Saturday, September 28, 2013

ငါးလအတွင်း ပြည်ပမှ တင်သွင်းလာသည့် ထိခိုက်တိုက်ကြေယာဉ်အစီး ၁၃၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

0 comments



28.9.2013

အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး စီမံချက်အရ ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား စတင်ဖမ်းဆီးသည့် ငါးလအတွင်း ယာဉ်အစီးရေ ၁၃၀ အား နိုင်ငံပိုင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် အဆိုပါ စီမံချက်အရ ပြည်ပမှ ယာဉ်များ တင်သွင်းရာတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၅ ရက်အထိ စီမံချက် မော်တော်ယာဉ်ပေါင်း ၁၂၆၇၇၃ စီးအား ပြည်ပမှ တင်သွင်းခဲ့ပြီး အဆိုပါယာဉ်များတွင် ထိခိုက်တိုက်ကြေ ပျက်စီးကားများ တင်သွင်း ထားခြင်းမရှိကြောင်း တွေ့ရှိရသော်လည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၅ ရက် နောက်ပိုင်းတွင် ထိခိုက် တိုက်ကြေ ပျက်စီးကားများ တင်သွင်းလာမှု များပြားလာကြောင်း သိရသည်။

ထိခိုက်တိုက်ကြေ ပျက်စီးကားများ၏ အနေအထားအရ သုံးစွဲသူများအတွက် လုံခြုံမှု စိတ်မချရသော အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်နေသည့်အတွက် အကောက်ခွန် ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသော တိုက်ကြေ ပျက်စီးကားများသည် သုံးစွဲသူ ပြည်သူလူထုအတွက် ထိခိုက်နစ်နာစေနိုင်ခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်း၊ ကုန်သွယ်ရေး မူဝါဒများနှင့် အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် အသိပေး ကြေညာမှုများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအား အများပြည်သူ သုံးစွဲရန်မသင့်သည့် ထိခိုက်တိုက်ကြေ မော်တော်ယာဉ်များ ပါရှိလာသည့်အတွက် အကောက်ခွန် ဦးစီးဌာနမှ စိစစ်ရေးအဖွဲ့ဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း၊ စာရွက်စာတမ်းများ စစ်ဆေးခြင်းပြုလုပ်၍ ထိခိုက်တိုက်ကြေကား ဟုတ်၊ မဟုတ် စိစစ် ဆုံးဖြတ်မှု့များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် ပျက်စီးမှုများသော ထိခိုက်တိုက်ကြေ ယာဉ်များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရာ တွင် ၂၀၁၃ ခုနှစ် မေ ၁၄ ရက်တွင် ၂၇ စီး၊ မေ ၃၁ ရက်တွင် ၄၂ စီး၊ တတိယ အကြိမ်အဖြစ် (၂၈-၆-၂၀၁၃) ရက်တွင် မော်တော်ယာဉ် ၃၃ စီးအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး စတုတ္တ အကြိမ်မြောက်အဖြစ် တိုက်ကြေ မော်တော်ယာဉ် ၂၈ စီးအား ယခုစက်တင်ဘာ ၂၄ ရက်တွင် သိမ်းဆည်းမိန့် ထုတ်ပြန်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here