Tuesday, October 8, 2013

စပိန်လက်ရွေးစင် အသင်းအတွက် ပထမဆုံး ကိုယ်စားပြုခွင့် ရလာသည့် မီချူး

0 comments


8.10.2013

ဥရောပနှင့် ကမ္ဘာ့ချန်ပီယံ စပိန်အသင်း၏ နည်းပြကြီး ဗင်းဆင့် ဒယ်လ်ဘော့စကေးက ဘီလားရုစ်၊ ဂျော်ဂျီယာတို့နှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင် မီချူးကို အသင်းလူစာရင်း၌ ထည့်သွင်းလိုက်သည်

ဆွမ်ဆီးစီးတီး တိုက်စစ်မှူး မီချူးအနေဖြင့် စပိန်လက်ရွေးစင် အသင်းကို ကိုယ်စားပြုရန် ပထမဆုံးအကြိမ် အခွင့်အရေး ရရှိလာပြီ ဖြစ်သည်။ ဥရောပနှင့် ကမ္ဘာ့ချန်ပီယံ စပိန်အသင်း၏ နည်းပြကြီး ဗင်းဆင့် ဒယ်လ်ဘော့စကေးက ဘီလားရုစ်၊ ဂျော်ဂျီယာတို့နှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင် မီချူးကို အသင်းလူစာရင်း၌ ထည့်သွင်းလိုက်သည်။ မီချူးသည် ဆွမ်ဆီးတွင် တောက်ပစွာ ခြေစွမ်းပြနေသော်လည်း ပါရမီရှင် ကစားသမား ကြွယ်ဝလွန်းသည့် စပိန်အသင်းတွင် လုံးဝ ပါဝင်ခွင့် မရခဲ့ဖူးသေးချေ။ ဒယ်လ်ဘော့စကေးသည် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒေးဗစ်ဗီလာ ဒဏ်ရာရနေချိန်တွင် မီချူးကို ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ ဗီလာသည် ဆယ်လ်တာဗီဂိုနှင့် ပွဲစဉ်တွင် ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့သည်။

အသက်(၂၇)နှစ်ရှိ မီချူးသည် ဆွမ်ဆီးနှင့် ပွဲဦးထွက် ရာသီတွင် (၂၂)ဂိုး သွင်းနိုင်ခဲ့သလို ယခုရာသီတွင်လည်း (၅)ဂိုး ရရှိထားပြီး ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (၂)ခုတွင် စပိန်၏ တိုက်စစ်အတွက် တော့တင်ဟမ် ဟော့စပါးမှ ရောဘတ်တို ဆိုလ်ဒါဒို၊ ဂျူဗင်းတပ်စ်၏ ဖာနန်ဒို လော်ရန်တေးတို့နှင့်အတူ တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။ စပိန်၏ အခြား အတွေ့အကြုံရင့် တိုက်စစ်သမား တစ်ဦးဖြစ်သည့် ဖာနန်ဒို တောရက်စ်သည် ချယ်လ်ဆီးအတွက် ကစားပေးရင်း ဒဏ်ရာရရှိထားသည်။ အက်သလက်တီကို မက်ဒရစ် အသင်းမှ တိုက်စစ်မှူး ဒီယေဂို ကော်စတာသည်လည်း စပိန်လက်ရွေးစင် ဖြစ်ခွင့်အတွက် ဘရာဇီးလ် အသင်း၏ ခေါ်ယူမှုကို ငြင်းဆန်ထားသော်လည်း ယခုပွဲစဉ် (၂)ခုအမီ စာရွက်စာတမ်း ကိစ္စများ မပြီးပြတ်သဖြင့် မီချူးအတွက် လမ်းပွင့်လာခြင်း ဖြစ်သည်။ စပိန်သည် သောကြာနေ့တွင် ပယ်လ်မာ၌ ဘီလားရုစ်နှင့် ကစားမည်ဖြစ်ပြီး နောက်ထပ် (၄)ရက် အကြာတွင် အယ်လ်ဘာစီတီ၌ ဂျော်ဂျီယာကို လက်ခံယှဉ်ပြိုင်မည်ဟု သိရှိရသည်။

Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here