Tuesday, October 29, 2013

တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ ဆွေးနွေးချက်များ အခြေခံဥပဒေနှင့် ထိပ်တိုက်တွေ့မည် မဟုတ်ဟု ဦးခွန်ဥက္ကာဆို

0 comments


၂၉.၁၀.၂၀၁၃၊ အင်္ဂါနေ့

တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ညီလာခံတွင် ဆွေးနွေးမည့် အချက်များနှင့် ရရှိလာမည့် အဖြေများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ထိပ်တိုက် တွေ့ဆုံမည့် အချက်များ ပါဝင်မည် မဟုတ်ကြောင်း UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာက ပြောကြားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် အဆိုပါ ညီလာခံသို့ တက်ရောက်ရန် UNFC ဌာနချုပ် လိုင်ဇာသို့ ရောက်ရှိလာသော UNFC အတွင်းရေးမှူး ဦးခွန်ဥက္ကာနှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံနှင့် အနှစ်သာရများမှာ ဖက်ဒရယ်ပြည်ထောင်စု အနှစ်သာရနှင့် များစွာ ကွာခြားသဖြင့် ဖက်ဒရယ်စနစ်ကို ဦးတည် ဖော်ဆောင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရ အနည်းငယ် မှေးမှိန်နိုင်ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် ဖက်ဒရယ်စနစ်အသွင် ကူးပြောင်းရေး ဖြည်းညင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေနှင့် ထိပ်တိုက် တွေ့ဆုံ အောင်ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ 
“လက်ရှိ အခြေခံဥပဒေပါ အချက်တွေနဲ့ ဖက်ဒရယ်စနစ် ကူးပြောင်းရေးက ထိပ်တိုက် တွေ့နိုင်စရာ ရှိတယ်။ သို့သော် ဒီနှစ်ခုကြားမှာ ထိပ်တိုက်တွေ့လို့တော့ မဖြစ်ပါဘူး။ ဒီနှစ်ခုကြားမှာ အကူးအပြောင်း ညင်ညင်သာသာနဲ့ ကူးပြောင်းနိုင်တဲ့ နည်းလမ်းတော့ ကျွန်တော်တို့ ရှာမှာ ဖြစ်ပါတယ်” ဟု UNFC အတွင်းရေးမှူး (၂) က ဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ခွဲထွက်သည့်အစွန်းနှင့် တစ်ပြည်ထောင် အာဏာရှင်စနစ် အစွန်းနှစ်ဖက်မှ ရှောင်နိုင်ရမည် ဖြစ်ပြီး အတူတကွ တန်းတူနေထိုင်နိုင်မည့် စနစ်သာအဓိက ဖြစ်ကြောင်း၊ ယင်းအတိုင်းသာလျှင် အားလုံး သဘောတူနိုင်မည့် အခြေခံ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထို့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် KNU နှင့် RCSS တို့ ပူးတွဲထုတ်ပြန်သည့် သဘောထား ကြေညာချက်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးချက်မှာ များစွာကွဲလွဲမှု ရှိမည် မဟုတ်ကြောင်း၊ KNU မှာ တပ်ပေါင်းစု ဦးဆောင်အဖွဲ့ ဖြစ်၍ KNU ၏သဘောထားသည် ကျန်အဖွဲ့များကို လေးလေးနက်နက် ရိုက်ခတ်ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် KNU နှင့် RCSS တို့ အဆိုပါ လက်နက်ကိုင် ညီလာခံအတွက် သဘောထား ကြေညာချက် ရှစ်ချက်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုအပြီး လေးလအတွင်း နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲစီမံခွင့် ရရှိရန်စသည့် အချက်များ ပါဝင်သည်။ 

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ လိုင်ဇာထိပ်သီး အစည်းအဝေးပြီးနောက် အောက်တိုဘာလ ၃ ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာထံမှ သိရသည်။ 

အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံသည် မြန်မာ့သမိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင်တက်ရောက်သည့် ဆွေးနွေးပွဲတစ်ရပ်လည်း ဖြစ်ကြောင်း လက်နက်ကိုင် တပ်ဖွဲ့များ၏ အဆိုအရ သိရှိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here