Tuesday, October 8, 2013

စက်တင်ဘာလအတွင်း မီးလောင်မှု ၇၀ နီးပါးဖြစ် ဆုံးရှုံးမှု ကျပ်သန်း ၂၀၀ ခန့်ရှိ

0 comments
8.10.2013

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စက်တင်ဘာလအတွင်း မီးလောင်မှု ၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်းဖိုး ကျပ်သန်းပေါင်း ၁၈၉ ဒသမ ၃၄ ကျော် ဖြစ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါမီးလောင်မှုများမှာ မီးဖိုမီး ၁၂ ကြိမ်၊ ပေါ့ဆမီး ၁၈ ကြိမ်၊ လျှပ်စစ်မီး ၂၄ ကြိမ်၊ မသမာသူရှို့မီး ၁၃ ကြိမ်၊ စုံစမ်းဆဲ တစ်ကြိမ်နှင့် မိုးကြိုးပစ် ၁ ကြိမ်တို့ ဖြစ်သည်။ ယင်းမီးလောင်မှုကြောင့် အဆောက်အအုံ ၄၉ လုံး၊ စက်ရုံတစ်ရုံ မီးလောင်ခံရသည်။ မီးဘေးဒုက္ခသည် ၁၄၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လူနှစ်ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများမှာ ပြည်နယ်များ၌ ကချင်တွင် လေးကြိမ် ကျပ် ၄၃ သန်းကျော်ဖိုး၊ ကယားတွင် တစ်ကြိမ် ကျပ် ၅၀,၀၀၀ ဖိုး၊ ရခိုင် ၁၀ ကြိမ် ကျပ် လေးသန်းကျော်၊ ရှမ်း ခုနစ်ကြိမ် ကျပ်လေးသိန်းကျော်နှင့် စစ်ကိုင်းတွင် ခြောက်ကြိမ်၊ကျပ်သုံးသိန်းကျော် ဆုံးရှုံးခဲ့သည်။

တိုင်းဒေသကြီးများတွင် နေပြည်တော် သုံးကြိမ် ကျပ် ၇၃ သန်းကျော်၊ ပဲခူးခြောက်ကြိမ် ကျပ်နှစ်သိန်းကျော်၊ မကွေး သုံးကြိမ် ကျပ် ၈၀၀၀၀၊ မန္တလေး ရှစ်ကြိမ် ကျပ်သန်း ၅၀ ကျော်၊ မွန်နှစ်ကြိမ် ကျပ်နှစ်သိန်းကျော်၊ ရန်ကုန် ၁၇ ကြိမ်၊ ကျပ် ၁၄ သန်းကျော်၊ ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းတွင် နှစ်ကြိမ် ကျပ်တစ်သန်းကျော်တို့ ဆုံးရှုံးခဲ့ရသည်။

စက်တင်ဘာလ မီးလောင်မှုအကြိမ်ရေတွင် ရန်ကုန်အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်ရာ တတိယအများဆုံးမှာ မန္တလေးဖြစ်သည်။ သို့သော် ဆုံးရှုံးမှုတန်ဖိုး အများဆုံးဒေသမှာ နေပြည်တော်ဖြစ်နေပြီး ဒုတိယမှာ မန္တလေး ဖြစ်သည်။ ကချင်မှာ တတိယအများဆုံး ဖြစ်သည်။

အလားတူကာလဖြစ်သည့်၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၅၅ ဒသမ ၇၉ သန်းရှိခဲ့သည်။၂၀၁၃ ခု နှစ်၊ စက်တင်ဘာလတွင် မီးလောင်မှု ၂၁ ကြိမ် ပိုမိုပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၃၃ ဒသမ ၅၅ သန်း ပိုမိုခဲ့ သည်။

၂၀၁၃ခုနှစ် မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုးများမှာ ဇူလိုင်လတွင် ၇၀ ကြိမ် ကျပ် ၅၉ သန်းကျော် နှင့် သြဂုတ် လတွင် ၆၁ ကြိမ် ကျပ်သန်းပေါင်း ၉၈ သန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here