16.09.2013
မြန်မာ့လူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ခန့်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကို အများစု လုပ်ကိုင်ကြပါတယ်။ အဲ့ဒီလိုလုပ်ကိုင်ကြမှုမှာ တောင်သူတွေဟာ စိုက်ပျိုးမှု မပြုလုပ်မီ အချိန်ကစလို့ စိုက်ပျိုးပြီးတဲ့ အချိန်အထိ ငွေကြေးစရိတ် ကုန်ကျမှုတွေ ရှိကြပါတယ်။ ကုန်ကျမှုရှိတဲ့ ပမာဏတွေကတော့ ဒေသတစ်ခုနဲ့တစ်ခု ကွာခြားမှုတွေ ရှိလို့နေပါတယ်။ တောင်သူတွေ အနေနဲ့ အခုလို စိုက်ပျိုးထုတ်လုပ်မှု အတွက် လိုအပ်တဲ့ စရိတ်တွေကို ပူပန်ရသလို မိသားစု စားဝတ်နေရေး အတွက်လည်း ပြေလည်မှုရှိစေဖို့ ကြိုးပမ်းကြရပါတယ်။
စိုက်ပျိုးထွက်ရှိမှု ကဏ္ဍနဲ့ငွေကြေး
တောင်သူတွေဟာ လယ်ယာစိုက်ပျိုးမှု တစ်ခုပြုလုပ်ဖို့အတွက် ယခင်ရာသီအချိန်က ချန်ထားခဲ့တဲ့ မျိုးစပါးတွေကို စတင်ပျိုးထောင် ကြရပါတယ်။ အဲ့ဒီလိုပျိုးထောင်မှု မပြုလုပ်မီ အချိန်မှာဘဲ လယ်ထွန်ခြင်း လုပ်ငန်းအတွက် ငှားသားတွေကို အခကြေးငွေ ပေးအပ်ခေါ်ယူ ကြရပါတယ်။ တောင်သူတွေ ကိုယ်တိုင် လယ်ကွင်းထဲဆင်းပြီး ထွန်ယက်ခြင်းတွေ လုပ်ကြရသလို အငှားလုပ်သား အချို့ကိုပါ ခေါ်ယူလုပ်ကိုင် ကြရပါတယ်။
ဒါ့အပြင် ထွန်ယက်ခြင်းလုပ်ငန်း ပြီးဆုံးတဲ့ အခါမှာလည်း ပျိုးကြဲခြင်း လုပ်ကိုင်ရပြီး ပျိုးပင်တွေ ရရှိရင်တော့ တောင်သူတွေရဲ့ မိသားစုဝင်တွေ ကိုယ်တိုင်သာမက ပြင်ပကောက်စိုက်သမ တွေကိုပါ နေ့တွက်အခကြေးငွေနဲ့ ငှားရမ်းပြီး ပျိုးနုတ်၊ ကောက်စိုက် စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ကြရပါတယ်။ အဲ့ဒီလိုလုပ်ကိုင်ကြပြီး စပါးပင်တွေ ကြီးထွားရင့်မှည့်ချိန် ရောက်တဲ့ အခါမှာတော့ ရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်းတွေအတွက် လုပ်သားစရိတ်တွေ ထပ်မံကုန်ကျ ကြရပါသေးတယ်။
တောင်သူတွေဟာ လယ်ယာစိုက်ပျိုးမှုတစ်ခု ဖြစ်ထွန်းဖို့အတွက် အဲ့ဒီလို လုပ်သားစရိတ်စက သာမကဘဲ အထွက်နှုန်းတွေ ကောင်းမွန်ဖို့အတွက် သွင်းအားစု၊ ဓာတ်မြေသြဇာ စတာတွေရဲ့ ကုန်ကျမှုတွေ ရှိနေပါတယ်။ အဲ့ဒီလိုကုန်ကျမှုတွေ အားလုံးအတွက် တောင်သူတွေဟာ လယ်ယာစိုက်ပျိုးမှု တစ်ဧကစာကို ဒေသအလိုက် အနည်းဆုံး ကျပ်တစ်သိန်းကနေ နှစ်သိန်းနီးပါးအထိ ကုန်ကျမှုတွေ ရှိနေပါတယ်။
ဒါတင်မကဘဲ တစ်ခါတစ်လေမှာ တောင်သူတွေဟာ ရာသီရဲ့ ဖျက်ဆီးခံရမှုတွေကြောင့် ကုန်ကျမှုစရိတ်တွေ နှစ်ဆကျော် မြင့်တက်ရတာ တွေကိုလည်း ကြုံတွေ့ကြရ ပါသေးတယ်။
