Wednesday, October 23, 2013

ရေညှိပျံ့သင်း ညောင်ရွှေအင်း အထူးစည်ကားသည်

0 comments



(မင်းထက်စံ)

အုပ်ဆိုင်းဆိုင်း သစ်ပင်တို့၏ နောက်ကွယ်တွင် စိမ်းမြမြ စပါးခင်းကြီးသည် ကျယ်ပြောလာသော ပင်လယ်ပြင်ကြီး အလား...။ ကား၊ ဆိုင်ကယ်တို့ သာမက လယ်ယာလုပ်ငန်းအတွက် အသုံးပြုသော ထော်လာဂျီ တို့က အဝေးပြေး လမ်းပေါ်တွင် ဥဒဟို သွားလာနေကြသည်။

နေအိမ်ရှေ့ မြောင်းကိုကူးရန် အိမ်တိုင်းကိုယ်စီ တံတားများ ထိုးထားကြသည်။ တံတား တစ်ခုပေါ်တွင် အသက် ၇၀ နှစ်ခန့် ရှိမည်ဟု ခန့်မှန်းရသော အဘွားအိုတစ်ဦးက တံတား လက်တန်းကို ကိုင်ကာ လမ်းမကြီးဘက်သို့ ငေးကြည့်နေသည်။

ရေပြင် အတွင်းကုန်းကမူကို မြေတူးစက် ယန္တရားက ဖောင်ပေါ်မှ မြေများကို ကုတ်ခြစ်နေသည်။ အနီး တစ်ဝိုက်တွင် လှေငယ်လေး တစ်စင်းစ နှစ်စင်းစ။ နည်းနည်း ကျော်လာလိုက်သည်နှင့် မြို့အဝင်ကို မြင်နေရသည်။“ညောင်ရွှေမြို့မှ လှိုက်လဲစွာ ကြိုဆိုပါ၏” ဟူသော ရွှေဝါရောင် မုခ်ဦးကြီးက ရောက်လာသူများကို ခရီးဦး ကြိုဆိုနေသည်။ လာရောက်ကြသည့် ခရီးသည်များမှာ ဝင်လာမစဲ တသဲသဲ။ ခါတိုင်းရက်များနှင့် မတူဘဲ အောက်တိုဘာ ၁၁ ရက်နေ့သည် အထူးစည်ကားနေသည်။ ဖောင်တော်ဦး ဘုရားပွဲ၏ ခုနစ်ရက်မြောက်သည့်နေ့။ အစည်ကားဆုံး နေ့လည်း ဖြစ်သည်။

နံနက် ၅ နာရီ မထိုးခင်ကတည်းက ညောင်ရွှေ မြို့တွင်း နေထိုင်သူများနှင့် ညောင်ရွှေမြို့သို့ လာရောက် ကြသူများသည် လှေဆိပ်ရှိရာသို့ ဦးတည်နေကြသည်။ ညောင်ရွှေမြို့ လှေဆိပ်သည် နံနက်ရောင်နီ မပွင့်ခင် ကတည်းက လူပြည့်ကျပ်လျက် ရှိသည်။

စက်လှေသမားများကလည်း လှေဆိပ်သို့ ဦးတည် လာသူတိုင်းကို “လှေငှားဦးမလား” “အင်းထဲ သွားဖို့ လှေလိုသေးလား” စသဖြင့် အင်းလေသံဝဲဝဲဖြင့် လိုက်မေးကြသည်။ ထိုလှေသမားများအတွက် ယခုရာသီသည် သူတို့အတွက် တွက်ခြေ အကိုက်ဆုံး ဖြစ်သည်။ ပုံမှန်အင်းထဲသို့ ခုနစ်ထောင် (ကျပ်) ဖြင့် သွားရသော ခရီးစဉ် ဆိုပါက ယခုအချိန်တွင် နှစ်သောင်း၊ နှစ်သောင်း ခွဲစသဖြင့် တောင်း၍ ရသည်။ ထိုသို့ရသည်မှာ အင်းလေးကန် အလယ်ရှိ အင်းလေး ဖောင်တော်ဦး ဘုရားပွဲ ရှိနေခြင်းကြောင့် ဖြစ်သည်။

အင်းလေး ဖောင်တော်ဦး ဘုရားရှိ ဗုဒ္ဓရုပ်ပွားတော်သည် အင်းလေးကန် တစ်ဝိုက်ရှိ ကျေးရွာ များကို ဒေသစာရီ ကြွချီတော်မူပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် ညောင်ရွှေမြို့သို့ ရောက် ရှိမည် ဖြစ်သောကြောင့် မင်းကင်းကျေးရွာတွင် ဗုဒ္ဓရုပ်ပွားတော်ကို သွားရောက် ပင့်ဆောင်ရန် လှေဆိပ် တွင် လူများ ပြည့်နှက်နေပြီး သူ့ထက်ငါ လှေအပြိုင် ငှားကြသည်။

