြည်ထောင်စုစနစ်လို့ပြော ရင် ပြည်နယ်သစ်တွေ ပေါ်ထွန်းခွင့်ရှိရမယ်။
မြနန္ဒာ-ကြားဖြတ်မေးချင်တာက ဦးခွန်မြင့်ထွန်း ပြောနေတဲ့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ က UNFC ရဲ့ သဘောထားနဲ့ အတူတူပဲလား၊ တိုင်းရင်းသားအားလုံးကိုရော ကိုယ်စားပြုနိုင်တဲ့ အခြေအနေရှိသလား၊
ဦးခွန်မြင့်ထွန်း-တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု နိုင်အောင် ကြိုးစားနေတယ်လို့ ပြောလို့ရပါတယ်။ UNFC လဲ ဒီအတိုင်းပါပဲ။ တကယ်ကိုယ်စားပြုနိုင် တယ်လို့ ပြောဖို့တော့ နဲနဲခက်တာပေါ့။ UNFC ဖွဲ့က တည်းကတော့ တိုင်းရင်းသားများကိုယ်စား ပြောဆိုဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသားတွေနဲ့ ဖွဲ့ခဲ့တာပါ။ UNFC ကို တိုင်းရင်းသားညီလာခံတစ် ခုကနေ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြီးတော့ တာဝန်ပေးဖွဲ့စည်းခဲ့တာဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြောပေးနေတာဖြစ်ပါတယ်။
မြနန္ဒာ-အခုပြဋ္ဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကနေ အနာဂတ်မှာ ဒီမိုကရက်တစ် အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီး ဒီမိုကရေစီ ဖွံ့ ဖြိုးတဲ့ လူ့ဘောင်ဖြစ် ဖို့နဲ့ တိုင်းရင်းသားလူမျိုး တွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ်လိုတော့ ယူဆ မလားဆိုတာပါ။ အာမခံချက်ရဖို့ဆိုရင်ကော ဘာတွေလုပ်ဖို့ လိုမလဲ။
ဦးခွန်မြင့်ထွန်း-ယေဘူယျပြောရင်တော့ အခုလွှတ်တော်မှာ ကိုယ်တိုင်ကိုက ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ ဒါက လွှတ်တော်ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိနေတယ်၊ ပြင်ဆင်ဖို့လိုအပ်ပါတယ်လို့ ဆုံးဖြတ်ချက်ချထားတော့ ၂ဝဝ၈ ဖွဲ့စည်း ပုံကနေ ဒီမိုကရေစီပေါ်ထွန်းဖို့ဆိုတာကတော့ လုံလောက်တဲ့ အခြေအနေမှာ မရှိသေးဘူးဆိုတာတော့ ရှင်းတာ ပေါ့ဗျာ။ နောက်တစ်ခုက ၂ဝဝ၈ ဖွဲ့စည်းပုံကို ယေဘူယျအားဖြင့် ဘယ်သူပဲမေးမေး၊ ဒီအခြေခံဥပ ဒေနဲ့တော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ မရနိုင်ဘူးဆိုတဲ့အမြင်ကတော့ အားလုံးမှာရှိကြပါ တယ်။ ဒါကြောင့်လဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ရေး၊ ဒါတွေကိုဆွေးနွေးနေကြတာပေါ့ဗျာ။