လယ်ယာစိုက်ပျိုးမှုမှ ရရှိသည့် ၀င်ငွေ
လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြရာမှာ ဒေသအလိုက် စပါးအထွက်နှုန်းတွေ မတူညီကြဘဲ စိုက်ပျိုးတဲ့ အခြေအနေအပေါ် မူတည်ပြီး ကွာခြားမှုတွေ ရှိကြပါတယ်။ ပျမ်းမျှအနေနဲ့ကတော့ တောင်သူတွေဟာ လယ်တစ်ဧကကို တင်း ၅၀ ကျော် ၆၀ လောက်သာ ထွက်ရှိကြပါတယ်။ ဒါ့အပြင် စပါးဈေးနှုန်း တွေကလည်း အချိန်ကာလအလိုက် ပြောင်းလဲနေတာကြောင့် အကျိုးအမြတ် ရရှိမှုမှာ ကွာခြားမှုတွေ ရှိကြပါတယ်။ အများအားဖြင့် တောင်သူတွေ စပါးရိတ်သိမ်းပြီး ရာသီချိန်မှာ စပါးဈေးနှုန်းတွေ ကျဆင်းလေ့ရှိပြီး နောက်ပိုင်းမှသာ ဈေးနှုန်းပြန်လည် မြင့်တက်လေ့ ရှိပါတယ်။ စပါးဈေးတွေ ကျဆင်းချိန်မှာတော့ တင်းတစ်ရာကို ကျပ်သုံးသိန်းအောက် ဈေးနှုန်းအထိ ကျဆင်းတတ်ပြီး ဈေးနှုန်းမြင့်တက် ချိန်မှာတော့ တင်းတစ်ရာကို အများဆုံး ကျပ်ငါးသိန်း နီးပါးအထိ ရရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း ဈေးနှုန်းရရှိမှုမှာ ကွာဟချက် များပြားလှပါတယ်။
အဲ့ဒီအတွက် တောင်သူတွေရဲ့ ပျမ်းမျှရရှိငွေဟာ တစ်ဧကအတွက် ကျပ်တစ်သိန်းခွဲ ၀န်းကျင်ကနေ နှစ်သိန်းခွဲဝန်းကျင် ရရှိကြပါတယ်။
ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိငွေ နှိုင်းယှဉ်မှု
လယ်တစ်ဧကအတွက် ကုန်ကျစရိတ်ဟာ အနည်းဆုံး ကျပ်တစ်သိန်းကနေ နှစ်သိန်းအထိရှိပြီး စပါးဈေးရှိမှု အလိုက် ပြန်လည်ရရှိငွေဟာ ကျပ်တစ်သိန်းခွဲ ၀န်းကျင်ကနေ နှစ်သိန်းခွဲဝန်းကျင် ရှိပါတယ်။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးနဲ့ ကုန်ကျစရိတ် နှစ်ဆနီးပါးနဲ့ နှစ်ဆကျော် ကုန်ကျခဲ့ရင်တော့ အဲ့ဒီရာသီ အတွက် တောင်သူတွေဟာ အရှုံးကို ရင်ဆိုင်ကြရပါတယ်။
ဒါ့အပြင် ပုံမှန်ကုန်ကျစရိတ်နဲ့ ပုံမှန်ထွက်ရှိမှု ၀င်ငွေရရှိခဲ့ရင်လည်း တောင်သူတွေအတွက် ကျန်ရှိတဲ့ အကျိုးအမြတ်ဟာ နည်းပါးလှပါတယ်။ အချို့သော တောင်သူတွေကတော့ နေ့စားအစား အချို့နေရာမှာ မိသားစုဝင်တွေ ၀င်ရောက် လုပ်ကိုင်မှုကြောင့် အဆိုပါ စရိတ်ငွေ အနည်းငယ် ပိုမိုလာတယ် ဆိုပေမယ့်လည်း ယနေ့ခေတ်ကာလရဲ့ စားဝတ်နေရေး ကုန်ကျစရိတ်အတွက် တစ်နှစ်ပတ်လုံး ၀င်ငွေအကျိုးအမြတ်ဟာ နည်းပါး နေသေးတယ်လို့ ဆိုရမှာပါ။
တောင်သူမိသားစုများ၏ စရိတ်
