Monday, September 30, 2013

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန် ရရှိလာမည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကျေးလက်နှင့် နယ်စပ်ဒေသများသို့ မည်မျှသက်ရောက်မည် ဆိုခြင်းမှာ အစိုးရ၏ ဖြေရှင်းနည်း အပေါ်တွင်သာ မူတည်

0 comments
30.9.2013

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်နှင့် အာဆီယံ စီးပွားရေး အသိုက်အမြုံ (AEC) အသက်ဝင်ချိန်တွင် ရရှိလာမည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကျေးလက်နှင့် နယ်စပ်ဒေသများတွင် နေထိုင်နေသူများအပေါ် မည်မျှသက်ရောက်မည် ဆိုခြင်းမှာ မြန်မာအစိုးရ၏ ဖြေရှင်းနည်း အပေါ်တွင်သာ မူတည်ကြောင်း ERIA(Economic Research Institue for ASEAN and East Asia) ၏ စီးပွားရေးပညာရှင် ခေါင်းဆောင်နှင့် ဂျပန်နိုင်ငံ Keio တက္ကသိုလ် ပါမောက္ခ Fukunari Kimura က ပြောကြားသည်။

"စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်တွေ ပေါ်ပေါက်လာမယ်ဆိုရင် နယ်စပ်ဒေသမှာ သွားရောက်လုပ်ကိုင် နေသူတွေအတွက် အဆင်ပြေလာမှာပါ။ အရေးကြီးတဲ့ ကိစ္စကတော့ ဒါကိုဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲ ဆိုတာပါပဲ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးအမြတ်တွေကို မျှဝေခံစားစေမယ့် နည်းလမ်းက အကောင်းဆုံးပါပဲ။ နယ်စပ်ဒေသတွေမှာ သွားရောက်လုပ်ကိုင် နေသူတွေပါ တိုးတက်မှုကို ရရှိခံစားစေနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့လို အပ်ပါတယ်" ဟု ပါမောက္ခ Fukunari Kimura က ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond ဆွေးနွေးပွဲတွင် ပါမောက္ခ Fukunari Kimura က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရေး မျှော်မှန်းချက်နှင့် အာရှဒေသ ဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်စွာ ဖြစ်ပေါ်စေရေး စီမံကိန်းအား ဆွေးနွေးခဲ့ပြီးနောက် ဧရာဝတီ ၀က်ဘ်ဆိုက်မှ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့ကို တာဝန်ယူပြီးနောက်ပိုင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အစီအစဉ်များ ချမှတ်လုပ်ဆောင် ခဲ့သော်လည်း ထိုအချက်များ မည်မျှအကောင်အထည်ပေါ်မည် ဆိုခြင်းကို ရလဒ်များနှင့် နှိုင်းယှဉ်ရမည်ဖြစ်ကြောင်း ထိုအလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော နိုင်ငံတကာ အာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

သို့သော် အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကျယ်ပြန့်စွာ ဖြစ်ပေါ်စေရေး စီမံကိန်းတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရေး မျှော်မှန်းချက် (MCDV) က အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ပါဝင်ထားပြီး ထိုမျှော်မှန်းချက် ပြည့်မီရန် အဓိက အချက်ခြောက်ချက်ရှိကြောင်း ပါမောက္ခ Fukunari Kimura က ဆိုသည်။

အဆိုပါ အဓိကအချက် ခြောက်ချက်တွင် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံး ရောက်ရှိခြင်းကို ထိန်းနိုင်စွမ်း၊ လယ်ယာလုပ်ကိုင်ခြင်းမှ အကျိုးဖြစ်ထွန်းမှု အားကောင်းစေရန် အစီအစဉ် ချမှတ်နိုင်စွမ်း၊ အရှေ့အာရှ ဒေသတွင် ထုတ်ကုန်ချိန်ဆက်မှုကွန်ရက် ထားရှိနိုင်စွမ်း၊ စက်မှုကဏ္ဍအားလုံးတွင် ရှိနေသော အသေးစား စက်မှုလုပ်ငန်းအားလုံး ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းတို့ ပါဝင်ကြောင်း Fukunari Kimura က ပြောကြားသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here