Monday, October 28, 2013

ဗဟိုဘဏ် လုပ်ငန်းလည်ပတ်မှုစနစ် အဆင့်မြှင့်တင်ရေး ကန်ဒေါ်လာ ၅၁ သန်း ဂျပန်အစိုးရ ထောက်ပံ့မည်

0 comments

Monday, October 28, 2013

ပြည်တွင်း ငွေကြေးဈေးကွက် တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အရေးပါသည့် ဘဏ္ဍာရေးမူဝါဒများ ချမှတ်ပေးရမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် လည်ပတ်မှုစနစ် အဆင့်မြှင့်တင်ရေး အတွက် အမေရိကန်ဒေါ်လာ ၅၁ သန်း ဂျပန်အစိုးရက ထောက်ပံ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါ ဗဟိုဘဏ် အဆင့်မြှင့်တင်ရေး စီမံကိန်းကို အထောက်အပံ့ ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး Mr.Mikio Numata နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခင်စန်းရီ တို့က အောက်တိုဘာလ ၂၅ နေ့တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည့်အပြင် ၂၀၁၅ အာဆီ ယံ ဒေသတွင်း စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်ရေး အတွက်လည်း များစွာအထောက် အပံ့ ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

လတ်တလော အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ရန်ပုံငွေဆိုင်ရာ စာရင်းရှင်းတမ်းများ၊ သဘောတူညီချက်များ၊ အစိုးရနှင့် ပတ်သက်သည့် ခံဝန်စာချုပ် စာရင်းရှင်းတမ်းများအတွက် ဗဟိုဘဏ်၏ လုပ်ငန်းဆောင်တာများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်နေကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် သီးခြားရပ်တည်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည့် အားလျော် စွာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ တည်ငြိမ်ရေးနှင့် ငွေကြေးဈေးကွက် ဖွံ့ဖြိုးလာစေရေး တို့အပြင် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ပိုမိုတွင်ကျယ်လာမည့် အစုရှယ်ယာ ဈေးကွက်နှင့် ဘဏ်များ၏ လုံခြုံရေး (Cyber Security) အတွက်လည်း ဗဟိုဘဏ်က အဓိကလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယင်းကြောင့် ဗဟိုဘဏ် လည်ပတ်မမှုစနစ် မြင့်မားလာရန်နှင့် နည်းပညာ အဆင့်အတန်း မြင့်မားရန်မှာ အထူးလိုအပ်ကြောင်း စီးပွားရေး မူဝါဒပညာရှင် ဒေါက်တာ အောင်ကိုကိုက The Voice သို့ ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်း အပြီးအစီး အကောင်အထည် ဖော်ရန်အတွက် သတ်မှတ်ကာလမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အထိ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ထံမှ စုံစမ်းသိရှိရသည်။

ယင်းစီမံကိန်းတွင် ပါဝင်သည့် စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ အင်တာနက် ကွန်ရက်များ တည်ဆောက်ပေးခြင်း ၊ Software နှင့် Hardware များ တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် အတွက် ဂျပန်နိုင်ငံ၏ ထိပ်တန်း နည်းပညာ ကုမ္ပဏီများဖြစ်သော Fujitsu ကုမ္ပဏီ၊ KDDI ကော်ပိုရေး ရှင်းနှင့် Daieiwa သုတေသန ကုမ္ပဏီတို့က တာဝန်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JUCA) ထံမှ သိရသည်။

ထို့အပြင် ယင်းကုမ္ပဏီများမှ ကျွမ်းကျင် ပညာရှင်များက ဗဟိုဘဏ်၏ ကဏ္ဍအသီးသီးတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် စွမ်းအင်မြှင့်တင် သင်တန်းများ ပေးအပ်ရန် အတွက်လည်း သဘောတူညီထားသည်။

နှစ်ပေါင်း ၂၀ ကျော်အကြာမှ ပြန်လည် ဝင်ရောက်လာသော ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ၏ ဗဟိုဘဏ်လုပ်ငန်း လည်ပတ်မှု အဆင့်မြှင့်တင်ရေးအတွက် နည်းပညာနှင့် မူဝါဒဆိုင်ရာ အကြံပေး မှုများ ပြုလုပ်လျက် ရှိကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Kanthan Shankar က ပြောကြားခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here