ကျေးလက်မှာ နေထိုင်ကြသူတွေ အနေနဲ့ မြို့ပြမှာ နေထိုင်ကြသူတွေလောက် ကုန်ကျစရိတ် များပြားမှု မရှိကြဘူး ဆိုပေမယ့် ၀င်ငွေရရှိမှု နည်းပါးတာကြောင့် အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ကျေးလက်ဒေသရှိ တောင်သူတွေဟာ စားစရိတ်အတွက် လိုအပ်တဲ့ဆန်ကို ထွက်ရှိလာတဲ့ စပါးတွေကနေ တစ်နှစ်စာပြန်လည် သိုလှောင်ထားပြီး ဟင်းစားအတွက် ၀ယ်ယူစားသောက် ကြရပါတယ်။ မိုးရာသီ ကာလမှာတော့ မိမိတို့ လယ်ကွက်တွေထဲက ငါး၊ ဖား စတာတွေနဲ့ စိုက်ပျိုးထားရှိတဲ့ ဟင်းသီး ဟင်းရွက်တွေကို ရှာဖွေစားသောက် နိုင်ကြပေမယ့် နွေကာလမှာတော့ ဟင်းစားအတွက်ပါ ၀ယ်ယူစားသောက် ရမှုတွေ ရှိလာရပါတယ်။ ဒါ့အပြင် စားသောက်ဖို့ အတွက် အခြားလိုအပ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတာတွေကိုလည်း ၀ယ်ယူကြရတာကြောင့် တောင်သူတွေဟာ မြို့ပြမှာ နေထိုင်သူတွေလောက် စရိတ်ကုန်ကျမှု မရှိပေမယ့်လည်း အိမ်စရိတ်အတွက် တစ်ရက်ကို ပျမ်းမျှ ကျပ်တစ်ထောင်ဝန်းကျင် ကုန်ကျမှု ရှိကြပါတယ်။ ကျောင်းသားအရွယ် လူငယ်ပိုင်းတွေရှိတဲ့ မိသားစုတွေ ဆိုရင်တော့ ကျောင်းစရိတ် ကုန်ကျမှုလည်း ရှိတာကြောင့် ကုန်ကျငွေတွေ ပိုမိုများပြား ကြပါတယ်။ ဒါကြောင့်လည်း ကျေးလက်ရှိ အချို့သော မိသားစုတွေမှာ ကျောင်းသား လူငယ်တွေကို ပညာရေးပြီးဆုံးအောင် မထားနိုင်ကြဘဲ ကျောင်းမှစောစီးစွာ ထွက်ခွာစေကာ လုပ်ငန်းခွင်အတွင်း ၀င်ရောက်လုပ်ကိုင် စေတာကိုလည်း တွေ့ကြရပါတယ်။
ချေးငွေရယူသုံးစွဲမှု
တောင်သူတွေဟာ မိသားစု စားဝတ်နေရေး စရိတ်တွေကြောင့် ကိုယ်ပိုင်ငွေကြေးတွေ ပိုမိုခြင်းမရှိဘဲ လယ်ယာလုပ်ကိုင်ဖို့အတွက် ချေးငွေရယူပြီး လုပ်ကိုင်ကြပါတယ်။ အဲ့ဒီလိုရယူကြရာမှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ချေးငွေကို ရယူတာ ဖြစ်ပြီး တောင်သူတစ်ဦးကို လယ် ၁၀ ဧကစာ ချေးယူခွင့် ရရှိပါတယ်။ ဒါ့အပြင် အချို့ဒေသတွေမှာတော့ ပုဂ္ဂလိက ဆန်စပါးအထူးပြု ကုမ္ပဏီတွေကပါ တောင်သူတွေကို လယ်ယာစိုက်ပျိုးစရိတ် ချေးငွေပေးအပ်မှုတွေ ရှိနေပါတယ်။
အချို့သော တောင်သူတွေဟာ အဆိုပါ ငွေကြေးတွေကို လယ်ယာလုပ်ငန်းအတွက် အကျိုးရှိရှိ သုံးစွဲမှုရှိပေမယ့် အချို့တွေကတော့ ချေးငွေတွေကို အစိုးရဘက်ကော ပုဂ္ဂလိကဘက်ကပါ ရယူပြီး ငွေကိုအလွယ်တကူ သုံးစွဲမှုတွေ ရှိနေကြပါတယ်။ ဒီလိုငွေကြေး ရရှိချိန်မှာ အလွယ်တကူ ချေးယူသုံးစွဲပြီး ပြန်လည် ပေးဆပ်ရမယ့်အချိန် ရောက်မှသာ အခက်အခဲနဲ့ ရင်ဆိုင်ကြရ သူတွေလည်း ရှိနေပါတယ်။ အဲ့ဒီအတွက် အချို့သော တောင်သူတွေဟာ မိမိတို့ ချေးယူထားတဲ့ ငွေကြေးတွေကို အချိန်မီပြန်လည် မပေးဆပ် နိုင်မှုတွေလည်း ရှိနေပါတယ်။