ဒီမှာနားလည်မှု မလွဲစေချင်တာက တပ်မတော် ကျတော့ သူ့မှာဖွဲ့စည်းပုံအခြေခံဥပဒေကို သူ့မှာကာ ကွယ်ရန်တာဝန်ရှိ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိလို့မရဘူးဆိုတာရှိတော့ အခုကျွန်တော်တို့အားလုံး ပြောတာက ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပြည်ထောင်စုညီလာခံကြီး ကျင်းပဖို့ဆိုတာကို ဒါကြောင့် ပြောကြရတာဖြစ်တယ်။ လွှတ်တော်ပြင်ပရယ်လို့ ပြောတာမဟုတ်ဘူး၊ အဲဒီညီလာခံကြီးမှာ အစိုးရလဲ ပါရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလဲ ပါမယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေလဲ ပါရမယ်။ ကျန်တဲ့အလွှာအသီးသီးက ကိုယ်စားလှယ် တွေလဲပါရမယ်။ အဲဒီလို ပြည်ထောင်စုညီလာခံကြီး တစ်ရပ်ကို ကျင်းပဖို့လိုတယ်။
အဲဒါဘာကြောင့်လဲဆိုတော့ ၂ဝဝ၈ ဥပဒေနဲ့ ကျော်လွှားလို့မရတဲ့ ကိစ္စတွေကို နိုင်ငံရေးနဲ့ ကျော်လွှား မှရမယ်။ ဒါကြောင့် နိုင်ငံရေးအနှစ်သာရရှိတဲ့ ညီလာ ခံကြီးကို လိုလားတောင်းဆိုတာဖြစ်တယ်။ ဥပဒေဆိုင် ရာ အကျပ်အတည်းကို နိုင်ငံရေးသဘောတူညီမှုနဲ့ ကျော်လွှားရမယ်။
အဲဒီပြည်ထောင်စုညီလာခံကြီးမှာ တစ်မျိုးသား လုံးနဲ့ဆိုင်တဲ့ ဘုံသဘောတူညီချက်ကို အဲဒီမှာအတူချ မှတ်ဖို့လိုပါတယ်။ တစ်မျိုးသားလုံးရဲ့ အမျိုးသားလုပ် ငန်းစဉ် သို့မဟုတ် ပြည်ထောင်စုလုပ်ငန်းစဉ်ကို အဲဒီ မှာချမှတ်ဖို့လိုတယ်။ ဒါမှအနာဂါတ်ပြည်ထောင်စုဟာ ရှင်းရှင်းလင်းလင်းဖြစ်သွားမှာဖြစ်တယ်။
မြနန္ဒာ-အခု PNLO ဥက္ကဋ္ဌအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ (၂၅)နှစ်မြောက်အထိမ်းအမှတ် ပွဲကို လာရောက်ဆိုတော့ လွန်ခဲ့တဲ့ (၂၅)နှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုပြဋ္ဌာန်း ထားတဲ့ သမိုင်းရေးတာဝန်၊ နိုင်ငံရေးတာဝန်တွေဟာ ဘယ်အဆင့်နေရာကို ရောက်နေပြီလဲဆိုတာနဲ့ ဒီ (၂၅)ကြာ အတွေ့အကြုံက ဘယ်လို နိုင်ငံရေးသဘောထားတွေ၊ နိုင်ငံရေးတာဝန်ချမှတ် ဆုံးဖြတ်ကြဖို့ လို မလဲဆိုတာ ပြောပြစေချင်တာပါ။
ဦးခွန်မြင့်ထွန်း-ကျွန်တော်လဲ ရှစ်လေးလုံး အရေးတော်ပုံက ပေါ်ပေါက်လာတဲ့ လူတစ်ယောက်ပါ။ ဒီမတိုင်ခင်မှာလဲ ကျွန်တော်တို့ ပအို့ဝ်အမျိုးသားတွေဟာ ဒီမိုကရေစီအရေး..ဒို့အရေးလို့ အော်ခဲ့တာ ရှိတယ်။ ၁၉၅ဝ ခုနှစ် ဒီဇင်ဘာ (၁)ရက်နေ့ တောင်ကြီးမှာ ပအို့ဝ်လူထုတစ်သောင်းကျော် လောက်ဟာ တောင်ကြီးမြို့ထဲလှည့်ပြီး ဆန္ဒပြကြတယ်။ ပြီးရင် လူထုအစည်းအဝေးကြီးလုပ်တယ်။ အဲဒီမှာတောင်းဆိုချက်က ဘာလဲဆိုတော့ ပြည်ထောင်စုကြီးခိုင်မြဲပါစေ၊ ဒီမိုကရေစီအရေး ဒို့အရေး ဆိုတာ အဲဒီကတည်းကပြောခဲ့ကြတာ။ ရှစ်လေးလုံး ကျတော့ တတိုင်းပြည်လုံးလူထုရဲ့ လိုအပ်ချက်တွေနဲ့ တောင်းဆိုခဲ့ကြတာကိုး။ ကျွန်တော်တို့လဲ ရှစ်လေးလုံး အရေးတော်ပုံကြီးကမှ တော်လှန်ရေးထဲ၊ နိုင်ငံရေးထဲ ရောက်တာ။ အခုဘာကိုသွားတွေ့ရလဲဆိုရင် ဟိုတုန်း က ပစ်တဲ့လူကပစ် ပြေးတဲ့လူကပြေး၊ အခုကျွန်တော် တို့ကို ပစ်ခဲ့တဲ့လူတွေကလဲ ဒီမိုကရေစီအရေး..