Monday, October 7, 2013

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း ပြဋ္ဌာန်းပြီးပါက ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ပြန်လည်ဖျက်သိမ်းနိုင်မည်

0 comments

ရန်ကုန်မြို့တော် အတွင်းရှိ ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ပြန်လည်ဖျက်သိမ်းသည်အထိ အရေးယူနိုင်မည့် ဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်၍ ယင်းဥပဒေနှင့် ဖျက်သိမ်းအရေးယူနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် "ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း" တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား ဒဏ်ကြေးအပြင် ပြန်လည်ဖျက်သိမ်းသည်အထိ အရေးယူနိုင်မည့် ဥပဒေတစ်ရပ်ကို ထည့်သွင်းပြုစု ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းမှ စတင်၍ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်ခြင်းများ ရှိလာပြီး သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်မြို့နယ်များတွင် အဓိက ဆောက်လုပ်လာကြကာ သင်္ဃန်းကျွန်း မြို့နယ်တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၅၀၀ ကျော်ရှိကာ ၎င်းတို့ကို တရားစွဲထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်
မတီမှ သိရသည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို အရေးယူသည့်အခါ တည်ဆဲဥပဒေအရပြန်လည်ဖျက်သိမ်းသည်အထိ အရေးယူ၍ မရဘဲ ပုဒ်မ ၂၈၊ ပုဒ်မ ၂၉ ဖြင့် ဆက်လက်တရားစွဲဆိုခြင်း ဖြစ်ပြီး ယင်းပုဒ်မများမှာ ငွေဒဏ်သာ ဖြစ်သည်။ ယင်းသို့ ငွေဒဏ်ဖြင့် တရားစွဲဆိုရာတွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော ကန်ထရိုက်များမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လိုင်စင်ရယူထားခြင်း မရှိသည့် လိုင်စင်မဲ့ ကန်ထရိုက်များ ဖြစ်နေ၍ ကန်ထရိုက်အား တရားစွဲဆိုရန် ခက်ခဲနေကာ မြေရှင်ကိုသာ တရားစွဲဆိုခြင်းဖြစ်၍ မြေရှင်များ နစ်နာနေရသည်။

"စည်ပင်သာယာရဲ့ မူလဥပဒေ အရတော့ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေကို ၀င်ရောက်ဖျက်ခွင့် မရှိဘူး။ အခု ဖျက်သိမ်းလို့ရတဲ့ အချက် ပါဝင်တဲ့ ဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်လို့ အဲဒီဥပဒေနဲ့ ဖျက်လို့ရပြီ။ ပြီးတော့ အဲဒီ အဆောက်အအုံကို ဆောက်
လုပ်တဲ့ နေရာမှာ ၀င်ပြီးအားပေး ကူညီတဲ့ သူတွေကိုပါ တရားစွဲလို့ ရတယ်။ အဲဒီ လူတွေကိုလည်း ဒီခွင့်ပြုချက်မဲ့ဆောက်ရင် ဒီလိုဖြစ်တယ် ဆိုတာကို သိစေချင်လို့ပါ။ အဲဒါဆိုရင် နောက်ဒါမျိုး လုပ်ရဲတော့မှာ မဟုတ်ဘူး။ ပြီးတော့ ခွင့်ပြုချက်မဲ့ ဆောက်တဲ့သူတွေက တစ်ဦးတည်းကနေ တိုက် ၁၀ လုံး၊ ၁၅ လုံးအထိ ဆောက်တာဆိုတော့ အဲဒါတွေ အကုန်လုံးကိုပါ လုပ်လို့ရမယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here