Wednesday, October 23, 2013
မိုးထိမိုးမိ ရွှေလုပ်သားတွေ စုရုံးဆန္ဒပြ
Categories :
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်က မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေမှာ အစိုးရဆီက ကန်ထရိုက်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက တစ်နိုင်တပိုင် ရွှေတွင်းလုပ်သားတွေကို လုပ်ကွက်ငယ်တွေ လုပ်ကိုင်ခွင့်မပြုတော့ဘဲ ဖယ်ရှားခိုင်းတာကြောင့် ရာချီတဲ့ရွှေလုပ်သားတွေဟာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ရွှေလုပ်သားတွေဟာ ရမည်းသင်းမြို့ ရွှေမြင်တင်ဘုရားတောင်ခြေမှာ ဆန္ဒပြနေကြတာလို့ သိရပါတယ်။ သူတို့ဟာ အရင်ကလို ကုမ္ပဏီနဲ့ အကျိုးတူလုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုကြတာလို့ ရွှေလုပ်သားတစ်ဦးဖြစ်သူ ကိုအောင်ဆန်းလင်းက ပြောပါတယ်။
“အရင်တုန်းက ကုမ္ပဏီကို ရွှေသတ္တုပါတဲ့ဟာတွေ ၁ဝဝ ထွက်ရင် ၅ဝ ရာခိုင်နှုန်း ကုမ္ပဏီကိုပေးတယ်၊ ကျန် ၅ဝ ရာခိုင်နှုန်းက ကုန်ကျစရိတ်နုတ်ပြီး ကျန်တဲ့ဟာလေးကို ခွဲယူကြတယ်ပေါ့နော်၊ အခုက သူတို့ကလုံးလုံးပိတ်သိမ်းလိုက်တယ်၊ ကျနော်တို့ ကိုယ်ပိုင်ငွေကြေးနဲ့ တူးထားတဲ့ ရွှေတွင်းတွေကို ပိတ်သိမ်းတယ်၊ စက်တွေကို လည်ပတ်ခွင့်မရှိတော့ဘူး၊ လူတွေကိုလည်း အပြင်ကိုမောင်းချတယ်၊ ဒီလုပ်ပိုင်ဧရိယာအတွင်းမှာ မမြင်ချင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်လို့ ကျနော်တို့ကဆန္ဒပြတာ”
မိုးထိမိုးမိရွှေဒေသမှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလုပ်ကိုင်နေတဲ့ ရွှေတွင်းလုပ်ကွက် ဇုန်ပေါင်း ၁၃ဇုန်ရှိပြီး ကုမ္ပဏီကလက်ခွဲချပေးထားတဲ့ ရွှေတူးလုပ်ငန်းငယ်ပေါင်း ၃၀၀ကျော်နဲ့ ရွှေလုပ်သားအင်အား စုစုပေါင်း ၅ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
အရင်ဆန္ဒပြသူတွေထဲကတချို့ကို မိုးထိမိုးမိကုမ္ပဏီက လျော်ကြေးပေးခဲ့တာတွေရှိတယ်လို့ သိရပါတယ်။ အခုဆန္ဒပြသူတွေဟာ လျော်ကြေးယူထားသူတွေမဟုတ်ဘဲ ကုမ္ပဏီနဲ့အကျိုးတူ လုပ်ကိုင်ခွင့်သာရလိုတဲ့ ရွှေလုပ်သားတွေ ဖြစ်ပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ ရွှေလုပ်သားတွေက သူတို့ဆက်လက်ရွှေတူးခွင့်ရရှိရေး၊ ရွှေလုပ်ကွက်ငယ်လေးတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီကချမှတ်ထားတဲ့ စည်းမျဉ်းတွေပြင်ဆင်ပေးရေးစတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။
RFA
Subscribe to:
Post Comments (Atom)