Wednesday, October 9, 2013

မယ်ဆိုင်မြို့ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများ၏ အခွင့်အရေး နောက်ဆုံးအဆင့် ဆွေးနွေး

0 comments
9.10.2013
 
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment Co.,Ltd. အပိုင် အထည်ချုပ်စက်ရုံ၌ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၈၀ကျော်တို့အတွက် လုပ်အားခ ရရှိရေးအပြင် ပတ်စပို့ စာအုပ် ပြန်လည်ရရှိရေး ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့ရှိ အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှူးရုံးတွင် ချင်းရိုင်းခရိုင် အလုပ်သမားရုံးမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံဘက်မှ ထိုင်း-မြန်မာ နယ်ခြားကော်မတီမှ ဦးဘိုလေး ဦးဆောင်ပြီး၊ "ထိုင်းနိုင်ငံ မယ်ဆိုင် မြို့ရောက် မြန်မာနိုင်ငံသားများအား ကူ ညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော် မတီ" မှ ကော် မတီဝင် ၆ ဦး အပါအ၀င် မြန်မာ အလုပ်သမားများဘက်မှ ကိုယ်စားလှယ် ၃ ဦး တို့ အောက်တိုဘာလ ၈ရက်၊ နေ့လည် ၁နာရီ ၁၅မိနစ် အချိန်မှ ၂နာရီ ၁၅မိနစ် အချိန်ထိ တွေ့ဆုံဆွေးနွေးခဲ့ကြရာ အလုပ်ရှင်မှ အလုပ်သမားများအတွက် စက်တင်ဘာလ လုပ်အားခများအား ထုတ်ပေးမည်ဖြစ်ပြီး သိမ်းဆည်းထားသော ပတ်စပို့နှင့် အလုပ်ပါမစ် များကို သက်ဆိုင်ရာမှ တဆင့် အလုပ်သမားများ၏ အကျိုးဆောင်ရှေ့နေ မစ္စတာ ချာသရီ မှ လက်ခံရယူပြီး အလုပ်သမားများ လက်ဝယ်သို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း အတည်ပြု ဆွေးနွေးသွားခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာ အလုပ်သမားရုံး၏ တာဝန်ရှိသူမှ အလုပ်ရှင်အနေဖြင့် ပတ်စပို့များကို ရဲစခန်း၌ ပေးအပ်ထားပြီဖြစ်ကြောင်း နှင့် စက်တင်ဘာလအတွက် လုပ်အားခများကိုလည်း လာမည့် ကြာသပတေးနေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယခုလိုဖြစ်စဉ်မျိုး ချင်းမိုင်မြို့ရှိ Prove Garment ဗဟို အထည်ချုပ်စက်ရုံတွင်လည်း အလုပ်ရှင်နှင့်အလုပ်သမား ပဋိပက္ခ များဖြစ်ပေါ်နေကြောင်း နှင့် လောလော ဆယ်တွင် အလုပ်သမားများအနေဖြင့် စက်တင်ဘာလ လုပ်အားခများအား ရယူထားစေလိုပြီး၊ ကြိုတင် အသိမပေးပဲ အလုပ်ထုတ်လိုက်သည့် အတွက် လျော်ကြေး ရရှိရန် ဆက်လက် ၍ စောင့်ဆိုင်း ရမှာဖြစ်ကြောင်း အလုပ်ရှင်ကိုယ်စား ရှင်းလင်းပြောကြားလာသည်။

ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန၏ ချင်းရိုင်းခရိုင် အလုပ်သမားဦးစီးမှူးမှ မြန်မာနိုင်ငံသားများ အနေဖြင့်တရားဝင်နေထိုင်သည်ဖြစ်စေ၊ တရားမ၀င်နေထိုင်သည်ဖြစ်စေ အခက်အခဲတွေ့ရှိလာပါက ၎င်းတို့ရုံးသို့ လာရောက် အသိပေး အကူအညီတောင်းခံနိုင်ကြောင်း နှင့် "ထိုင်းနိုင်ငံ မယ်ဆိုင် မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"အနေဖြင့်လည်း ယခုလိုမြန်မာအလုပ်သမားအရေးကိစ္စများနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက ၎င်းတို့ထံ အကူအညီတောင်းခံနိုင်ကြောင်း နှင့် မြန်မာဘက်မှ ဖွဲ့စည်းထားသော ကော်မတီပုံစံမျိုးကိုလည်း မိမိတို့ အနေဖြင့် ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်း ပြောကြားသွားသည်။

အဆိုပါဆွေးနွေးမှုတွင် ပါဝင်သည့် အလုပ်သမားရှာဖွေရေးတစ်ခုမှ တာဝန်ရှိသူက ဆောက်လုပ်ရေး လုပ်ငန်းတွင် ကျွမ်းကျင်သူများအနေဖြင့် အလုပ် လုပ်ကိုင်လိုပါက အဆင်သင့်ရှိကြောင်း၊ အလုပ်ပေးနိုင်ကြောင်းနှင့် အဆိုပါအလုပ်တွင် အမျိုးသားတစ်ဦးလျှင် တစ်နေ့ ၃၀၀ ဘတ် နှင့် အမျိုးသမီးတစ်ဦးလျှင် ၂၈၀ ဘတ် ရရှိမှာဖြစ်ကြောင်း ပြောကြား ကမ်းလှမ်းလာသည်။

ဆွေးနွေးချက်နှင့် ပတ်သက်၍ စက်တင်ဘာလအတွက် လုပ်အားခ နှင့် ပတ်စပို့ အပါအ၀င် အလုပ်ပါမစ်များကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ချင်းရိုင်းခရိုင် အလုပ်သမားရုံးမှ တာဝန်ယူ၍ အောက်တိုဘာလ ၁၀ရက်နေ့ နံနက် ၉နာရီအချိန်၌ မယ်ဆိုင်မြို့ပိုင်ရုံးတွင် အလုပ်သမားများ လက်ဝယ် သို့ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း နှင့် အဆိုပါနေ့တွင် "ထိုင်းနိုင်ငံ မယ်ဆိုင် မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"မှ အလုပ် သမား များ အတွက် စားနပ်ရိက္ခာများကို ပေးအပ်ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here