Thursday, September 26, 2013

အတိတ်ဖြစ်ရပ်များကို သင်ခန်းစာယူကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရေး ဆွဲသင့်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ တိုက်တွန်း

0 comments


(စက်တင်ဘာ ၂၅ ရက်က ၁၉၉၀ ပြည့်နှစ် ထောင်တွင်းတိုက်ပွဲ(၂၃)နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပစဉ် (ဓာတ်ပုံ-အိနီတာကို))

၁၉၉၀ ပြည့်နှစ် ထောင်တွင်းတိုက်ပွဲ (၂၃)နှစ်မြောက် အခမ်းအနား၌ နိုင်ငံရေး အကျဉ်းသားဟောင်းများက ယခင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအား သင်ခန်းစာယူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် လူ့အခွင့် အရေးနှင့် ပတ်သက်သည့် အချက်အလက်များအား ပြည့်ပြည့်စုံစုံ ထည့်သွင်း ရန်လိုကြောင်းနှင့် ကော့သောင်းထောင်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အား လေးလေးနက်နက် စုံစမ်း စစ်ဆေးသင့်ကြောင်းကိုလည်း ပွဲကျင်းပစဉ် ထည့်သွင်းပြောကြားသည်။

ထိုအခမ်းအနားကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရွှေတောင်ကျောင်းတိုက်တွင် စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီမှ စတင်ကျင်းပခဲ့ပြီး ၁၉၉၀ ပြည့်နှစ်က အင်းစိန်ထောင်တွင်း တိုက်ပွဲတွင် ပါဝင်ခဲ့သူ အများအပြား တက်ရောက်ခဲ့သည်။ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာမောင်မိုးသူက ''ကျွန်တော်တို့ အဲဒီ့အချိန်က (၂) တိုက်မှာပါ။ တိုက်ပွဲစတော့ တစ်တိုက်နဲ့တစ်တိုက် အော်ပြောကြတာပေါ့။ ဘဘတို့ကို စာဥသီချင်း ဖွင့်ပြီးတော့ကိုရိုက်တာပဲ။ အခု(၂၃)နှစ်ပြည့်ပြီးချိန်မှာ အခုအချိန်အထိ ဒီမိုကရေစီ စစ်စစ်မှန်မှန် မရသေးတော့ တိုက်နေရဦးမှာပေါ့''ဟု The Daily Eleven ကိုပြောကြားသည်။ ထို့အပြင် ဆရာဦးမိုးသူက အခမ်းအနား၌ အမှတ်တရစကား ပြောကြားရာတွင် စက်တင်ဘာ ၇ ရက် ည ၇ နာရီ အချိန်တွင် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအား ကြိုးတိုက်အတွင်းသို့ ပြောင်းရွှေ့ခဲ့ရာ ဆရာဦးမိုးသူ အပါအ၀င် NLD ပါတီဝင်လေးဦး၊ လူ့ဘောင်သစ် ပါတီဝင် နှစ်ဦးနှင့် ပြည်သူ့ရဲဘော်ပါတီမှ တစ်ဦး ကို ပြောင်းရွှေ့ခဲ့ကြောင်းနှင့် ထိုတိုက်အတွင်း ကြိုးသမားများနှင့်အတူတူ ဆိုးရွားလှသည့် တိုက်ပွဲ ကို ကျော်ဖြတ်ခဲ့ရကြောင်း ပြောကြားသည်။ ထို့အပြင် ဦးမိုးသူ က''ရှစ်လေးလုံး အရေးတော်ပုံမှ ပေါက်ဖွားခဲ့သည့် NLD ပါတီအပါအ၀င် မိတ်ဆွေရဲဘော်တွေကို တိုက်တွန်း ချင်တာကတော့ ကျွန်တော်တို့ လိုချင်တာက စစ်မှန်တဲ့ ဒီမိုကရေစီလိုချင်တာ ပြည်တွင်းငြိမ်းချမ်းရေး လိုချင်တာဖြစ်ပါတယ်။ အခုဟာက ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်တယ်လို့ပြောပြီး အပစ်ရပ်တဲ့ လက်မှတ်သာထိုးတာပါ။ တိုက်ပွဲတွေက ဖြစ်နေတုန်းပဲ။ တိုင်းပြည်တွင်းမှာလည်း ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေတုန်းပဲ။ ဒီမိုကရေစီဆိုတာလဲ အသံသာထွက်ပြီး အဆန်မပါတဲ့ အမြှောက်လို ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် ဒီမိုကရေစီတိုက်ပွဲဟာ မပြီးဆုံးသေးပါဘူး။ ဆက်လက်ပြီးတော့ ဒီမိုကရေစီ အစစ်အမှန်ရအောင်၊ ကျွန်တော်တို့တိုင်းပြည် ဆင်းရဲတွင်းကနေ လွတ်မြောက်အောင်၊ ငြိမ်းချမ်းရေးရအောင် ကြိုးစားကြပါ'' ဟု ပြောကြားသည်။

