Tuesday, September 24, 2013

နိုင်ငံရေး ဆွေးနွေးပွဲဖြင့် နိုင်ငံရေး အဖြေရရန် ပြုလုပ်မည်ကို ယုံကြည်ရန် အစိုးရက မှန်ကန်သည့် ရိုးသားမှုပြရန် လိုဟုဆို

0 comments
24.9.2013

နိုင်ငံရေး ဆွေးနွေးပွဲဖြင့် နိုင်ငံရေး အဖြေရရန် ပြုလုပ်မည်ကို ကေအိုင်အိုမှ ယုံကြည်ရန်အတွက် အစိုးရက မှန်ကန်သည့် ရိုးသားမှုပြရန် လိုကြောင်း မလေးရှား တက္ကသိုလ်မှ ပဋိပက္ခ ဖြေရှင်းရေး ဘာသာရပ် ကျွမ်းကျင်သူ ပါမောက္ခ Kamarulzaman Askandar က ပြောကြားသည်။

ပါမောက္ခ Kamarulzaman Askanda သည် လက်နက်ကိုင် ပဋိပက္ခများ တားဆီးရေး နိုင်ငံတကာ ပူးပေါင်းအဖွဲ့ (GPPAC) ၏ အရှေ့တောင်အာရှ ကွန်ရက်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှ ကွန်ရက် အဖွဲ့ဝင်များ၏ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ထိ ကချင်ပြည်နယ်သို့ သွားရောက်၍ စစ်ဘေးဒဏ် ခံစားနေရသော ဒုက္ခသည် ပြည်သူလူထုများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ လေ့လာတွေ့ရှိချက်များအား စက်တင်ဘာ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုကို ထိုသို့သုံးသပ် ပြောကြားခြင်းဖြစ်သည်။ KIO ဘက်မှ ၁၇ နှစ်ကြာအောင် အပစ်ရပ်စဲရေး သဘောတူညီချက်ဖြင့် နေခဲ့သော်လည်း နိုင်ငံရေး အဖြေကို အစိုးရမှ အကောင်အထည် မဖော်ပေးနိုင် လိုက်ကြောင်း၊ အပစ်အခတ် ရပ်စဲထားမှုသည် လိုအပ်ချက် အမျိုးမျိုး ရှိကြကြောင်း၊ အပစ်အခတ် ရပ်နေသည့် အချိန်တွင် စစ်အင်အားကောင်းအောင် (သို့မဟုတ်) စီးပွားရေး အင်အားကောင်းအောင် ကြိုးစားမှုများ ရှိကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်ပါက လိုအပ်သည့် အဖြေရတော့မည် မဟုတ်ကြောင်း ဒေါက်တာ Kamarulzaman Askanda က ပြောကြားသည်။

"အဓိကကျတဲ့ နိုင်ငံရေး ကိစ္စတွေကို မဆွေးနွေးဘဲနဲ့ ထားလိုက်လို့ရှိရင် တကယ်ရရမယ့် အဖြေဟာ မရတော့ဘူး။ ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ နိုင်ငံရေးအဖြေကို ထုတ်မယ်ဆိုတာကို KIO ဘက်က ယုံကြည်သွားဖို့ကို ယုံကြည်မှုရဖို့ အတွက်ကို အစိုးရဘက်က စစ်မှန်တဲ့မှန်ကန်တဲ့ ရိုးသားမှုကိုပြဖို့ လိုပါလိမ့်မယ်'' ဟု ပါမောက္ခ Kamarulzaman Askanda က ပြောကြားသည်။

အစိုးရ အနေဖြင့် KIO မှ ယုံကြည်မှုရရှိရန် နိုင်ငံရေး ဆွေးနွေးပွဲမှ နိုင်ငံရေး အဖြေရှာမည်ကို ပြုလုပ်ရမည် ဖြစ်သလို တစ်ဖက်တွင်လည်း အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန်လိုပြီး အပစ်အခတ် ရပ်စဲရေးသည် အရေးကြီးကြောင်း ပါမောက္ခ Kamarulzaman Askanda က ပြောကြားသည်။

''အပစ်အခတ် ရပ်စဲဖို့ဆိုတာ အရေးကြီးပါတယ်။ အပစ်အခတ် ရပ်ပြီးတော့မှ သူနဲ့ ကိုယ်နဲ့ ဟိုဘက်ဒီဘက် အပြန်အလှန် ရန်လိုမှုတွေ ရပ်ဖို့လိုတယ်။ အထူးသဖြင့် ရန်လိုမှုတွေ ဘာကြောင့် ရပ်ဖို့လိုသလဲဆိုရင် ပြည်သူတွေက မြေဇာပင် မဖြစ်ဖို့။ ပြည်သူတွေရဲ့ ဘ၀တွေအတွက် အပြန်အလှန် ပစ်နေတာတွေ၊ ရန်လိုမှုတွေ ရပ်ဖို့လိုတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အရေးကြီးပါတယ်'' ဟု ပါမောက္ခ Kamarulzaman Askanda က ဆက်လက် ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေးသည် အနှစ်သာရအရ ပြောရမည် ဆိုပါက ပဋိပက္ခကို ဖြေရှင်းမည့် အခြေအနေအတွက် ကြားခံအဆင့် တစ်ခုသာ ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲ၍ ပဋိပက္ခများ ဖြေရှင်းပြီးသွားသည် မဟုတ်ဘဲ နိုင်ငံရေး ပြဿနာကို ပြဿနာ၏ အခြေခံ ရေသောက်မြစ်မှ ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ တစ်ဆင့်တက်နိုင်ရန် သဘောတူညီမှုတစ်ခု ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ပါက တချိန်တည်းတွင် နိုင်ငံရေးအရ လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာ ပဋိပက္ခကြီးကို ဘယ်တော့မှ ပြန်မဖြစ်အောင် မည်သို့ ဖြေရှင်းကြမလဲဆိုသည့် နိုင်ငံရေးကိစ္စ ပါကို ပါရမည် ဖြစ်ကြောင်း ပါမောက္ခ Kamarulzaman Askanda က ပြောကြားသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here