Tuesday, October 8, 2013

မိုဟာမက်မော်စီ ထောက်ခံသူများနှင့် လုံခြုံရေးတို့ အီဂျစ်တွင် ထိပ်တိုက် အဓိကရုဏ်းဖြစ်၊ အနည်းဆုံးလူ ၅၀ သေဆုံး

0 comments

Tuesday, October 8, 2013

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အီဂျစ်သမ္မတရာထူးမှ ဖြုတ်ချခံလိုက်ရသည့် မိုဟာမက်မော်စီကို ထောက်ခံသူများ အီဂျစ်တွင် လမ်းမပေါ် ထိပ်တိုက် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ သေဆုံးပြီး လူအတော်များများ ဒဏ်ရာရရှိသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

သေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် မြို့တော်ကိုင်ရိုတွင် မွတ်ဆလင် ညီနောင်များ အင်အားစုမှ အဖွဲ့ဝင် ၂၀၀ ကျော် အဖမ်းခံခဲ့ရသေးသည်။

၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အာရပ်-အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့် အခမ်းအနားကို စစ်တပ်ကျောထောက် နောက်ခံ အစိုးရက ဦးဆောင် ပြုလုပ်နေစဉ် မွတ်ဆလင် ညီနောင်များကို ထောက်ခံသူများက မြို့ကြီး အတော်များများတွင် ချီတက် ဆန္ဒပြကြရာမှ ထိုသို့လုံခြုံရေးများ၏ ဖြိုခွင်းမှုနှင့် ကြုံရခြင်း ဖြစ်သည်။

ဇူလိုင်လ အစောပိုင်းက မစ္စတာမိုဟာမက်မော်စီကို စစ်တပ်က အာဏာသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကို ထောက်ခံသူများက အခိုင်အမာ ပြောဆိုကြသည်။

စစ်ပွဲ ဖြစ်ပွားသည့် အထိမ်းအမှတ်နေ့၌ ပါဝင်ရန်အတွက် ရာပေါင်းများစွာသော အီဂျစ်ပြည်သူများ မြို့တော်ကိုင်ရိုရှိ တာရီရာ ရင်ပြင်တွင် စုဝေးခဲ့ကြသည်။

ဂျက်လေယာဉ်များနှင့် အပါချီ ရဟတ်ယာဉ်များကို ကိုင်ရိုမြို့ ကောင်းကင်ယံတွင် စစ်ရေးပြ ပျံဝဲခဲ့ပြီး လူထုကလည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာအယ်စီစီ ပုံများကို ကိုင်ဆောင်ကာ ဂုဏ်ပြုကြပြီး အချို့ပြည်သူများက ၎င်းကို အီဂျစ်၏ နောက်တက်မည့် သမ္မတလုပ်ရန် ပြောဆိုနေကြသည်။

ထိုစဉ် မွတ်ဆလင် ညီနောင်များကို ထောက်ခံသူများကလည်း အင်အား ထောင်ပေါင်းများစွာ လမ်းမများ ပေါ်ထွက်လာကြပြီး အဆိုပါ ရင်ပြင်သို့ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် သွားကြကာ ဗိုလ်ချုပ်ကြီး အယ်စီစီကိုလည်း လူသတ်သမားဟု ဟစ်အော် ပြောဆိုကြသည်။

လုံခြုံရေးတပ်ဖွဲ့များကလမ်းမှနေ၍ယင်းအဖွဲ့ကိုပိတ်ထားပြီးမျက်ရည်ယိုဗုံးများဖြင့်ပစ်ခြင်း၊ သေနတ်များ ထောင်ဖောက်ခြင်းတို့ဖြင့် လူစုခွဲခဲ့သည်။

မော်စီကို ထောက်ခံသူများနှင့် တပ်မတော်ကို ထောက်ခံကြသူများတို့ စင်ပြိုင်ဆန္ဒပြပွဲများ ထိပ်တိုက်တိုးမိသည့်အခါ လမ်းမပေါ်တွင် ရန်ပွဲများဖြစ်သွားသည်ဟု BBC အာရဗီဘာသာ အစီအစဉ်က ရေးသားဖော်ပြထားသည်။

လမ်းမပေါ်ရန်ပွဲများသည် နာရီပေါင်း အတော်ကြာကြာ ဖြစ်ပွားလျက်ရှိပြီး မြို့တော်ကိုင်ရိုတွင် မီးလောင်မှု အသေးစားများ ဟိုတစ်စ ဒီတစ်စ ဖြစ်ပွားခဲ့ကာ မီးခိုးလုံးများမှာလည်း နေရာအနှံ့မှ ထွက်ပေါ်လျက်ရှိသည်။

နောက်ဆုံးတွင် နှစ်ဖက်ဆန္ဒပြသူများကို စစ်တပ်က ကြားဝင်ထိန်းနိုင်ခဲ့ပြီး အခြေအနေများ တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ဖမ်းဆီးထိန်းသိမ်းမှုများ ဆက်တိုက် ဖြစ်လျက်ရှိသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here