ဒို့ အရေး ဖြစ်နေပြီလို့ထင်တယ်။ အခုတက်လတဲ့ အစိုးရက ကြွေးကြော်တယ်။ ထိုနည်းတူပဲ နအဖခေတ် လောက်ကစပြီး ဒီမိုကရေစီဆိုတာကို ပြောလာတယ်။
ဒီလိုအရပ်သားအစိုးရကလဲ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုကို လုပ်ပါမယ်လို့ ပြောနေတာကိုက ဒါ ရှစ် လေးလုံးအရေးတော်ပုံကြီးရဲ့အောင်ပွဲ အစိတ်အပိုင်း တရပ်လို့ ကျွန်တော်မြင်တယ်။ သို့သော် ပါးစပ်နဲ့တင် မဟုတ်ဘဲ ရင်ဘတ်နဲ့ပါ အလုပ်လုပ်ဖို့လိုတယ်။ ရင်ဘတ်နဲ့ တကယ်အလုပ်လုပ်နိုင်တယ်ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးယူနိုင်မယ်။ ဒီမိုက ရေစီထူထောင်နိုင်မယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိုရမယ်။
ကျန်တာကတော့ နိုင်ငံရေးသဘောထားတွေ၊ ကျွန်တော်တို့ ရှစ်လေးလုံးငွေရတုပွဲမှာ ဆွေးနွေးကြ တာတွေမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုတာတွေကို ဆွေးနွေးတယ်။ အားလုံး အောင်ပွဲခံဖို့ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရယူကြည့်ဖို့လိုတယ်။ ဒီမိုကရေစီလိုချင်တဲ့သူ၊ တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လိုချင်တဲ့သူ၊ ကိုယ့်ရဲ့ အခွင့်အရေးတွေ ရယူချင်တဲ့သူ အားလုံးအားလုံးတော့ ဝိုင်းလုပ်ကြဖို့လိုပါတယ်။
မြနန္ဒာ-ထပ်ပြောချင်တာရှိရင် ထပ်ပြောပြဖို့ပါ။
ဦးခွန်မြင့်ထွန်း-အခုနေအခါမှာ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဒီနေ့ကျွန် တော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမှု စီးပွားရေး ပြောင်းလဲမှု၊ ပြီးရင် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဒီဖြစ်စဉ်ကြီး (၃)ရပ်မှာ ပအို့ဝ်အမျိုးသားတွေကို ဒီနေရာမှာ တိုက်တွန်းချင်တယ်။ ပါဝင်ပုံ ပါဝင်မယ့်နည်း လမ်းကို ပြောပြချင်တယ်။ အဲဒါဘာလဲဆိုရင် ပြည်ထောင်စုအစိုးရနဲ့ သဘောတူညီချက်မှာ ပအို့ဝ်တမျိုး သားလုံးဆိုင်ရာ ညီလာခံကျင်းပရေးဆိုတာ သဘောတူထားတယ်။ အစိုးရကလဲ တည်ဆဲဥပဒေနဲ့ ကျင်းပ ခွင့်ပေးထားတယ်။ ဒီတော့ ကျွန်တော်တို့က ပအို့ဝ် တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပဖို့ကြိုး စားမယ်။ ဒါကို ဖော်ဆောင်နေပါပြီ။
