Thursday, October 10, 2013

ကျောက်တန်းတွင် ဧကခုနစ်သောင်းခန့်ရှိ ပုစွန်မွေးမြူရေးဇုန် ဖော်ထုတ်ရန် စီစဉ်

0 comments


10.10.2013

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ပုစွန်မွေးမြူရေး အဓိကပြုလုပ်မည့် ဧကခုနစ်သောင်းခန့်ရှိ မွေးမြူရေးဇုန် တစ်ခုဖော်ထုတ်ရန် စီစဉ်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကြီးငွေက ပြောကြားသည်။

ရန်ကုန်မြစ်နှင့် မုတ္တမပင်လယ်ကွေ့အထိ စပ်လျက်ရှိပြီး သဘာဝ အလျောက် ရေငန်ပုစွန် မွေးမြူသည့် လုပ်ငန်းများကို လက်ရှိ ဧက ၇၀၀၀ ခန့်ထိ မွေးမြူထားသည့် နေရာတွင် ယင်းမွေးမြူရေးဇုန်ကို တည်ဆောက်သွားရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

လက်ရှိ အဆိုပါ ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းများရှိ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များနှင့် ဂျပန် လုပ်ငန်းရှင်များသည် ငါးလင်ပန်း မွေးမြူခြင်း လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ရန် စီစဉ် နေကြကြောင်း၊ ယင်းမွေးမြူရေးကန်များမှ ငါးလင်ပန်း၊ ကကတစ်၊ ကဏန်း၊ ပုစွန်ကျားများ အများဆုံး ထွက်ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေက ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံရင် ရန်ကုန်နဲ့ ခရီးအကွာအဝေး၊ လျှပ်စစ်မီး ရရှိမှု၊ ရေရရှိမှုနဲ့ လုံခြုံရေးအရ ကောင်းမွန်မှု အဲဒီအချက်တွေအပေါ် အဓိကမူတည်ပြီး စဉ်းစားကြတယ်။ ကျောက်တန်းက အဲဒီအချက်တွေနဲ့ အဆင်ပြေတယ်” ဟု ၎င်းဆိုသည်။

အဆိုပါ မွေးမြူရေးဇုန်တွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းများကို သုံးမျိုးခန့် ခွဲခြားလုပ်ကိုင်လျက်ရှိရာ ရေငန်ပုစွန်များကို သဘာဝအတိုင်း မွေးမြူခြင်း၊ အရင်းအနှီး ထပ်မံထည့်၍ တိုးချဲ့မွေးမြူခြင်းနှင့် သိပ္ပံ နည်းကျ စနစ်တကျ မွေးမြူလျက်ရှိပြီး သိပ္ပံနည်းကျ မွေးမြူခြင်းမှာ လွန်စွာ နည်းပါးသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းမောင်မောင်က ဆိုသည်။
“ကျောက်တန်းတင် မဟုတ်ဘူး။ ကျွန်တော်တို့ သုံးခွကိုလည်း မွေးမြူရေးဇုန်အဖြစ် သတ်မှတ် လုပ်ကိုင်ဖို့ ကောင်းတယ်။ ကျောက်တန်းနဲ့ သုံးခွက တစ်ဆက်တည်းပဲလေ။ ရေမြေချင်းလည်း တူတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှ ပုစွန်မွေးဧက ၂၀၀ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးသိန်းဇော်ညွန့်က ပြောကြားသည်။

အဆိုပါ မွေးမြူရေးဇုန်တွင် နှစ်ကာလ ကြာလာ၍ ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် ပေါ်ထွန်းလာသော သောင်ထွန်းမြေများကို ဝယ်ယူ၍ စိုက်ပျိုးရေး လုပ်ကိုင်သူများကြောင့် ပင်လယ်ရေ အတက်အကျကို အားပြု၍ သဘာဝအတိုင်း ရေငန်ပုစွန် မွေးမြူသည့် ဒေသခံများမှာ အခက်အခဲ တွေ့လျက်ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အပတ်စဉ် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေသခံ ရေ လုပ်သားများက ဆိုသည်။

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာတွင် ရေလုပ်ငန်း ပါဝင်သော်လည်း အဆိုပါ ပုစွန် မွေးမြူရေးဇုန်သည် ပြည်တွင်း သားငါးဖူလုံမှုကို ဦးစားပေး လုပ်ဆောင်မည် ဖြစ်ပြီး နှစ်စဉ် ဝင်ရောက်မှု တိုးတက်လာသည့် ကမ္ဘာလှည့် ခရီးသွားများအတွက် ပင်လယ်စာများ ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။


The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here