Wednesday, October 16, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မန္တလေးတိုင်းအတွင်းမှ ခရိုင်သုံးခု တညီတညွတ်တည်း သဘောတူ

0 comments
16.10.2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို မန္တလေးတိုင်း ခရိုင်သုံးခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  NLD မှ ဦးဆောင်ကာ ပါတီဝင်များ၏ သဘောထားအမြင်များကို ဆွေးနွေးရာ တက်ရောက်လာသည့် ခရိုင်သုံးခုမှ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံကို ပြင်ဆင်ရန် တညီတညွတ်တည်း သဘောတူလိုက်ကြသည်။

မန္တလေးခရိုင်၊ ကျောက်ဆည်၊ ပြင်ဦးလွင်စသည့် ခရိုင်သုံးခုမှ NLD ပါတီဝင်တို့ အောက်တိုဘာ ၁၄ ရက်က ဆွေးနွေးကာ သဘောထားကောက်ယူမှုများ ပြုလုပ်ရာ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် သဘောတူ ညီခဲ့ကြ ခြင်းဖြစ်သည်။

“ခရိုင်တွေအနေနဲ့ကတော့ ပြင်ဆင်ရေးကို သဘောတူလိုက်ပါပြီ၊ သုံးခရိုင် လုပ်တဲ့ပွဲမှာ ပြင်မယ်လို့ ဆုံးဖြတ်လိုက်တယ်”ဟု မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးကိုလေးက မဇ္ဈိမကို ပြောသည်။

မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ကျောက်ဆည် ၊ ပြင်ဦးလွင် ခရိုင်တို့မှ ပါတီဝင် ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး အဓိကအားဖြင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ တပ်မတော်၏ အခန်းကဏ္ဍနှင့် သမ္မတအရည်အချင်းတွင် စစ်ရေးအမြင်ရှိရမည်ဆိုသည့် အချက်အတော် များများကို ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တွင် ပါတီဝင်များ၏ သဘောထားကို အပြီးသတ် ရယူသွားမည် ဟုလည်း ဦးကိုလေးက မဇ္ဈိမကို ပြောသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထား များကို ကချင်ပြည်နယ်၊ ချင်းပြည် နယ်တို့သို့လည်း ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲတာဝန်ခံ ဦးအောင်သိန်းက သွားရောက်ရှင်းလင်းကာ သဘောထားများ ဆက်လက် ကောက်ယူမည်ဖြစ်သည်။

“ခရိုင်တွေက ရပ်ကျေးတွေ၊ မြို့နယ်တွေကို ဆင့်ပွား ရှင်းလင်းပွဲတွေ လုပ်ရပါမယ်။ ဦးအောင်သိန်း တင်ပြတဲ့ ဥပဒေအချက်တွေကို ပြန်ရှင်းလင်းပေးမယ်။ အဲဒီအပေါ်မှာ ပြင်မလား၊ အသစ်ရေးမလားဆိုတဲ့ သဘောထားကို ယူသွားမှာဖြစ်တယ်”ဟု ဦးကိုလေးက ပြောသည်။

ရန်ကုန်တိုင်းအတွင်းမှာလည်း အောက်တိုဘာ ၁၂ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထားများ ကောက်ယူရာတွင် ပြင်ဆင်လိုသူ ၉၀ ရာခိုင်နှုန်းခန့် ရှိနေသည်ဟု NLD ပါတီမှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် ဦးကိုနီ က အောက်တိုဘာ ၁၃ရက်တွင် မဇ္ဈိမကို ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အခြေခံဥပဒေနှင့် ပတ်သက်သည့် ဟောပြောမှုများ၊ သဘော ထား ကောက်ခံမှု များ ကို အောက်တိုဘာလမှ စတင်ကာ တစ်နိုင်ငံလုံး မြို့နယ်၊ ရပ်ကွက် ၊ ကျေးရွာများ တွင် ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်မတိုင်ခင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြရမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပွဲများကို NLD မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီမှ ခေါင်းဆောင်ခုနစ်ဦးက ပြည်နယ်နှင့်တိုင်းနှစ်ခုစီ တာဝန်ခွဲယူကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လို လျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။ယင်းအပြင်အချို့ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။


 Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here