Thursday, October 17, 2013

သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ကုန်ကျစရိတ်များအတွက် ဗြိတိန်အခွန်ထမ်းပြည်သူတို့ မနှစ်မြို့

0 comments
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၀၆ နာရီ ၀၅ မိနစ်

မြန်မာသမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်သည့် ခရီးအတွက် ကုန်ကျစရိတ်များကို ဗြိတိန်အစိုးရက အကုန်အကျခံခဲ့သည့်အပေါ် ဗြိတိန်နိုင်ငံမှ အခွန်ထမ်းပြည်သူတို့က ငြိုငြင်လျက်ရှိသည်ဟု ဗြိတိန်အခြေစိုက် NGO တစ်ခုဖြစ်သည့် Burma Campaign UK က ထုတ်ဖော် ပြောဆိုလိုက်သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ အမျိုးသားတစ်ဦးအတွက် တန်ဖိုးကြီးတဲ့ ဟိုတယ်တွေနဲ့ ညစာတွေအတွက် သူတို့ရဲ့ အခွန်ငွေတွေကို သုံးစွဲတာမျိုး ဗြိတိန်အခွန်ထမ်းတွေက မလိုချင်ကြဘူး”ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က မဇ္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း လန်ဒန်မြို့သို့ နှစ်ရက်ကြာ သွားရောက် လည်ပတ်ခဲ့သည့် သမ္မတဦးသိန်းစိန်နှင့် ခရီးစဉ်တွင် လိုက်ပါသွားသူများအတွက် ကုန်ကျစရိတ်အသေးစိတ်ကို ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး FCO သို့ ဗြိတိန်နိုင်ငံ၏ လွတ်လပ်စွာ သတင်းအချက်များ ရယူခွင့်နှင့်အညီ Mark Farmaner က မေးမြန်း စုံစမ်းခဲ့သည်။

ထိုသို့မေးမြန်းရာမှ သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဗြိတိန်အစိုးရက အကုန်အကျခံခဲ့သည့် ကုန်ကျစရိတ်များ၊ ပြေစာများနှင့် ငွေတောင်းခံလွှာများ ရရှိခဲ့သည်ဟုလည်း Mark Farmaner က ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံသားများမှ အစိုးရ၏ လုပ်ငန်းများအား ကြည့်ရှုနိုင်သည့် လွတ်လပ်စွာ သတင်းအချက်များ ရယူခွင့်နှင့် အလားသဏ္ဍာန်တူသော အက်ဥပဒေမျိုး မရှိသေးသည်ကိုလည်း ထောက်ပြသွားသည်။

ထုတ်ပြန်ခဲ့သော သတင်းအချက်အလက်များအရ ဦးသိန်းစိန်၏ ခရီးသွားလာစရိတ်အတွက် FCO မှ ထုတ်ပေးခဲ့သည့် ငွေကြေးပမာဏာမှာ စတာလင်ပေါင် ၂၆၇၂၄ ဒသမ ၆၅ ရှိသည်။ ထိုအထဲတွင် ကြယ်ငါးပွင့် ဟိုတယ်တွင် နေထိုင်စားသောက်ခဲ့သည့် စရိတ်အတွက် ၁၈,၀၀၀ ပေါင်၊ ခရီးစရိတ်အတွက် ၄,၈၀၀ပေါင် နှင့် သိမ်းမြစ်ပေါ်ရှိ Golden Salamander နှင့် အခြားအခမ်းအနားများအတွက် တည့်ခင်းဧည့်ခံခဲ့သည့်စရိတ် ၂,၅၀၀ ပေါင်ရှိသည်ဟု ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်အား “အစိုးရဧည့်သည်တော်”တစ်ဦးအဖြစ်ယူကေနိုင်ငံသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု FCO မှ ပြောကြားခဲ့သည်။ အစောင့်များချထားခြင်းအပါအ၀င် စုစုပေါင်းကုန်ကျစရိတ်မှာ စတာလင်ပေါင် ၃၀,၂၅၀ ရှိသည်ဟု ပါလီမန်အတွင်း မေးမြန်းမှုတွင် ခန့်မှန်းထားသည်။

အခန်းတစ်ခန်းနှင့် ညစာစာသုံးခြင်းအတွက် စတာလင်ပေါင် ၄၁၂ ပေါင် ကုန်ကျသည်ဟုလည်း Farmaner မှ ပြောကြားသွားခဲ့သည်။ သို့သော် သမ္မတနှင့်အတူ လိုက်ပါလာသည့်သူ အရေအတွက်ကိုမူ မဇ္ဈိမ သို့ အတည်မပြုနိုင်ခဲ့ပေ။ ထို့ကြောင့် စားသုံးသူအရေအတွက်အား ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ၀န်ကြီးအချို့နှင့် ဥရောပရှိ အခြားမြန်မာသံရုံးများမှ ၀န်ထမ်းများလည်း လိုက်ပါသွားခဲ့သည်။

“ဒီပမာဏဟာ မြန်မာနိုင်ငံသားအများစု တစ်နှစ်အတွင်း ၀င်ငွေရဲ့ သုံးဆလောက်ရှိမယ့် ပမာဏပါ”ဟု သမ္မတ၏ ညစာစရိတ်ကို ရည်ညွှန်းကာ Farmaner က ပြောသည်။

