Tuesday, October 1, 2013

သျှမ်း/မြောက်တွင် လူဦးရေကောက်ယူရေးကော်မတီဖွဲ့စည်း - လုပ်ငန်းစဉ်များချမှတ်

0 comments


သျှမ်းသံတော်ဆင့်
၁ အောက်တိုဘာလ ၂၀၁၃

သျှမ်းနိုင်ငံရေးပါတီနှင့် သျှမ်းလူမှု အဖွဲ့အစည်း စုပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း လူဦးရေကောက် ယူရေး ကော်မတီကို လားရှိုးမြို့ တွင် ဖွဲ့စည်းကာ လုပ်ငန်းစဉ်နှင့်တာဝန်များခွဲဝေ ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။

စက်တင်ဘာလ ၂၈ နှင့် ၂၉ ရက်ကတွေ့ဆုံဆွေးနွေးကာ ကော်မတီဖွဲ့စည်းပြီး ခေါင်းစဉ် ၄ ခုဖြင့်ဆွေးနွေးခဲ့ကြောင်း ၊ နိုင်ငံရေး ပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များ ဒေသတွင်းလူငယ်ထုများ စုစုပေါင်း ၃၁ ယောက် တက်ရောက်ခဲ့ကြောင်း ဆွေးနွေး ပွဲတက်ရောက်ခဲ့သည့် လဲချားမြို့နယ် ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျကပြောသည်။

“ ဆွေးနွေးပွဲမှာ ကျနော်တို့ ခေါင်စဉ်လေးခုနဲ့သွားတယ်။ သျှမ်းပြည်ထဲက လူဦးရေ စာရင်းကောက်ယူသင့် သလား၊ ကောက်ယူ မယ်ဆိုရင် ကော်မတီဖွဲ့မယ်၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ချမယ်။ ကော်မတီနာမည်ရွေးချယ် သတ်မှတ်မယ် အစရှိပေါ့။ အဲတာ ဆွေးနွေးပွဲ တက်ရောက် တဲ့ ၃၁ ယောက်စလုံးက လူဦးရေစာရင်းကောက်ယူ သင့်ပါတယ်ဆိုလို့ ကျနော်တို့ သျှမ်းပြည် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း ၃ ပိုင်းခွဲပြီးတော့ ဆက်သွယ် ဆောင်ရွက်ရေး တာဝန် ယူဖို့ကော်မတီတွေကို ရွေးချယ် ခဲ့ပါ တယ်။ မြို့နယ် တိုင်းကိုလဲ မြို့နယ်ကော်မတီ ဆက်လက်ဖွဲ့ စည်းသွား မယ်၊ မကျကျန်ရလေအောင် facebook အကောင့်တခုဖွင့်ပြီး စည်းရုံး သွားမယ်” ဟု ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျ ကပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စည်းရုံးရေး ဆက်သွယ်ရေးအတွက် နမ္မတူမှ နန်းခမ်းအေး၊ ကျောက်မဲမှ စိုင်းသန်းမောင် နှင့် မူစယ် နမ့်ခမ်းမှ တာဝန်ခံတဦး၊ သျှမ်းပြည်တောင်ပိုင်းတွင် တာဝန်ယူရန် လဲချားမှ စိုင်းကျော်ဇေယျ ၊မိုင်းကိုင်မှ စိုင်းပန်၊ ဟိုပန်က စိုင်းလိတ်၊ ပုံးအင်းမှ စိုင်းပြားနှင့် နန်းကြည်သန့်၊ သျှမ်းပြည်အရှေ့ပိုင်းအတွက် တာချီလိတ်မှ စိုင်းနွံတွိ ၊ မိုင်းတုံမှ စိုင်းဝင်းမြတ်ဦး၊ စိုင်းလုံ စသည့်ပုဂ္ဂိုလ်များအား ရွေးချယ်လိုက်ပါသည်။


သျှမ်းပြည်အပြင် ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့က သျှမ်းများနှင့်ပါ လက်တွဲ ပူးပေါင်းဆောင်ရွက် သွား ရန်၊ လူမျိုးနေရာတွင် တခြားလူမျိုးနာမည်မှားထည့်ထားသူများနှင့်ဆွေးနွေး သွားရန်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မရှိသေးသူများ အား စာရင်းသွင်းပြုလုပ်ကြဖို့ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သျှမ်းပြည် တိုင်းရင်းသားလူမျိုးများစာရင်း၊ ပြည်ပရောက် သျှမ်းလူမျိုးများ စာရင်းပါ ကောက်ယူနိုင်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။

