Monday, September 30, 2013

အခြေခံဥပဒေနှင့် ပတ်သက်သည့် ပြည်သူ့သဘောထားကို လွှတ်တော်ကော်မတီထံ ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားတင်မည်

0 comments
သိင်္ဂီထွန်း၊ နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၅၁ မိနစ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည် အသစ်ရေးဆွဲမည်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးသောကြောင့် ပြည်သူ့ ဆန္ဒရယူကာ ဒီဇင်ဘာလ ၁ ရက် နောက်ဆုံးထား၍ လွှတ်တော်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို တင်ပြမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၈ ရက်တွင် ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် တိုင်းရင်းသားအဖွဲ့များနှင့် အခြေခံဥပဒေဆိုင်ရာ အပတ်စဉ် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ထွက်လာတဲ့ အသံအပေါ်မှာ အခြေခံပြီး ကျွန်မတို့ အားလုံးစုပေါင်းပြီးတော့ ကြေညာချက်တစ်ခု ထုတ်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြပေးမှာ။ ဒါကတော့ ကျွန်မတို့ ကြားရတဲ့ ပြည်သူတွေရဲ့ အသံပဲ။ ပြည်သူတွေရဲ့ ဆန္ဒကို ရောင်ပြန်ဟပ်တဲ့အသံပဲ။ အဲတော့ ဒီအသံနဲ့ ကိုက်ညီအောင်လို့တော့ ဖွဲ့စည်းပုံအခြေခံ သုံးသပ်ရေးကော်မတီ ရဲ့ အစီရင်ခံစာက ဖြစ်သင့်တယ်လို့တော့ ယူဆရတာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည် (သို့မဟုတ်) အသစ်ရေးဆွဲမည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ ဆွေးနွေးရာတွင် တစ်ညီတစ်ညွတ် ဆုံးဖြတ်ချက် မကျနိုင်သောကြောင့် ယခုကဲ့သို့ ပြည်သူ့ထံမှ သဘောဆန္ဒရယူရခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ရယူမယ်ဆိုတာ ဒီလိုပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီမံကိန်းချပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ နယ်တွေအထိ တတ်နိုင်လို့ရှိရင် ရွာတွေထိပါလိုက်ပြီး ပြည်သူလူထုကိုချပြဖို့။ ဒါဟာ မကြာခင် စတော့မှာဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဘာကြောင့်မို့လို့ ပြည်သူလူထုနဲ့ဆိုင်လဲဆိုတာ ရှင်းပြမယ်”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းလျက်ရှိသော်လည်း တိုင်းရင်းသား အဖွဲ့အစည်းများကမူ အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒရှိနေကြခြင်းဖြစ်သည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကမူ “စစ်တမ်းသဘောမျိုး လိုက်လံ ကောက်ယူမှာက #NLD ရဲ့ သဘောထားပါ။ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ကတော့ အသစ်ရေးဆွဲနေတဲ့ လုပ်ငန်းစဉ်ကို တစ်ဖက်တစ်လမ်းကနေ လုပ်ဆောင်နေမှာပါ”ဟု မဇ္ဈိမကို ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှာလား။ အားလုံး အသစ်ရေးဆွဲမှာလားဆိုတာ ခြုံငုံပြီး ပြောရမယ်ဆိုရင် ဒါနဲ့ ပတ်သက်လို့ ကျွန်မတို့ အမြင်နှစ်မျိုးရှိတယ်။ ပြုပြင်လို့ရှိရင် သူ့ရဲ့အကျိုးဆက်တွေက ဘယ်လိုရှိလဲ။ ဘယ်လိုပုံစံနဲ့ ပြုပြင်ရမလဲ။ အသစ်ရေးဆွဲမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ရေးဆွဲနိုင်မလဲ။ အကျိုးဆက်တွေက ဘာတွေရှိနိုင်မလဲဆိုတာ ကို ကျွန်မတို့အနေနဲ့ ပြည်သူလူထုကို ချပြပြီးတော့ ပြည်သူလူထုရဲ့အသံကို နားထောင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်သူ့ဆန္ဒရယူရန်အတွက် အောက်တိုဘာလနှင့် နိုဝင်ဘာလ နှစ်လအတွင်း ဆောင်ရွက်မည်ဖြစ်ပြီး NLDမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှ ခေါင်းဆောင် ခုနှစ်ဦးက ပြည်နယ်နှင့်တိုင်း နှစ်ခုစီ တာဝန်ခွဲယူကာ လုပ်ဆောင်မည်ဟု ပြည်သူ့ဆန္ဒရယူရန် အခြေခံဥဒေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းကို တာဝန်ယူ ရှင်းလင်းမည့် ဦးကိုနီက မဇ္ဈိမကို ပြောသည်။

ပြည်နယ်နှင့် တိုင်းများတွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက် တစ်ဆင့်ချင်း ဖိတ်ကြားမှုလုပ်ကာ အခြေခံဥပဒေသည် ပြည်သူများနှင့် ဆိုင်ကြောင်း၊ လက်ရှိအခြေခံဥပဒေ၏ အားနည်းချက်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးကြီးပုံ၊ အခြေခံဥပဒေများရဲ့ သမိုင်းကြောင်းတွေကို လိုက်လံရှင်းပြမည် ဖြစ်သည်။

“NLD အဖွဲ့တွေအတွက် စစ်တမ်းကောက်ယူတဲ့နေရာမှာ ဘာသာစကား အခက်အခဲ ဖြစ်တာတို့၊ တိုင်းရင်းသားဒေသတွေမှာ အဆင်မပြေနိုင်တာတို့ ဆိုရင်တော့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ကူညီသွားမှာပါ၊ ဒါပေမဲ့ အခု အချိန်ထိတော့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ သေချာမပြောရသေးပါဘူး”ဟု ဦးအေးသာအောင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်တွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ”ကို ဖွဲ့စည်းထားပြီး ထိုကော်မတီသည် အစိုးရအဖွဲ့မှ ပြည်သူအထိ အကြံပြုချက် ရယူနိုင်ပြီး အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ထံ ဒီဇင်ဘာ နောက်ဆုံးထားကာ တင်သွင်းရမည်ဖြစ်သည်။

ယင်းကော်မတီကို ကော်မတီဝင် ၁၀၉ ဦးဖြင့် ဇူလိုင်လတွင် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက ဥက္ကဌအဖြစ် တာဝန်ယူထားကာ ဒုဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများက တာဝန်ယူထားသည်။

လက်ရှိအခြေခံဥပဒေအား အသစ်ပြန်လည်ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါဝင်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNC) တို့ကလည်း နိုဝင်ဘာလ နောက်ဆုံးထားရေးဆွဲမည်ဟု ပြောကြားခဲ့ဖူးသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here