ဒီညီလာခံကြီးဟာ PNLO အဖွဲ့ရဲ့ မူပိုင်မဟုတ် ဘူး။ ကျွန်တော်တို့က စတင်ဖော်ဆောင်ပေးတာပဲ ဖြစ် တယ်။ အဲဒါဟာ တမျိုးသားလုံးဆိုင်တဲ့ တမျိုးသားလုံး ပိုင်တဲ့ ညီလာခံကြီး ဖြစ်ဖို့လိုတယ်။ ဘာကြောင့်လဲဆို ရင် အဲဒီညီလာခံကြီးမှာ ကျွန်တော်တို့ ကြုံတွေရင်ဆိုင် ရမယ့်ကိစ္စရပ်တွေကို ညှိနှိုင်းကြဖို့နဲ့ အခုလို ပင်လုံစိတ် ဓာတ်ကို အခြေခံတဲ့ ညီလာခံကြီး ပေါ်ပေါက်လာရင် ပအိုဝ့်အမျိုးသားတွေက ဘာပြောကြမှာလဲ။
အဖွဲ့အစည်းတွေ မတူကြပေမယ့်လို့၊ တူသည် ဖြစ်စေ မတူသည်ဖြစ်စေ အမျိုးသားရေးမှာတော့ တမူထဲ တသံထဲ ပြောဆိုနိုင်ကြဖို့လိုတယ်။ အဲဒီအတွက် အမျိုးသားရေးအခြေခံမူကို ချမှတ်ဖို့လိုတယ်။ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးတစ်ခုတည်း ကြည့်ကြရင် ပအို့ဝ်တွေမှာလဲ ကွဲပြားမူတွေဖြစ်ဖို့ရှိတယ်။ ဒါဆိုရင် ၂ဝ၁၅ အခြေခံပေါ်မှာ ပအို့ဝ်တွေရဲ့ ညီညွတ်မှုကို ဘယ်လိုတည်ဆောက်မလဲ။ ဒါတွေကို ဆွေးနွေးဖို့လိုတယ်။
နောက်တခါ စီးပွားရေးပြောင်းလဲမှု၊ နိုင်ငံရေး ပြောင်းလဲမှု၊ လူမှုရေးဆောင်ရွက်မှုတွေမှာ ကျွန် တော်တို့ဘယ်လိုပါဝင်ဆောင်ရွက်မလဲ။ ဒါတွေကို ဆွေးနွေးဆုံးဖြတ်ဖို့လိုတယ်။ ဒီပအိုဝ့်ညီလာခံကြီးမှာ မိမိရဲ့အမျိုးသား အခြေခံတွေကို ချမှတ်ဖို့လိုတယ်။ ပအို့ဝ်ဒေသစုံ၊ အလွှာစုံမှာရှိတဲ့ ပအို့ဝ်အမျိုးသားတွေ အားလုံး ပါဝင်ကြဖို့ ဒီနေရာကနေ တိုက်တွန်းချင် တယ်။
နောက်တစ်ခုက အခုအစိုးရ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ လူမျိုးရေး ဝါးမြိုမှုတွေ ကြုံတွေ့ နေရတဲ့ လူမျိုးတစ်မျိုးအနေနဲ့ ပအို့ဝ်စကားပြောတတ်သည်ဖြစ်စေ၊ မပြောတတ်သည်ဖြစ်စေ ကိုယ့်ကိုယ်ကို ပအို့ဝ်ဆိုတာကို ပြဋ္ဌာန်းပြီးတော့ သန်းခေါင်စာရင်းမှာ မှတ်ပုံတင်စာရင်းပေးသွင်ကြစေချင်တယ်။ ဒါက ကျွန် တော်တို့ အမျိုးသားဆိုင်ရာပေါ့။ အဲဒါမှ ကျွန်တော်တို့တွေ့ဟာ နိုင်ငံရေးဆွေးနွေးပွဲမှာဖြစ်ဖြစ်၊ ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ တစ်စုံလုံးဆိုင်ရာကိစ္စတွေမှာ တက်ညီ လက်ညီနဲ့ ပါဝင်ဆောင်ရွက်ဖို့ အခွင့်ရမယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။
အဓိကကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုး ရရော၊ လက်နက်ကိုင်အဖွဲ့တွေရော၊ ပြီးရင် ပြည်သူ တရပ်လုံးက တကယ့်ကို ထဲထဲဝင်ဝင် ပါဝင်ဖို့ ဒီအခြေ ခံတွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်မှာပါလို့ နောက်ဆုံး ပြောချင်ပါတယ်။
မန်းလေး
Thursday, August 29, 2013
Subscribe to:
Post Comments (Atom)