Wednesday, October 9, 2013

အပစ်အခတ် ရပ်စဲရေးထက် တိုင်းရင်းသား အားလုံးအတွက် ကိုယ်စားပြုနိုင်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရန် အရေးကြီးဟု ကေအိုင်အို ပြောကြား

0 comments
အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ပထမနေ့တွင် ကေအိုင်အေ ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွမ်မော် ဆွေးနွေးစဉ်

9.10.2013

လက်ရှိ ဆွေးနွေးပွဲများမှတစ်ဆင့် အပစ်အခတ် ရပ်စဲရေးထက် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေး ရရှိရန်က ပိုမိုအရေးကြီးကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အောက်တိုဘာ ၈ ရက်က မြစ်ကြီးနားမြို့တွင် ကျင်းပသော အစိုးရနှင့် ကေအိုင်အို တို့၏ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ပထမနေ့တွင် ပြောကြားသည်။

"အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မူတစ်ခု ချထားတာ ရှိပါတယ်။ အပစ်အခတ် ရပ်စဲရေးဆိုတာ လက်နက်ကိုင်ထားတဲ့ တပ်တွေအချင်းချင်း နားလည်မှုယူတဲ့ သဘော တူညီချက် သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ အပစ်အခတ် ရပ်ဆိုင်းရေး တစ်ခုတည်းပြောရင် ကျန်တဲ့လူတွေ ပါဝင်နိုင်တဲ့နယ်ပယ် ပါမလာဘူး။ အဲဒီတော့ Peace Process လို့ ပြောလိုက်ရင် လူတိုင်းပါနိုင်တယ်။ ကျွန်တော်တို့ ချုပ်ဆိုမယ့် သဘောတူညီချက်တွေမှာ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်လို့ ပြောတာထက် အားလုံးပါဝင်တဲ့ သဘောတူညီချက် ဖြစ်စေချင်ပါတယ်" ဟု ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ကေအိုင်အို အနေဖြင့် လက်ရှိဆွေးနွေးပွဲတွင်တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ပြီး မတ်လအတွင်းက ရွှေလီမြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် နှစ်ဦးသဘောတူ ထုတ်ပြန် ခဲ့သည့် ကြေညာ ချက် ၃ (က) တွင် ပါဝင်သည့် အချင်းချင်း နားလည်မှု မည်သို့ယူရန် ဆိုသည်နှင့် ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေးသို့ရောက်ရန် မည်သို့သွားကြမည် ဆိုသည်ကို ဆွေးနွေးနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့သည် အလွတ်သဘော လေးကြိမ်အပါအ၀င် ၁၄ ကြိမ် ဆွေးနွေးခဲ့ပြီး လွန်ခဲ့သော မေလက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နောက်ဆုံးတွေ့ဆုံ ခဲ့ကြသည်။ယခုအကြိမ် ဆွေးနွေးပွဲတွင် မေလဆွေးနွေးပွဲ၌ သဘောတူညီ ခဲ့ကြ သည့် နိုင်ငံရေး ဆွေးနွေးပွဲများ အခိုင်အမာ ပေါ်ပေါက်လာရေးကို ပိုမို ကျယ်ပြန့်စွာ ဆွေးနွေး သွားမည် ဖြစ်ကြောင်းနှင့် ရှေ့တန်းစစ် မျက်နှာများ တွင် စောင့်ကြည့်ရေး ကော်မတီ များ ပေါ်ပေါက် လာရေးကို လိုလာကြောင်း ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ဆွေးနွေးပွဲ အဖွင့်စကားတွင် ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here