တောင်သူ အများစုကတော့ ချေးငွေရယူပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြမှုကို အဆင်ပြေ ပေမယ့်လည်း ချေးယူထားတဲ့ ငွေကြေးတွေကို စပါးပေါ်ချိန်ရာသီမှာ အကျေပြန်လည် ပေးဆပ်ရတာကြောင့် စပါးထွက်ရှိ ပြီးတာနဲ့ ရောင်းချမှုပြုလုပ် ကြရပါတယ်။ အများအားဖြင့် တောင်သူတွေ ချေးငွေပြန်ပေးဆပ် ကြရမယ့် စပါးပေါ်ချိန် ရာသီမှာ စပါးဈေးတွေဟာ တစ်နှစ်ပတ်လုံးရဲ့ အနိမ့်ဆုံးဈေးမှာ ရောက်ရှိ တတ်တာကြောင့် တောင်သူတွေဟာ ဈေးကောင်းချိန်ကို စောင့်ဆိုင်းချိန်မရဘဲ ထွက်ရှိလာတဲ့ စပါးတွေကို ထုတ်ရောင်းပြီး ချေးငွေပြန်လည် ပေးဆပ်ကြရပါတယ်။
ဒါကြောင့်လည်း စပါးဈေးတွေ မြင့်တက်လာချိန်မှာတော့ အဲ့ဒီအကျိုးအမြတ်ကို တောင်သူတွေ ရရှိမှု နည်းပါးပြီး တောင်သူတွေဘ၀ ချောင်လည်မှု မရှိကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူတွေဟာ မိသားစုရဲ့ စားဝတ်နေရေးအတွက် ကြိုးပမ်းရမှု၊ နောက်နှစ်စိုက်ပျိုးမှုအတွက် ငွေကြေးရှာဖွေ ကြရမှုတွေနဲ့ တောင်သူတွေရဲ့ လက်ထဲမှာ ငွေကြေးအပိုအလျှံဆိုတာ မရှိတော့ဘဲ ၀င်ငွေနဲ့ ထွက်ငွေကို ချိန်ထိုးပြီး လုပ်ကိုင်လျက် ရှိကြရပါတယ်။
စိုက်ပျိုးထွက်ရှိပြီးတဲ့ စပါးရောင်းဝယ်မှု ပြုလုပ်ပြီး ငွေကြေးရရှိ လာရင်လည်း မိသားစုရဲ့ အသုံးစရိတ်တွေ၊ ချေးယူထားတဲ့ငွေ ပြန်ဆပ်ရမှုတွေကြောင့် တောင်သူတွေမှာ ရရှိတဲ့ငွေကြေးကို အချိန်ကြာကြာတောင် သုံးစွဲခွင့်မရဘဲ ကုန်ကျမှုတွေ ရှိကြရပါ တယ်။ အခုနောက်ပိုင်းမှာ တောင်သူတွေဟာ ငွေကြေးစုဆောင်း နိုင်ဖို့အတွက် ချိန်ထိုးနိုင်ချိန်တောင် မရဘဲ ငွေကြေးကို လည်ပတ်အောင် သုံးစွဲနိုင်ဖို့ကိုတောင် နိုင်နင်းအောင် ကြိုးပမ်းလာကြရတဲ့ အခြေအနေမှာ ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။ တောင်သူတွေအတွက် လက်ဝယ် ငွေကြာရှည်စွာ သုံးစွဲနိုင်ပြီး အမြတ်အစွန်းတွေကို အကျိုးရှိရှိ အသုံးပြုနိုင်ကြဖို့။ ရောင်းဝယ်မှုတွေ ပြုလုပ်ရာမှာ ဈေးကောင်းရချိန်ကို စောင့်ဆိုင်း ရောင်းချမှုတွေ ပြုလုပ်နိုင်ဖို့။ မိသားစုဘ၀တွေ မြင့်မားစေနိုင်ဖို့ ဆိုရာမှာတော့။
ဟယ်ရီမွန်
elevenmediagroup