Saturday, September 28, 2013

ကမ်းဝေး ငါးဖမ်းရေယာဉ်များ ကမ်းနီးလုပ်ကွက်သို့ ၀င်ရောက်ဖမ်းဆီးနေမှုကြောင့် ကမ်းနီး ငါးဖမ်းသူများငွေကျပ်သိန်းနှင့်ချီ ဆုံးရှုံး

0 comments

                              (ကမ်းဝေး ငါးဖမ်းယာဉ်များကို တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဇင်))

28.9.2013
ကမ်းဝေး ငါးဖမ်းရေယာဉ်များသည် ကမ်းနီး လုပ်ကွက်အတွင်းသို့ တရားမ၀င် ၀င်ရောက်ဖမ်းဆီးမှုများ ရှိနေသည့်အတွက်ကြောင့် ကမ်းနီး လုပ်ကိုင်သူများ၏ ငါးဖမ်းပိုက်များ ပျက်စီးကာ ငွေကျပ်သိန်းနှင့်ချီကာ ဆုံးရှုံး နစ်နာနေမှုများ ရှိနေကြောင်း ကမ်းနီး ငါးဖမ်းနေရာတွင် လုပ်ကိုင်နေသူများ၏ ပြောကြားချက်အရ သိရသည်။
ကမ်းဝေး ငါးဖမ်းရေယာဉ်များမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းနီး ငါးဖမ်းလုပ်ကွက်အတွင်းသို့ ၀င်ရောက်နေကြကြောင်း သက်ဆိုင်ရာ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောကြားသည်။
''လေ့လာကြည့်တဲ့အခါကြတော့ ကမ်းစပ်တွေမှာ နိုင်ငံတော် လုံခြုံရေးဆိုပြီး တပ်စွဲထားတာရှိတယ်။သင်္ဘောတစ်စီးကို အနည်းဆုံးတော့ ဆီးတစ်ပုံး ပေးရတဲ့ သဘောရှိတယ်။လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေကိုက စည်းကမ်းဖောက်လာတဲ့ သဘောတွေရှိတယ်။ပြည်ပက ငါးခိုးသင်္ဘောတွေ ၀င်လာတာကို ဟန့်တားမှုမလုပ်တော့ဘူး။သူက အဲဒီလို အခြေအနေမျိုးတွေရှိတယ်''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

''ကျွန်တော်တို့ ငရုပ်ကောင်းမှာက ကမ်းဝေး ငါးဖမ်းသင်္ဘောတွေ နေ့စဉ်ဝင်ဖမ်းနေတာတွေ အများကြီး ရှိပါတယ်။သူတို့ ၀င်ဖမ်းတဲ့အတွက်ကြောင့် ငါးဖမ်းပိုက်တွေ အများကြီး ပျက်စီးပါတယ်။ ငွေကျပ်သိန်းနဲ့ ချီပြီး ဆုံးရှုံးမှုတွေရှိပါတယ်။အဲဒီပိုက်တွေကို ကျွန်တော်တို့ လယ်ရှိရင် လယ်တွေကို ပေါင်နှံပြီးတော့ ၀ယ်ထားတာပါ။ပျက်စီးသွားတဲ့ ပိုက်တွေကို ပြန်လိုချင်တယ်။အခုလို ၀င်ဖမ်း နေတာတွေကိုလည်း တရားဥပဒေလမ်းကြောင်းအရ သွားချင်တယ်။သက်ဆိုင်ရာက ကျွန်တော်တို့ ကမ်းခြေကို ဆီနဲ့ အလဲအလှယ်လုပ်ပြီး ရောင်းစားနေတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်''ဟု ငပုတောမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကြည်ငွေက ပြောကြားသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ ကမ်းနီး ငါးဖမ်းလုပ်ကွက်တွင်လည်း အခြားပြည်နယ်နှင့် တိုင်းများမှ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ ၀င်ရောက်ဖမ်းဆီးများ ရှိနေပြီး ယင်းတို့ကြောင့် ကမ်းနီးလုပ်ကိုင်သူများ ၏ ငါးဖမ်းပိုက်များ ပျက်စီးဆုံးရှုံးမှုများရှိ သည့်အပြင် သံယံဇာပိုင်းတွင်လည်း ထိ ခိုက် နစ်နာနေမှုများရှိကြောင်း ရခိုင်ပြည် နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစံကျော်လှ ၏ ပြောကြားချက်အရ သိရှိရသည်။

ထို့သို့ ကမ်းဝေး ငါးဖမ်းရေယာဉ်များမှ ကမ်းနီးသို့ ၀င်ရောက်ဖမ်းဆီးနေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သက်ဆိုင်ရာသို့ တရားဝင်စာများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here