Monday, October 7, 2013

လီဆူးတိုင်းရင်းသားအမည်ဖြင့် မှတ်ပုံတင်ပြုလုပ်မရမှု လ၀ကသို့ တင်ပြမည်

0 comments


၇.၁၀.၂၀၁၃

လီဆူးတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၅ရက်တွင် တောင်ကြီး မြို့ ရေအေးကွင်းရပ်ကွက်ရှိ တရုတ် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ပြုလုပ်ရာ လီဆူးတိုင်းရင်းသားအမည်ဖြင့် မှတ်ပုံတင်ခြင်းပြုလုပ်မရသည်ကို ဆွေးနွေးခဲ့ပြီး လ၀ကသို့ တင်ပြသွားမည်ဖြစ်သည်။

“လီဆူးဆိုတာ တိုင်းရင်းသားလူမျိုးနွယ်ဖြစ်ပြီး မှတ်ပုံတင်မရသေးတဲ့ အချက်ကို ဆွေးနွေးတယ်။ မြို့နယ် အသီးသီးက လာရောက်ကြတဲ့ လီဆူတိုင်းရင်းသားတွေကလည်း သူတို့အခက်အခဲတွေ တင်ပြကြတယ်။ အချို့မြို့နယ်တွေမှာဆို လီဆူးကို လ-၀-က က လီရှောဆိုပြီးတော့ မှတ်ပုံတင်မထုတ်ပေးဘဲ ကျမ်းကျိန် ခိုင်းတာတွေ ရှိတယ်။ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲမှာ လီဆူးလူမျိုးဆိုတာ ပါဝင်တယ်။ ကိုယ့်စာပေ၊ကိုယ့်ယဉ်ကျေးမှု ရှိလျက် မှတ်ပုံတင်မရတဲ့ အကြောင်းကို သိချင်တယ်။ ဆွေးနွေးပွဲရလဒ်ကနေပြီးတော့ သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြသွားဖို့ရှိတယ်”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံးမြို့နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လီဆူး စာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဒေါ်ခင်စန်းမြင့်က ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ လီဆူးသမိုင်းပြုစုရေး တာဝန်ခံနှင့် ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ဆွန်မလေးကလည်း ဆွေးနွေးပွဲ
ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ “လွှတ်တော်အမတ်တစ်ဦးက ကျွန်မတို့ လီဆူးလူမျိုးကို တိုင်းရင်းသားရေးရာဝန်ကြီး မထားသင့်ဘူး။ လူနည်းစုသာရှိတဲ့ လူမျိုးလို့ ပြောဖူးလို့ပါ။ လီဆူးလူမျိုးဆိုတာ မိမိစာပေ၊ မိမိယဉ်ကျေးမှု၊ မိမိကိုယ်ပိုင် ဟန် ရှိတယ်ဆိုတာလည်း သိစေချင်လို့ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် လီဆူး တိုင်းရင်းသားသမိုင်းကိုလည်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်၏ လီဆူး စာပေနှင့် ယဉ်ကျေးမှုအသင်း ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် ရှမ်းပြည်နယ် ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့တွင် လီဆူးတို့ ပါဝင်နိုင်မှုတို့ကို ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ ရှမ်းတောင် ရှမ်းမြောက်၊ ကယားပြည်နယ်ရှိ လီဆူးတိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းအဖွဲ့များ၊ လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောဝိအပါအ၀င် လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here