Monday, October 7, 2013

JICA က မြန်မာနိုင်ငံကို တစ်နှစ်အတွင်း ကန်ဒေါ်လာ သန်း ၉၀၀ ကျော် ကူညီပေးရန်ရှိ

0 comments

7.10.2013

ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က မြန်မာနိုင်ငံကို တစ်နှစ်အတွင်း ကန်ဒေါ်လာသန်း ၉၁၀ ခန့် အကူအညီပေးသွားရန် ရှိသည်ဟု (JICA) ၏ ဥက္ကဌဖြစ်သူ Dr.Akihiko Tanaka က အောက်တိုဘာ ၄ ရက် ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်း မီဒီယာများကို ပြောကြားခဲ့သည်။

JICA ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခြင်းမှာ “ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ် နှစ်ခု သို့ ပညာရေးအဆင့်မြှင့်တင်မှု စီမံကိန်းများ”အတွက် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်း ထောက်ပံ့ပေးရန် သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဖြစ်သည်။

JICA ဥက္ကဋ္ဌ Dr.Akihiko Tanaka က “မြန်မာအစိုးရနဲ့ဂျပန်အစိုးရ အပြန်အလှန် ပြောထားတာက အမေရိကန် ဒေါ်လာ သန်း ၉၁၀ ကို မြန်မာနိုင်ငံကို ကူညီသွားဖို့ရှိတယ်။ ဒါကလည်း ဒီနှစ်အတွက် စီမံကိန်းပါ။ အခု ရန်ကုန်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်နှစ်ခုကို ဒေါ်လာ ၁၃ ဒသမ ၅ သန်း ကူညီတာကလည်း ဒီမံကိန်းထဲမှာ ပါဝင်နေပါတယ်”ဟု ပြောသည်။

ထိုသို့ အကူအညီပေးမည့် စီမံကိန်းများသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ကူညီပေးသွားမည်ဟုလည်း JICA မှ သိရသည်။

ထိုသို့ အကူအညီပေးရာတွင် ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၏ အကူအညီပေးမည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံတွင်း အဆင့်လေးနေရာတွင် ရှိနေသည်ဟုလည်း JICA မှ သိရသည်။

Dr.Akihiko Tanaka က “ဒီနှစ်စာရင်းတွေအရတော့ JICA ရဲ့ ထောက်ပံ့မှု အများဆုံးရတဲ့ နိုင်ငံတွေထဲမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် ပြီးရင် မြန်မာနိုင်ငံပါပဲ။ နောက်နှစ်တွေမှာလည်း ဒီထက်ပိုပြီး အထောက်အပံ့
ပေးသွားနိုင်ဖို့ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဖိလစ်ပိုင်နိုင်ငံထက်တောင် ကျော်ပြီး အထောက်အပံ့ပေးသွားရင် ပေးသွားမှာပါ” ဟု ဆိုသည်။

JICA အနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်ရာတွင် နိုင်ငံတစ်နိုင်ငံ လိုအပ်ချက် တင်ပြမှုများအပေါ် မူတည်ပြီး အထောက်အပံ့ပေးသွားရန် စဉ်းစားဆုံးဖြတ်သည်ဟုလည်း ၎င်းကဆိုသည်။ “နိုင်ငံတစ်နိုင်ငံကို ထောက်ပံ့တယ်ဆိုရင် အဲဒီနိုင်ငံမှာ ဘာတွေလိုအပ်ပါတယ်လို့ ပြောရင် အဲဒီ Process ပေါ်မူတည်ပြီး ဘတ်ဂျက်ကို လျာထားပါတယ်။ အတိအကျ ဘယ်လောက် ထောက်ပံ့ပေးမယ်ဆိုပြီးတော့ လျာထားတာ မဟုတ်ပါ ဘူး”ဟု ၎င်းက ပြောသည်

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အခြေခံပညာရေးစနစ် ပိုမိုကောင်းမွန်လာရေးအတွက် ပညာရေး ပူးပေါင်းမြှင့်တင်ရေး ပရောဂျက်တစ်ခုနှင့် နည်းပညာတက္ကသိုလ်နှစ်ခုတွင် ပညာရေးအဆင့်မြှင့်တင်မှု စီမံကိန်းများကို လုပ်ဆောင်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here