Friday, September 27, 2013

တရုတ် ဗိုလ်ချုပ်ကြီး၏သား မုဒိမ်းမှုဖြင့် ထောင် ၁၀ နှစ် ချမှတ်ခံရ

0 comments



ဘေဂျင်း၊ စက်တင်ဘာ ၂၆

တရုတ် ဗိုလ်ချုပ်ကြီးတစ်ဦး၏ သားကို မုဒိမ်းမှုဖြင့် ဘေဂျင်းမြို့ရှိ အိုက်ဒီယန် တရားရုံးက စက်တင်ဘာလ ၂၆ ရက်၌ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်တပ်မတော်မှ ဗိုလ်ချုပ်ကြီး လီရွှမ်းချောင်၏ သားဖြစ်သူ လီထျင်းယီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက အပေါင်းအပါ လေးဦးနှင့်အတူ အရက်မူးပြီး အမျိုးသမီး တစ်ဦးကို ဟိုတယ်ခန်း တစ်ခုအတွင်းတွင် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့မှုဖြင့် အဖမ်းခံခဲ့ရပြီး ယခုအခါတွင် ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ၎င်းအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အသက် ၁၇ နှစ် အရွယ်ရှိပြီ ဖြစ်သော လီထျင်းယီကမူ ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုများကို အစောပိုင်းက ငြင်းဆိုခဲ့ပြီး သူ့အနေနှင့် ထိုအမျိုးသမီးနှင့် ကာမစပ်ယှက်ခဲ့ခြင်း မရှိသလို ထိုအမျိုးသမီးမှာလည်း ကြေးစား အပျော်မယ် တစ်ဦးသာ ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

လီထျင်းယီ၏ အမှုကို ဘေဂျင်းမြို့ရှိ ဟိုက်ဒီယန် တရားရုံးတွင် ကြားနာစစ်ဆေးခဲ့ပြီး ထိုအမှုတွင် ပါဝင် ပတ်သက်ခဲ့သော လီထျင်းယီ၏ သူငယ်ချင်း လေးဦးမှာလည်း ထောင်ဒဏ် ၃ နှစ်မှ ၁၂ အတွင်း ပြစ်ဒဏ်များကို အသီးသီး ကျခံခဲ့ရသည်။

လီထျင်းယီအနေနှင့် လူအများ ဝိုင်းဝန်းဝေဖန်စရာ ပြစ်မှုမျိုး ကျူးလွန်သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၁၁ ခုနှစ်ကလည်း လူငယ်စုံတွဲ နှစ်ဦးကို လူမြင်ကွင်းတွင် ဒေါသအလျောက် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် လူအများ ဝေဖန်စရာ ဖြစ်ခဲ့ရဖူးသည်။

ထိုစဉ်က လီထျင်းယီသည် လိုင်စင် နံပါတ်ပြား မပါသော BMW ကားကို မောင်းနှင်ခဲ့ပြီး ၎င်းသွားမည့် လမ်းကြောင်း၌ ပိတ်နေသော ကားတစ်စီးပေါ်မှ စုံတွဲနှစ်ဦးကို လူမြင်ကွင်းတွင် ကိုယ်ထိလက်ရောက် စော်ကားခဲ့ခြင်း ဖြစ်သည်။

လီထျင်းယီသည် ထိုပြစ်မှုအတွက် လူငယ်ပြုပြင်ရေး စခန်းတွင် တစ်နှစ်ခန့် ထိန်းသိမ်းခံခဲ့ရပြီး သူ၏ဖခင်ဖြစ်သူ ဗိုလ်ချုပ်ကြီး လီရွှမ်းချောင်မှာလည်း အဆိုပါ စုံတွဲနှစ်ဦးကို လူသိရှင်ကြား ပြန်လည် တောင်းပန်ခဲ့ရသည်။

ယခု လီထျင်းယီ ကျူးလွန်ခဲ့သော ပြစ်မှုမှာ အရာရှိကြီးများ၏ သား၊ သမီးများကို ဥပဒေ အထက်တွင်ရှိသော ဆိုးသွမ်း လူငယ်များအဖြစ် ရှုမြင်လျက်ရှိသည့် တရုတ် ပြည်သူလူထု၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here