ဗြိတိန်အစိုးရသည် နိုင်ငံခြားတိုင်းပြည်များမှ ဂုဏ်သရေရှိသူများအား ဖိတ်ကြားဧည့်ခံလေ့ရှိပြီး ကုန်ကျစရိတ်အား အခွန်ထမ်းများ၏ ဘဏ္ဍာငွေထဲမှ ထုတ်ပေးလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မကြာသေးခင်က သွားရောက်ခဲ့သော ခရီးစဉ်ကိုလည်း FCO မှပင် ထောက်ပံ့ခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်နှင့်ပတ်သက်၍ ဗြိတန်အစိုးရက ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မြန်မာနိုင်ငံအတွင်းမှ ပြုပြင်ပြောင်းလဲမှုများအတွက် သမ္မတဦးသိန်းစိန်အား ချီးကျူးကြောင်းနှင့် “ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူနှင့် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းမှ မြန်မာ့လွတ်လပ်ရေးအား အာမခံသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ၁၉၄၇ ခုနှစ်တွင် လန်ဒန်မြို့သို့လာရောက်ခဲ့အပြီး ၆၆ နှစ်အကြာတွင် မြန်မာသမ္မတ လာရောက်ခဲ့ခြင်းဖြစ်သည်”ဟုလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဆန္ဒပြမှုတွေနဲ့ မဟုတ်ပါဘူး။ သူက ကုန်ကျစရိတ်အပေါ်မှာ အတော်လေး စိုးရိမ်ခဲ့တာပါ။ သူနဲ့အတူပါလာတဲ့ ကိုယ်စားလှယ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်အ၀တ်တွေ လျော်ဖို့အတွက် ဟိုတယ်က ၀န်ဆောင်မှုနဲ့ လျှော်မယ့်အစား သူတို့ဘာသာသူတို့ လျှော်ဖို့တောင် ပြောခဲ့ပါတယ်”ဟု Farmaner က ပြောသည်။

သမ္မတဦးသိန်းစိန်၏ ခရီးစဉ်နှင့်ပတ်သက်၍မူ “သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်က အငြင်းပွားဖွယ်ရာပါ။ သူသွားတဲ့ နေရာတိုင်းမှာ သူ့နောက်ကနေ ဆန္ဒပြသူတွေက Wanted ပိုစတာတွေနဲ့ လိုက်နေပါတယ်။ ပြီးတော့ ကုန်ကျစရိတ်ကိုလည်း ပါလီမန်တွင်းမှာ မေးမြန်းခဲ့ပါတယ်”ဟု Farmaner က ပြောသည်။

ဗြိတိန်နိုင်ငံအတွင်း ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် အခွန်ထမ်းပြည်သူများက ဦးသိန်းစိန်၏ အလည်အပတ်ခရီးစဉ်အတွက် အကုန်အကျခံရခြင်းကို မကြိုက်ကြောင်းလည်း သူက ဆိုသည်။

နိုင်ငံခေါင်းဆောင်တစ်ဦး၏ အငြင်းပွားဖွယ် အလည်အပတ်ခရီးစဉ် ပေါ်ပေါက်ခဲ့ခြင်းတွင် ယခုတစ်ကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ “ဒါဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အငြင်းပွားဖွယ်ရာ အလည်အပတ်ခရီးစဉ်တွေ ရှိခဲ့ပေမယ့် ဒီခရီးစဉ်တွေအတွက် ဘယ်သူက ကုန်ကျခံသလဲဆိုတာကို မေးမြန်းတာ မရှိခဲ့ပါဘူး။ ဗြိတိန်အစိုးရက ဒီလိုဟာမျိုးတွေအတွက် ကုန်ကျခံနေရတယ်ဆိုတာကို လူတွေ သိတယ်လို့ ကျွန်တော် မထင်ပါဘူး”ဟုလည်း သူက ပြောသည်။

ဗြိတိန်အစိုးရမှ သမ္မတ၏ ခရီးစဉ်အား မှေးမှိန်စေရန် ကြိုးပမ်းခဲ့သည်ဟုလည်း Farmaner ဆိုသည်။ “ဦးသိန်းစိန် အမေရိကန်သွားတုန်းက အိမ်ဖြူတော်မှာ အိုဘားမားနဲ့ သတင်းစာရှင်းလင်းပွဲလုပ်သလိုမျိုး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ မလုပ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အငြင်းပွားဖွယ်ရာဖြစ်တဲ့အတွက်ကြောင့်ပါ”ဟုလည်း Farmaner က ပြောသည်။

ဗြိတိန်အစိုးရသည် သမ္မတ ဦးသိန်းစိန်၏ အလည်အပတ်ခရီးစဉ်ကို စာနယ်ဇင်းသမားများအတွက် မထူးခြားသယောင် ကြိုးပမ်းခဲ့သည်။ အလည်အပတ်ခရီးစဉ်ကို မီဒီယာသတင်းတစ်ပုဒ် ဖြစ်မလာစေရန်အတွက် FCO အဖွဲ့အတွင်း စုပေါင်းကြိုးပမ်းမှုများ ရှိခဲ့သည်။ ၎င်းတို့အနေဖြင့် ပုံမှန်စာနယ်ဇင်းဒိုင်ယာရီတွင် အသေးစိတ် အစီအစဉ်များအား ထည့်သွင်းခဲ့ခြင်း မရှိသည့်အပြင် ပုံမှန် လုပ်နေကျအတိုင်း အစိုးရ၏ သတင်းစာမျက်နှာများတွင်လည်း အထူးတလည် ဖော်ပြခဲ့ခြင်း မရှိပေ။ ထုတ်ပြန်ကြေညာချက်များကိုလည်း မီဒီယာအများစု ဖောင်ပိတ်သည့်အချိန်ဖြစ်သည့် ညနေစောင်းမှသာ ထုတ်ပြန်ခဲ့သည်။

ဦးသိန်းစိန်သည် တိုင်းရင်းသား လူနည်းစုများနေထိုင်သည့် ပြည်နယ်များတွင် တိုက်ခိုက်မှုများအပြင် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် ထောင်ချခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သော ယခင်စစ်အစိုးရလက်ထက်က အရေးကြီးသော ပုဂ်္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here