Thursday, October 10, 2013
ဂျပန်နှင့် တရုတ်နိုင်ငံ တို့မှ အမှိုက်သိမ်းယာဉ်များ ၀ယ်ယူသွားရန်ရှိ
Categories :
10.10.2013
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ သန့်ရှင်းရေး လုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ဖို့ အတွက် တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှ အမှိုက်သိမ်း ယာဉ်များ ထပ်မံ ၀ယ်ယူသွား ဖို့ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒီလို ၀ယ်ယူရာ မှာတော့ အမှိုက်သိမ်း ယာဉ်အကြီး ၂ စီး၊ အမှိုက်သိမ်းယာဉ် အသေး ၅ စီး၊ သဲ၊ ဖုန်၊ သစ်ရွက်ခြောက်များ စုပ်ယူတဲ့ ယာဉ် ၂ စီး၊ ဆေးရုံတွေမှ ထွက်ရှိသည့် အမှိုက်များကို သိမ်းဆည်းတဲ့ ယာဉ် ၂ စီး ၊ ရေပုပ်စုပ်ယာဉ် ၂ စီး၊ လမ်းမထက်တွေမှာ ယာဉ်များ ပျက်ခဲ့ပါက အဆိုပါ ယာဉ်များအား ဆွဲရန်အတွက် ယာဉ် ၁ စီး စုစုပေါင်း ၁၄ စီးတို့အား လာမယ့် ၄ လ အတွင်းမှာ ၀ယ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာန အနေနဲ့ အသုံးပြုလို့ မရတဲ့ အမှိုက်သိမ်းယာဉ် အဟောင်းများကို ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ် အရ ပြန်လည်အပ်နှံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အမှိုက်သိမ်း ယာဉ်ကြီးများကို ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံ တို့မှ ၀ယ်ယူမှာဖြစ်ပြီး အမှိုက်သိမ်းယာဉ် အကြီး တစ်စီး တန်ဖိုးမှာ သိန်း ၇၀၀ နဲ့ အမှိုက်သိမ်းယာဉ် အသေး တန်ဖိုး ကတော့ သိန်း ၁၅၀ ၀န်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။ ယခုလက်ရှိ မှာလည်း အမှိုက်သိမ်း ယာဉ်အစီးရေ ၂၉၀ နဲ့ သန့်ရှင်းရေး လုပ်ငန်းတွေကို ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV
Subscribe to:
Post Comments (Atom)