“ သျှမ်းလူဦးရေအမှန်အကန် ရရှိဖို့ရယ်၊ လူမျိုး ဆိုတဲ့နေရာမှာ မှားနေတာကို အမှန်ပြင်နိုင်အောင်၊ နိုင်ငံသားရ ပိုင်ခွင့်ကို အပြည့်အဝ ရရှိအောင် ၊ သျှမ်းပြည်ထဲက တိုင်းရင်းသားတွေရဲ့ စာရင်း အမှန်ရဖို့၊ ပြည်ပရောက်နေတဲ့ သျှမ်းတွေစာရင်းလဲ ပြန်ပါလာအောင် ( နိုင်ငံ မဲ့ တွေဖြစ် မသွားအောင်) နဲ့ သျှမ်းပြည်ထဲက တိုင်းရင်းသားအဖွဲ့တွေနဲ့ လဲချိတ်ဆက်လုပ်ဆောင် သွားမယ် ” ဟု စိုင်းကျော်ဇေယျ က ပြောဆိုပါသည်။

အဆိုပါ ကော်မတီမှ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ငွေ ကျပ် ၁၀ သိန်း အပါဝင် စုစုပေါင်း အလှူငွေ ကျပ် သိန်း ၃၀ လက်ခံရ ရှိထား ပြီဖြစ်ကြောင်းနှင့် စေတနာရှင်များ ပေါ်ပေါက်လာပါက ဆက်လက် အလှူငွေ ကောက်ခံ သွားမည်ဖြစ်ကြောင်း လည်း ကော်မတီဝင်များကပြောပြပါသည်။

ပြီးခဲ့သည့် အပတ် စနေနေ့ ဥပုပ်နေ့ကလည်း ရန်ကုန်မြို့ရှိ သျှမ်းဘုန်းကြီးကျောင်း ၃ ခုဖြစ်သော ၉ မိုင်ရှိ အောင် မြေဘုံသာ သျှမ်းကျောင်း၊ ၈ မိုင် သမိုင်းလမ်းရှိ ခေမာရဌ် ကျိုင်းတုံကျောင်း တိုက်နှင့် ရွှေဂုံတိုင်ရှိ လိပ်ပြာကန်ကျောင်းဝင်းအတွင်း မော ရွှေလီ ကျောင်းတိုက်တို့ တွင်လည်း ဥပုပ်သီတင်း အလှူအဒါန်းအတွက် ရောက်လာကြသည့် သျှမ်းများထံမှ အစမ်းကောက်ခံ ခဲ့ကြောင်း၊ ချိတ်ဆက် လုပ်ဆောင်မှု လက်တွဲ ပူးပေါင်းမှု အားနည်းနေသောကြောင့် ရသင့်ရ ထိုက်သည့်လူဦးရေစာရင်းမရ သေးကြောင်း စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါသူ စိုင်းလင်းကပြောပါသည်။

ရန်ကုန်တိုင်းဒေသကြီး သျှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီအား ပြီးခဲ့သည့် ဩဂတ်စ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ကိုးမိုင် သျှမ်းကျောင်းတွင် ဖွဲ့ စည်းလိုက်ပြီး ကော်မတီ ဥက္ကဌမှာ စိုင်းကျောက်တစ်၊ ဒုဥက္ကဌမှာ စိုင်းမုခ်၊ စိုင်းယီ နှင့် အတွင်းရေးမှူး နန်းဝိုးဆိုင် နှင့်နန်းစောအုံ တို့ပါဝင်သော ကော်မတီဝင် ၁၁ ဦးပါရှိပါသည်။

ကမ္ဘာ့လူဦးရေတိုးပွါးမှုမှတ်တမ်းတင်ရန် မြန်မာနိုင်ငံလူဦးရေစစ်တမ်း သန်းခေါင်စာရင်းကောက်ယူမှုကို လာမည့် ၂၀၁၄ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ တပြည်လုံး အနှံ့ကောက်ယူ မည်ဖြစ် ကြောင်းအစိုးရက ကြေငြာထားပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here