Tuesday, October 8, 2013

အီလက်ထရောနစ် ဥပဒေတွင် ငွေဒဏ်ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ ထိ ချမှတ်နိုင်မည့် ပုဒ်မထပ်ဖြည့်

0 comments
နေပြည်တော်၊ အောက်တိုဘာ ၇

တပ်မတော် အစိုးရလက်ထက်တွင် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အချို့ကို စွဲချက်တင် ဖမ်းဆီး အရေးယူခဲ့သည့် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တွင် ငွေဒဏ်ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ထိ ချမှတ်နိုင်မည့် ပုဒ်မကို ထပ်ဖြည့်ရန် ဥပဒေ ကြမ်း ကော်မတီက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်း လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် အဆိုပါ ဥပဒေ ပြစ်မှုပြစ်ဒဏ် ချမှတ်ခြင်းဆိုင်ရာ အခန်း တွင် ထောင်ဒဏ် ခုနစ်နှစ်မှ ၁၅ နှစ် ချမှတ်နိုင်သည်ဟု ရေးဆွဲထားပြီး ဥပဒေ ကြမ်း ကော်မတီ က ပြန်လည် ပြင်ဆင်ထားသည့် ဥပဒေကြမ်းတွင် ထောင်ဒဏ် ငါးနှစ်မှ ခုနစ်နှစ် သို့မဟုတ် ငွေဒဏ်ကျပ် သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ထိ ကျခံရမည်ဟု ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
“အရင်က ငွေဒဏ်ကို ထည့်မထားဘူး။ ပြစ်မှု ကျူးလွန်သူတိုင်း ထောင်ကျနေတယ်။ အဲ့ဒါကြောင့် ငွေဒဏ် ထပ်ဖြည့်ဖို့ ပြင်ဆင်ရတာပါ” ဟု အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ရန် အဆိုတင်သွင်း သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

အဆိုပါအီလက်ထရောနစ်ဥပဒေကြမ်း၏ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာအခန်းတွင် ထောင်ဒဏ် လျော့ပေါ့  ခြင်းနှင့်
 ငွေ ဒဏ် ချမှတ်နိုင်သော ပုဒ်မ ထပ်ဖြည့်ပေးရုံဖြင့် မလုံလောက်ကြောင်း၊ အဆိုပါ ဥပဒေ သည် နိုင်ငံတကာ စံနှုန်းများဖြင့် ယှဉ်ရမည် ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် များအနေနှင့် လူ့အခွင့်အရေးနှင့် ကိုက်ညီသော အချက်များကို ပိုမိုထည့်သွင်း ပြင်ဆင်စေလိုကြောင်း အဆိုပါ ဥပဒေဖြင့် ထောင်ဒဏ် ကျခံခဲ့ရသူ ဦးဇော်သက်ထွေးက The Voice သို့ ပြောကြားသည်။ “ငွေဒဏ် ဖြည့်ပေးတာ ကို ပြောရင် ကောင်းတယ်လို့ ဆိုရမယ်။ အခြားအချက်တွေက နိုင်ငံတကာစံနှုန်းနဲ့ မညီသေး ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ဥပဒေကို ပြင်ဆင်ရန် အဆိုကို ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေကို ပြင်ဆင်ရန် လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။

တပ်မတော် အစိုးရလက်ထက်တွင် နိုင်ငံရေးသမားများ၊ သတင်းစာဆရာများနှင့် အင်တာနက် ဝက်ဘ်ဆိုက် များတွင် အစိုးရကို ဝေဖန်ပြောဆိုသူများကို အီလက်ထရောနစ် ဆက်သွယ်ရေး အက်ဥ ပဒေဖြင့် နှစ်ရှည်လျားစွာ ထောင်ဒဏ်ချမှတ်ခဲ့သည်။

ယင်းဥပဒေကို တပ်မတော်အစိုးရက အင်တာနက် အသုံးပြုမှု စတင်ကျယ်ပြန့်လာသော ၂၀၀၄ ခုနှစ် တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here