Tuesday, October 8, 2013

လယ်ယာမြေပေါ် စက်သုံးဆီဆိုင်များ ဆောက်လုပ်မှု စိစစ်အရေးယူရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

0 comments


8.10.2013

ရန်ကုန်-မန္တလေး အဝေးပြေးလမ်းကဲ့သို့ အဝေးပြေး လမ်းမကြီးများ တစ်လျှောက်နှင့် အခြားလမ်းမဘေး အချက်အချာ နေရာများရှိ လယ်ယာမြေများပေါ်တွင် စက်သုံးဆီဆိုင်များ ဆောက်လုပ်ထားမှုကို လယ်ယာမြေ ဥပဒေနှင့်ညီ မညီ စိစစ်အရေးယူရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်း ပြောကြားသည်။

အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ရန်ကုန်-မန္တလေး လမ်းဟောင်း၏ လမ်းဘေးဝဲယာတစ်လျှောက် လယ်ယာမြေများကို အခြားမြေအဖြစ် ပြောင်းလဲ သုံးစွဲခဲ့ခြင်းများသည် လယ်ယာမြေ ဥပဒေနှင့် ညီမညီမေး ခွန်းနှင့် စပ်လျဉ်း၍ ဦးခင်အောင်မြင့်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ယင်းသို့ တိုက်တွန်းခြင်း ဖြစ်သည်။

အဝေးပြေးလမ်းမ တစ်လျှောက် စက်သုံးဆီ ရောင်းချသည့် လုပ်ငန်းများ ထွန်းကားလာပြီး လယ်ယာမြေများပေါ် ဥပဒေနှင့်မညီဘဲ စက်သုံးဆီ အရောင်းဆိုင် ဆောက်လုပ်နေရာယူမှု များပြား လာကြောင်း၊ လယ်ယာမြေများပေါ်တွင် မြေဖို့ပြီး ဓာတ်ဆီဆိုင် တည်ဆောက်မှု ပိုများလာကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များကို စိစစ်အရေးယူရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ အဓိကတာဝန် ရှိကြောင်း ၎င်းကထောက်ပြသည်။
“အရေးယူစရာရှိရင် အရေးယူပါ။ တရားဝင် ခွင့်ပြုလို့ရတာလည်း ခွင့်ပြုလိုက်ပါ။ အခုက လုပ်ချင်သလို လုပ်နေတဲ့ သဘောဖြစ်နေတယ်” ဟု ဦးခင်အောင်မြင့်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း ဘေးဘက် ဝဲယာ တစ်လျှောက်ရှိ လယ်ယာမြေများအပေါ် လူနေအိမ်၊ စားသောက်ဆိုင်နှင့် စက်သုံးဆီဆိုင်များ ဆောက်လုပ်ခြင်း၊ အကြောင်းပြချက်မရှိဘဲ လယ်ယာမြေများကို ခြံခတ်ကာလှပ်ထားခြင်းများ ပြုလုပ်ထားသည်ကို စိစစ်တွေ့ ရှိရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ပြောကြားသည်။

ယင်းသို့ ပြုလုပ်မှုများတွင် အုပ်ချုပ်ရေးမှူး အဆင့်ဆင့်နှင့် မြေတိုင်းစာရေးများ၊ မြေစာရင်းဦးစီးမှူးများ၊ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်တို့က စိစစ်တားဆီးမှု အားနည်းသည့်အပြင် ပါဝင်ပတ် သက်နေမှုများပင် ရှိသည့်အတွက် တိုင်ကြားမှုများ မကြာခဏ ပေါ်ပေါက်နေကြောင်း ၎င်းကရှင်းပြသည်။
“အောက်ခြေအဆင့်မှာ မြေတိုင်းစာရေးတွေကို လိုင်စင်ရမြေပွဲစား၊ မိုး မခေါင် ရေမ ကြီး မြေကြီး က ရွှေသီး သူ များ၊ ကွင်းမဆင်း ရုံးမတက် ဂရန်လုပ်ဖို့ သာ ဆောင်ရွက်လို့ ဝေဖန်သံတွေ အမြဲကြားနေ ရတယ်” ဟု ဦးမင်းဦးက ဆိုသည်။

ထို့အပြင် လုပ်ငန်းရှင်များက လယ်သမားများ၏ စီးပွားရေး ကျပ်တည်းမှုကို အခွင့်ကောင်းယူကာ လယ်ယာမြေများကို ဈေးကောင်းပေး၍ ဝယ်ယူနေမှုများကြောင့် အချိန်ကြာမြင့် လာပါက လယ် သမားများ လယ်မဲ့ယာမဲ့ ဘဝအခြေအနေမျိုး ရောက်ရှိလာနိုင်ကြောင်း ၎င်းကထပ်မံရှင်းပြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာမြေကွက် စုစုပေါင်း ၄၅၀ ခန့်ပေါ်၌ လူနေအိမ်ရာ၊ အဆောက်အအုံ ခြံဝင်းများ တရားမဝင် ဆောက်လုပ်ထားသည်ကို စိစစ်တွေ့ရှိထားပြီး လယ်ယာမြေ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပါဝင် ပတ်သက်သည် ကို တွေ့ရှိပါက ထုတ်ပယ်သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က ပြောကြားသည်။

မြို့ကြီးများတွင် လယ်ယာမြေများကို ဥပဒေမဲ့ အခြားနည်းဖြင့် အသုံးပြုနေခြင်းများ ရှိနေသည်ဟု တင်ပြစာများအရ သိရှိထားပြီး အဆိုပါ ကိစ္စရပ်များကို ကွင်းဆင်း စစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များ ကို ပြည်ထောင် စု အစိုးရအဖွဲ့က မေလအတွင်း ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here