Tuesday, October 29, 2013

မြို့နယ်ရဲမှူးဦးဆောင်သော မော်တော်ယာဉ် စစ်ဆေးရေးအဖွဲ့အား ကိုယ်ပိုင်ကားတစ်စီးက အရှိန်လျော့မပေးဘဲ ၀င်တိုက်

0 comments
Tuesday, October 29, 2013

စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးဆောင်သော ယာဉ်စစ်ပိတ်ဆို့စစ်ဆေးရေးအဖွဲ့အား ကိုယ်ပိုင် ကားတစ်စီးက ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာဖြင့် ၀င်တိုက်မှုတစ်ခု အောက်တိုဘာ ၂၇ ရက် ည ၁၂ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အမှုတွင် ယင်းနေ့ည ၁၀ နာရီက စမ်းချောင်းမြို့နယ်ရဲမှူး အပါအ၀င် ယဉ်ထိန်းရဲများသည် ပြည်လမ်းရှိ ဟံသာဝတီအ၀ိုင်း ကားမှတ်တိုင်တွင် ပူးပေါင်းယာဉ်စစ်ပိတ်ဆို့ရှာဖွေရေးများ ပြုလုပ်နေစဉ် စမ်းချောင်း မုန့်လက်ဆောင်ကုန်းရပ်ကွက်၊ မကြီးကြီးလမ်းနေ ဦးမြင့်စိုးမောင်းနှင်လာသည့် မတ်တူးအမျိုးအစား ခဲ ရောင် ကိုယ်ပိုင်ယာဉ်သည် အရှိန်ပြင်းစွာဖြင့် မြေနီကုန်းဘက်မှ ဟံသာဝတီ အ၀ိုင်းဘက်သို့ အရှိန်ပြင်းစွာ မောင်းခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လက်အချက်ပြမီးချောင်းများဖြင့် အရှိန်လျှော့ပေးရန် တားမြစ် ခဲ့ သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်မောင်းဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်း တွင် ဖော်ပြ ထားသည်။ထို့နောက် ယာဉ်စစ်အဆုံးအရောက်တွင် ဘယ်ရီဂိတ်အား စတင်ဝင်တိုက်ခဲ့သည်။ ဆက်လက်၍ လမ်း ဘေးတွင် အစဉ်လိုက်ရပ်ထားသော စမ်းချောင်းရဲတပ်ဖွဲ့ပိုင် ဟိုင်းလတ်အပြာရောင် ရဲကားအား ၀င်တိုက် ခဲ့ခြင်းကြောင့် အဆိုပါဟိုင်းလက်ယာဉ်က ရှေ့တွင်ရပ်ထားသော အလုံရဲတပ်ဖွဲ့ပိုင် နစ်ဆန်းအပြာရောင် ရဲကားအား ထပ်မံတိုက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။

ယာဉ်တိုက်မှုကြောင့် ရဲကားနှစ်စီးပျက်စီးခဲ့သည့်အပြင် ဟိုင်းလက်ရဲကားပေါ်တွင် ထိုင်သည့် ဒု-ရဲတပ် ကြပ် တင်ထွန်းနောင်မှာ ယာဉ်တိုက်မှုအရှိန်ကြောင့် ဦးခေါင်းဆောင့်မိပြီး နဖူးအလယ်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်ခုံး ပွန်းပဲ့ဒဏ်ရာ၊ ယာဘက်ဒူးပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးမြင့်စိုးကို အရေးယူပေးရန် ဒု-ရဲအုပ် ကျော်ခိုင် (ယာဉ်ထိန်း တပ်ဖွဲ့စု ၂၂) က တိုင်တန်းသဖြင့် စမ်းချောင်း ရဲစခန်းက ယာဉ်(ပ)၁၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၃၇/၂၇၉ ဖြင့် အရေးယူရန် ဒု- ရဲအုပ် ကျော်ခိုင်ကပင် ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း၏အကြောင်းအရင်းအား သိရှိနိုင်ရန် စမ်းချောင်းရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အထက်မှ ဦးစီးလုပ်ဆောင်နေသောကိစ္စဖြစ်သဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့သာ မေးမြန်းပါရန် ဖုန်းကိုင်ဖြေကြားခဲ့သူက ပြောခဲ့သည်။

မြို့နယ်မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ယင်းဖြစ်စဉ်အား အမှုဖွင့်ကိုင်တွယ်နေသော ရဲစခန်း ကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ရဲစခန်းမှပေးသော ယာဉ်ထိန်းတပ်ဖွဲ့စု ၂၂ ဖုန်း အား ဆက်သွယ်ရာတွင် အဆက်အသွယ် မရရှိခဲ့ပေ။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here