နန့်ကပ်ချောင်း လှေဆိပ်မှ စက်လှေများသည် အင်းလေးကန် အတွင်းသို့ နံနက် ၆ နာရီခန့်တွင် အစီအရီ သွားနေကြသည်။ မြို့ပြတွင် ကားများဥဒဟို သွားလာသကဲ့သို့ နန့်ကပ်ချောင်း အတွင်းတွင်လည်း စက်လှေတစ်စင်းနှင့် တစ်စင်း တိုက်မိမည်ကိုပင် စိုးရိမ်ရသည်။ သို့သော် မတော်တဆ လှေတိုက်ကြခြင်း မရှိ။

ညောင်ရွှေမှ စက်လှေများ အင်းလေးကန်ထဲသို့ အပြိုင် သွားနေကြသည့်အတွက် နန့်ကပ်ချောင်း လှိုင်းလုံးများ ထလျက် စက်လှေဝမ်းနှင့် လှိုင်းပုတ်ခိုက် စက်လှေသည် တဘုံးဘုံးဖြင့် လှိုင်းစီးရသည်မှာ စီးရသူအဖို့ ရင်ကို လှိုက်ခနဲ လှိုက်ခနဲ ဖြစ်စေသည်။

နန့်ကပ်ချောင်းဝသို့ ရောက်လျှင် အင်းလေးကန်၏ နံနက်ခင်းသည် နွေးနွေးထွေးထွေး ရှိလှပြီး လဲ့ပြာပြာ လှိုင်းကလေးများ ခွပ်ပြေးလျက် ရှိသည်က သာယာမှု ရှိခြင်းကို ညွှန်းဆိုပြနေသည်။
ကုန်းဘောင်ခေတ် စာဆိုပညာရှင် စလေဦးပုညက ညောင်ရွှေမြို့ပေး မေတ္တာစာတွင် အောက်ပါ အတိုင်း ရေးသားထားသည်။

မြညှိစိုစို၊ မြေတခိုဝယ်
ရေညှိပျံ့သင်း၊ ညောင်ရွှေအင်းလည်း
နတ်မင်းသုံးရန်၊
နန္ဒာကန်နှင့်၊ သဏ္ဌာန်မခြား၊ ရေကျက်စားသည်
ရေသားတံငါ၊ စီးပွားရှာတို့
ကွန်ချာပွင့်အုပ်၊ ဝင့်ကာရုပ်သည်
ပေါ်ငုပ်လူးလာ၊ မြူစကာနှင့်...။

ယနေ့တွင်တော့ ညောင်ရွှေမြို့ ပွဲတော်ရက် ဖြစ်သည့်အတွက် အင်းလေးကန်အတွင်း ကွန်ချာအုပ်သည့် ကိုတံငါတို့ကို မတွေ့ရ။အင်းလေးကန် အတွင်းသို့ နာရီဝက်၊ ၄၅ မိနစ်ခန့် မောင်းနှင်လိုက်သည့်အခါ မင်းကင်းကျေးရွာတွင် တစ်ရက်တာ ကျိန်းစက်နေသည့် ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များကို ပင့်ဆောင်ရန် ပြင်ဆင်နေကြသည်။ ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော်ရန် စက်လှေများ ရာနှင့်ချီ စောင့် ဆိုင်းနေကြသည်။ ရုပ်ပွားတော်ကို ပင့်ဆောင်သည် ဆိုသည်မှာ ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များကို ကရဝိက်ဖောင်ဖြင့် ပင့်ဆောင်ပြီး ထိုကရဝိက်ဖောင်ကို လောင်းလှေများစွာ တစ်ခုနှင့်တစ်ခု ကြိုးဖြင့် ဆွဲကာ ခြေထောက်ဖြင့် လှော်ခတ် ဆွဲယူကြခြင်း ဖြစ်သည်။