ထို့အပြင် ကိုယ်တိုင်တွေ့ကြုံခဲ့ရသူများက ၎င်းတို့၏ အတွေ့အကြုံများကို ပြောကြားကြသည်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဆရာဦးဇော်ဖေ၀င်းက အမှတ်တရ အထိမ်းအမှတ် ကျင်းပရန်အတွက် ရဲဘော်ရဲဘက်များ ၀ိုင်းဝန်းကောက်ခံသည့် အလှူငွေမှအပ အခြားမှရရှိသည့် ငွေများများစားစားမပါရှိဘဲ ရရှိသည့် အလှူငွေများအား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ရည်စူးကာ ဘာသာကြီးလေးခုလုံး ပါဝင်သည့် ငြိမ်းချမ်းရေးကွန်ရက်များသို့ လှူဒါန်းမည်ဟု ပြောကြားသည်။

ဦးဇော်ဖေ၀င်းက ''ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲက မပြီး ဆုံးသေးပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးက လည်း အခုထိ မရသေးပါဘူး။ ၁၉၆၂ ကနေစပြီး ပျက်စီးလာတဲ့ စီးပွားရေး အခြေအနေကလည်း ဆိုးသထက် ဆိုးလာပါတယ်။ တောင်သူလယ်သမားတွေ၊ အလုပ် သမားတွေရဲ့ ဘ၀က ပိုဆိုးလာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အစိုးရပိုင်းက ၀န်ကြီးတွေ၊ သူတို့နဲ့နီးစပ်တဲ့ သူတို့ကို ကပ်မြှောင် စားသောက်နေသူတွေသာ လွတ်လပ်ရေးရဲ့ အရသာကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ခရိုနီတွေ ချမ်းသာခဲ့ကြပါတယ်။ ပြည်သူအများစုကတော့ ဆင်းရဲတွင်းနက်နေတာ အခုထိ ဒီအတိုင်းပါပဲ။ ဒီဘ၀ကနေ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့အလုပ်တွေ အများကြီး လုပ်ရဦးမှာ ဖြစ်ပါတယ်'' ဟုဆိုသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ပေးပို့သည့် သ၀ဏ်လွှာတွင် ၁၉၉၀ ပြည့်နှစ် ထောင်တွင်း တိုက်ပွဲတွင် အဓိက တာဝန်ရှိသူများအဖြစ် (၁) ဒုတိယညွှန်ချုပ် ဦးအုန်းဟန်၊ (၂) ထောင်ပိုင် ဦးဘိုကြည်၊ (၃) ဒေါက်တာ ဦးစိုးကြည်၊ (၄)ထောင်ပိုင်လေး ဦးပြုံးချို၊ (၅) စစ်ထောက် လှမ်းရေးများ ဖြစ်သည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနှင့် ကလဲ့စားချေလိုခြင်း၊ တရားစွဲဆိုခြင်းများအား ပြုလုပ်မှာ မဟုတ်သော် လည်း ကော့သောင်းထောင် တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များတွင် တာဝန်ရှိသူများအား အစိုးရ အနေနှင့် စစ်ဆေးဖော်ထုတ်ရန် လိုအပ်ကြောင်း၊ အကျဉ်းသားများအား အကျဉ်းထောင် လက်စွဲ ဥပဒေ ထက် ကျော်လွန်ကာ ရိုက်နှက် ညှဉ်းပန်းခြင်းများအား ထပ်မံပြုလုပ်ခြင်း မရှိစေရန်မှာ အစိုးရ၏ တာဝန် သာဖြစ်ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်းများက တောင်းဆိုလိုက်သည်။

၁၉၉၀ ပြည့်နှစ် စက်တင်ဘာလတွင် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက အနိုင်ရ NLD ပါတီအား အာဏာ လွှဲအပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ အကျဉ်းထောင်အတွင်းစာရေး၊ စာဖတ်ခွင့်ပြုရန်၊ အကျဉ်းသားများအား ထမင်းဝအောင်ကျွေးရန် အစရှိသည့် တောင်းဆိုချက်များအား တောင်းဆိုကာ အစာငတ်ခံ ဆန္ဒပြခဲ့သဖြင့် ထောင်အာဏာပိုင်များက ရိုက်နှက်ညှဉ်းပန်းခဲ့ခြင်း ဖြစ်သည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here