Wednesday, September 25, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အုပ်ချုပ်ရေး ပြဿနာများ ဖြေရှင်းရာ၌ ပြည်သူများ နစ်နာမှု မရှိစေရေး ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းကြောင်းအဆို ရှုံးနိမ့်

0 comments



စက်တင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတင် မကျင်းပမီ ကိုယ်စား လှယ်များ နေရာ ယူနေသည်ကို တွေ့ရစဉ်
  25.9.2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြည်သူလူထုနှင့် အုပ်ချုပ်ရေး ပြဿနာများ ထိတွေ့ ဖြေရှင်းရာ၌ ပြည်သူများ နစ်နာမှု မရှိစေရေး ကိုင်တွယ် ဖြေရှင်းပေးရန် တိုက်တွန်းကြောင်း အဆိုကို စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရာ အဆိုမှာ ရှုံးနိမ့်ခဲ့သည်။     

ယင်းအဆိုကို စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်မှ လက်ခံ ဆွေးနွေးရန် သဘောတူညီခဲ့ကာ စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သော လွှတ်တော်၌ ဆွေးနွေးရာ၌ ကိုယ်စားလှယ် သုံးဦး ဆွေးနွေး ခဲ့ပြီး နှစ်ဦးမှ ထောက်ခံ ဆွေးနွေးခဲ့သော် လည်းတစ်ဦးမှ မှတ်တမ်းတင်ရန် ဆွေးနွေးခဲ့သည်။    

ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက လူထုလူတန်းစားများနှင့် ထိတွေ့ ဖြေရှင်းရာတွင် သဟဇာတမဖြစ်ဘဲ တင်းမာနေ သည်ကို တွေ့မြင်နေရကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁)(၂)မှ စိုက်ပျိုးလုပ်ကိုင် သူများနှင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မပန်းကွင်းမှ ပန်းဆိုင်များ လုပ်ကိုင်နေသူများအား သက်ဆိုင်ရာမှ ဖယ်ရှားရာတွင် အင်အားသုံးမှုများ ရှိခဲ့သည့်အတွက် မဖြစ်သင့် မဖြစ် ထိုက်သည်များ ဖြစ်ပွားနေကြောင်း အဆိုတင်သွင်းစဉ်က ပြောကြားသည်။

အတိုက်အခံ ပါတီတွေက တင်တဲ့အဆိုတွေ အကုန်လုံး ပယ်သလို ဖြစ်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ မထောက်ခံတာလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အတော်များများက မလွတ်လပ်ကြဘူး။ လွှတ်တော် ကိုယ်စားလှယ် အများစုက အုပ်ချုပ်ရေး အာဏာပိုင် အငွေ့အသက်နဲ့ မကင်း လွတ်ကြတဲ့ အတွက် သူတို့ရဲ့ဆန္ဒကို လွတ်လပ်လပ်ထုတ်ဖော်ခွင့် မရဘူး . . . .    . 
ယင်းအဆိုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မိကျောင်းကန်နှင့် မင်းဓမ္မ ပန်းကွင်း ဖြစ်စဉ်များတွင် ပြောင်းရွှေ့ရန် တရားဥပဒေနှင့်အညီ လုံလောက်သည့် အချိန်ပေး၍ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေါ်ယူညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး မရခြင်းကြောင့် ဥပဒေနှင့် အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ နစ်နာမှု မရှိအောင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်များတွင် လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဖြေရှင်း ခဲ့မှုများ ရှိခဲ့ကြောင်း ပြန်လည်ဖြေရှင်း ပြောကြားသည်။   

"ရန်ကုန်တိုင်း ဒေသကြီးအတွင်း အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ပြည်သူဗဟိုပြုရေး ဦးတည်ချက် များကို သေချာဆုပ် ကိုင်လျက် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ပြည်သူများ နစ်နာမှု မရှိစေရန် နှစ်ဦးနှစ်ဖက် သဟာဇာတ ဖြစ်ရေးနှင့် ဥပဒေနဲ့အညီ အမြဲတမ်း ဖြေရှင်းခဲ့သည့်အပြင် ဆက်လက်ပြီးတော့ လည်း ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ လိုက်နာကျင့်သုံးမှု မရှိသောသူများ ထိခိုက်နစ်နာမှုကို ဥပဒေအရ တောင်းဆိုခွင့် မရှိသော်လည်း နစ်နာမှုများပေါ် လူမှုရေး ရှုထောင့်ဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့် အဆိုကို လွှတ်တော်မှ မှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါကြောင်း တင်ပြအပ်ပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

ယင်းကဲ့သို့ ဆွေးနွေးဖြေကြားချက်များ အပြီးတွင် လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထား တောင်းခံရာ အဆိုတင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဆိုအား မဲခွဲဆုံးဖြတ်ရန် ပြောကြားခဲ့သဖြင့် မတ်တပ်ရပ် စနစ်ဖြင့် မဲခွဲရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် အများစုမှ မတ်တပ်ရပ်ခြင်း မရှိဘဲ ကန့်ကွက်မဲ များသဖြင့် အဆိုအား အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းကဲ့သို့ အဆိုရှုံးနိမ့်မှုနှင့် ပတ်သက်၍ "အတိုက်အခံ ပါတီတွေက တင်တဲ့အဆိုတွေ အကုန်လုံး ပယ်သလို ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မထောက်ခံ တာလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အတော်များများက မလွတ်လပ်ကြဘူး။ လွှတ်တော်ကိုယ်စားလှယ် အများစုက အုပ်ချုပ်ရေး အာဏာပိုင် အငွေ့အသက်နဲ့ မကင်းလွတ်ကြတဲ့အတွက် သူတို့ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့် မရဘူးလို့ ထင်တယ်" ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သုံးသပ်ခဲ့သည်။

Eleven Media Group   



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here