ကရဝိက် ဖောင်တော်ကို ဆွဲရန်အတွက် လောင်းလှေများတွင် ၁၆ တက်လှော် (တစ်ကျိပ်ခြောက်)၊ ၂၆ တက်လှော် (နှစ်ကျိပ်ခြောက်) နှင့် ၄၆ တက်လှော် (လေးကျိပ်ခြောက်) စသဖြင့် လောင်းလှေ အမျိုးမျိုး။
အင်းလေးကန် တစ်ဝိုက်ရှိ ကျေးရွာများတွင် နေထိုင်သော လူငယ်များအဖို့ ဘုရား ကရဝိက်လှေ ဆွဲရသည်ကို “ကျွန်တော် လှေဆွဲနေတာ” ဟု ဂုဏ်ယူစွာ ပြောဆိုကြသည်။

နံနက် ၇ နာရီထိုးရန် မိနစ်ပိုင်း အလိုတွင် ထိပ်ဆုံးပိုင်းမှ လောင်းလှေ များ ခြေထောက်တွင် ကပ်ထားသည့် လှော်တက် များကို စတင်ခတ်ယူကြသည်။ ထိပ်ဆုံး လှော်သည်နှင့် နောက် မှ လောင်းလှေ များလည်း တဖြည်းဖြည်း လှော်ခတ်ကြသည်။

အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်လာသည့် ကရဝိက် ဖောင်တော်ကြီး စတင်ထွက်ခွာလေပြီ။ ဖူးမြော်ရန် စောင့်ဆိုင်းနေကြသော ရာချီသော ကျေးရွာအသီးသီးမှ စက်လှေများသည် ကရဝိက် ဖောင်တော်ကြီးကို ဝန်းရံလျက် မောင်းနှင်ကြသည်။

ကရဝိက် ဖောင်တော်ကို ဆွဲကြသော လောင်းလှေများပေါ်တွင် အသံချဲ့စက်ကြီးဖြင့် မြူးကြွသည့် ဒစ်စကို သီချင်းများ ဖွင့်၍ တက်ခတ်သည့် လောင်းလှေများလည်း ပါသည်။ ကရဝိက် ဖောင်ကြီးသည် တဖြည်းဖြည်း ဆွဲလာသည်နှင့် အရှိန်ရလာပြီး မြန်လာသည်။ နာရီဝက်ခန့် ဆွဲလာပြီးသည့် အချိန်တွင် ချောင်းဝထိပ်သို့ ရောက်လာချိန်၌ ကရဝိက်ဆွဲသော လောင်းလှေများ အနှောင့်အယှက် မဖြစ်စေရန်အတွက် စက်လှေများအားလုံး ကရဝိက် ဖောင်တော်နောက်မှ လိုက်ကြရသည်။

ပေ ၂၀ ခန့်သာရှိသော ချောင်းအတွင်း ရာချီသော စက်လှေများ အလုအယက် တိုးဝင်ကြသည်။ စက်လှေ တစ်စီးနှင့်တစ်စီး တဒုတ်ဒုတ်ဖြင့် လှေဘောင်များ တိုက်ကြသည်။ စက်လှေပေါ် စီးနင်းသူများကို လှေဘောင်တွင် လက်မကိုင်ကြရန် စက်လှေသမားက သတိပေးသည်။ မှန်ပါသည်။ လှေဘောင်ပေါ် လက်တင်ထားပါက လှေချင်း ဘေးတိုက်တိုက်ပါက လက်ပြတ် သွားနိုင်သည်။ လှေတစ်စီးနှင့်တစ်စီး ကပ်နေသည့်အတွက် လှေစီးသူ အချင်းချင်း နီးနီးကပ်ကပ် ဖြစ်နေ သည်။

ထိုအချိန်တွင် အင်းသူလေးများက တစ်နယ်သားတို့ကို “ဟေ့ အင်းသားလုပ်မလား” ဟု စနောက်ကြ သည်။ တစ်နယ်သားတို့ကလည်း အင်းသူလေးများကို ဓာတ်ပုံ ရိုက်ကြသည်။ စကြသည်။ နောက်ကြသည် ။ ပျော်ဖို့တော့ ကောင်းသည်။

နိုင်ငံခြားသားများကလည်း ကင်မရာကြီးများ တကားကားဖြင့် အချင်းချင်း နောက်ပြောင်သကဲ့သို့ အင်းသူများဘက်သို့ လှည့်ကာ ခြေဟန်လက်ဟန်ဖြင့် စနောက်သည်။

ကရဝိက် ဖောင်တော်နောက် စက်လှေကြားတွင် ပိတ်မိပြီ ဆိုပါက တခြားနေရာသွားရန် မစဉ်းစားနှင့် မျောပါလိုက်ရုံသာ ရှိသည်။

