Monday, October 14, 2013

ရန်ကုန်မြို့တော် ၁၈ နာရီအတွင်း ဗုံးနှစ်ကြိမ် ပေါက်ကွဲ

0 comments


ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြို့တော်တွင် အောက်တိုဘာလ ၁၃ ရက်နေ့က ၁၈ နာရီအတွင်း လက်လုပ်ဗုံး နှစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတွင် နံနက် ၁ နာရီခန့်က တစ်ကြိမ်၊ သာကေတမြို့နယ် မာန်ပြေရပ်ကွက်ရှိ ယမုံနာ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အနီးတွင် ညနေ ၅ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် ပေါက်ကွဲခဲ့ကြခြင်း ဖြစ်ပြီး သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ ဝင်းမင်းထွေးနှင့် ထက်အောင်ကျော်တို့ နှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်၌ မိုင်းကျွမ်းကျင်သူ တပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိရာ တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ဆက်စပ်မှု ရှိ မရှိကို အတိအကျ မပြောနိုင်သေးကြောင်းနှင့် လက်ရှိအချိန်၌ သီတင်းကျွတ်ကာလနှင့် တိုက်ဆိုင်လျက် ရှိသောကြောင့် မော်တော်ယာဉ်နှင့် ဧည့်သည် ဝင်ထွက်မှုကို ပိုမိုတင်းကျပ်စွာ စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဒဏ်ရာရရှိသူများမှာ ဒေါပုံသင်္ဘောကျင်း ရပ်ကွက်တွင် နေထိုင်သည့် ကလေးများ ဖြစ်ကြပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူအချို့ထံမှ သိရသည်။

သာကေတမြို့နယ် မာန်ပြေရပ်ကွက်ရှိ လမ်းမကြီး နံဘေးတွင် ကွန်တိန်နာကားများ အချိန်ကြာမြင့်စွာ ရပ်လေ့ရှိရာ ယင်းကားများအနီးတွင် တွေ့ရှိသည့် အထုပ်ကို ဖြေကြည့်ရာမှ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက အတည်ပြု ပြောကြား သည်။

ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူများအနေနှင့် လုံခြုံရေး အသိရှိရန် လိုအပ်ရာ မသင်္ကာဖွယ်ရာများ တွေ့ပါက သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်ရုံးများကို အကြောင်းကြားရန် လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက သတိပေး ပြောဆိုသည်။

၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ ညနေပိုင်းကလည်း ပုဇွန်တောင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အဆောက်အအုံ ၊ မြေနီကုန်း ဒဂုံစင်တာနှင့် ရှစ်မိုင် Junction 8 မြေညီထပ်တို့တွင် နာရီပိုင်းအတွင်း ဗုံးပေါက်ကွဲမှု များ ဖြစ်ပွားခဲ့ပြီး လူအချို့ သေဆုံးဒဏ်ရာ ရရှိခဲ့သည်။


The Voice Weekly 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here