ချောင်းအတွင်း ကရဝိက် ဖောင်တော်ကြီး ဝင်လိုက်သည်နှင့် ချောင်းကမ်း တစ်လျှောက် ရွာသူ ရွာသားများက ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော်ကြသည်။ ဆွမ်းကပ်ကြသည်။ ပန်းကပ်ကြသည်။ တစ်နှစ်တွင် တစ်ကြိမ်သာ ဖူးမြော်ခွင့် ရသည့်အတွက် ချောင်းတာရိုး တစ်လျှောက် ဖူးမြော်ကန်တော့သူ ပြတ်သည်မရှိ။

အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်ကို ပင့်လာသည့် ကရဝိက် ဖောင်တော်သည် ညောင်ရွှေမြို့ ထဲသို့ ဝင်ရောက် လာတော့သည်။ နန့်ကပ်ချောင်းကမ်း တစ်လျှောက် ဖူးမြော်သူများ ပြည့်လျက်။ အချို့ကလည်း အိမ်ပေါ်က ဖူးမြော်ကြသည်။

ကရဝိက် ဖောင်တော်သည် ဖောင်တော်ဆိပ်မှ ဆိုက်ကပ်လေပြီ။ ထိုမှ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီ ကျောင်းတော်သို့ ပင့်ဆောင်ကြသည်။ အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်သည် ညောင်ရွှေမြို့တွင် သုံးရက် ကိန်းဝပ်စံပယ်မည် ဖြစ်သည်။

ကရဝိက် ဖောင်တော် ဆိုက်ကပ်ပြီးသည်နှင့် လောင်းလှေ ပြိုင်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်၍ နန့်ကပ်ချောင်းတစ်လျှောက် စက်လှေများ သွားလာခြင်း မပြုရန် ပြန်ကြားရေးဌာနက ကြေညာနေသည်။ နန့်ကပ်ချောင်း တစ်လျှောက် လှေဖြင့်စီး၍ အားပေးသူ၊ ကုန်းပေါ်မှ အားပေးသူ များဖြင့် ပြည့်နှက်နေ သည်။ အိမ်ခေါင်မိုးပေါ်၊ အိမ်နံရံပေါ်မှအစ အားပေးသူများ ရှိနေသည်။

လောင်းလှေလှော်ဟန်မှာ လှေပေါ်တွင် ရပ်၍ တက်အရိုးကို လက်ဖြင့်ထိန်းပြီး ဘယ်ခြေဘယ်လက်၊ ညာခြေ ညာလက် လှော်ခတ်ရသည်။ လှော်တက်ကို ပေါင်၊ ဒူးခေါက်ကွေး၊ ခြေသလုံး တို့ကို ကျော်၍ ခြေ ဖျား များဖြင့် ထိန်းခြင်း ဖြစ်သည်။

လောင်းလှေပြိုင်ပွဲကြီး စလေပြီ။ အော်ဟစ် အားပေးသူတို့၏ အသံကား တညံညံ။ ပန်းဝင်သည့်လှေမှ လှေဦးထိပ်နေသူသည် အလံတိုင် ဝါးလုံးတွင် တပ်ဆင်ထားသည့် ပန်းစည်းကြိုးကို ဆွဲယူလိုက်သည်။
“လေ..လေ..လေ..” ဟု အင်းဓလေ့ အားပေးစကားဖြင့် အော်သူအော်။ ပျော်သူတို့ ပျော်ပြီး..ရှုံးသူတို့ ကလည်း အင်းစကားဖြင့် သံပြိုင်အော်ဟစ်ကာ ခနဲ့ကြသည်။

လောင်းလှေပြိုင်ပွဲကြီး ပြီးဆုံးသွားသောအခါ လာရောက်ကြသော သောင်းချီသည့် လူအုပ်ကြီးလည်း လူစုခွဲကြလေသည်။ ညောင်ရွှေမြို့ရှိ လမ်းများပိတ်ဆို့ ကုန်သည်။ တွန်းရင်း တိုက်ရင်းဖြင့် လူအုပ်ကြီးသည် တဖြည်းဖြည်း ကျဲပါးလာသည်။ နန့်ကပ်ချောင်း တစ်ချောင်း တစ်လျှောက် စက်လှေတို့သည် သူ့ထက်ငါ ခရီးသည်များကို ခေါ်နေဆဲ...။

ထိုနေ့သည် အင်းလေး ဖောင်တော်ဦး ဘုရားပွဲ၏ ရက်ပေါင်း ၁၈ ရက်တွင် အစည်ကားဆုံး ရက်ဖြစ်ပြီး ရေညှိပျံ့သင်း ညောင်ရွှေအင်း၏ အင်းရိုးရာပြယုဂ် တစ်ခုလည်း ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here