Wednesday, October 16, 2013

နိုင်ဂျီးရီးယားစစ်တပ်က အကြမ်းဖက်နှိမ်နင်းသောကြောင့် စစ်အချုပ်ခန်းများတွင် လူရာနှင့်ချီကာ သေဆုံးခဲ့

0 comments
AFP

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ထိန်းသိမ်းရေး အကျဉ်းစခန်းများတွင် အကျဉ်းသားများ ရာနှင့်ချီကာ သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

နိုင်ဂျီးရီးယားစစ်တပ်က အစ္စလာမ်မစ် သူပုန်များအား ချေမှုန်းရန် ကြိုးစားနေစဉ်တွင် ထိန်းသိမ်းရေးစခန်း ရှိ အကျဉ်းသားများ သေဆုံးနေကြခြင်း ဖြစ်သည်။

အကျဉ်းသားတချို့မှာ အလွန်အမင်း ပြည့်ကျပ်နေသည့် အခန်းများထဲတွင် မွန်းကျပ်ကာ သေဆုံး ခဲ့ကြ ခြင်းဖြစ်ပြီး တချို့မှာ အစာရေစာ ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ရကာ တချို့မှာ ဥပဒေမဲ့ သတ်ဖြတ်မှုများ ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့က ဆိုသည်။ သေဆုံးမှုများနှင့်ပတ်သက်၍ အလျင်အမြန် စုံစမ်းစစ်ဆေးရန်လည်း တောင်းဆိုထားသည်။

ထိုအဖွဲ့၏ အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ဂျီးရီးယား အာဏာပိုင်များက တရားဝင်တုံ့ပြန်မှု မပြုလုပ်ရ သေးပေ။

သို့ရာတွင် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ယခင်က စွပ်စွဲချက်များနှင့် ပတ်သက်၍မူ နိုင်ဂျီးရီးယား စစ်တပ်က စွပ်စွဲချက် အားလုံးအား ပယ်ချခဲ့သည်။

ယခုနှစ်၏ ပထမနှစ်ဝက်အတွင်းတွင် နိုင်ဂျီးရီးယား စစ်အချုပ်ခန်းများ၌ အနည်းဆုံး အကျဉ်းသား ၉၅၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား အကြီးတန်းစစ်အရာရှိတစ်ဦးက AI အဖွဲ့ကို ပြောခဲ့သည်ဟု ဆိုသည်။

အကျဉ်းသားအများစုမှာ အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုဖြစ်သည့် ဘိုကိုဟာရမ် (Boko Haram) အဖွဲ့နှင့် ဆက်နွယ်မှုရှိကြောင်း စွပ်စွဲခံထားရသူများ ဖြစ်သည်ဟု AI အဖွဲ့က ဆိုသည်။

ဘိုကိုဟာရမ်အဖွဲ့မှာ နိုင်ဂျီးရီးယား အစိုးရကို ဖြုတ်ချ၍ အစ္စလာမ်မစ် နိုင်ငံတစ်ခု ဖန်တီးရန် တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီး၊ စာသင်ကျောင်းများကို တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့၏ လက်ချက်ဟု ဆိုကြသည့် ယခုလအစောပိုင်းက တိုက်ခိုက်မှုတစ်ခုတွင် ကျောင်းသား ၅၀ ခန့်မှာ ၎င်းတို့၏ အဆောင်များတွင် ပစ်သတ်ခြင်း ခံခဲ့ရသည်။

စစ်သွေးကြွ တိုက်ခိုက်မှုများကြောင့် လူထောင်နှင့်ချီကာ သေဆုံးခဲ့ရမှုများ၏ အကျိုးဆက် အနေဖြင့် မေလအတွင်းက နိုင်ဂျီးရီးယား မြောက်ပိုင်းပြည်နယ် သုံးခု ဖြစ်သည့် Yobe၊ Borno နှင့် Adamawa တို့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။

နိုင်ဂျီးရီးယားနှင့်ပတ်သက်၍ လတ်တလော ပေါ်ထွက်နေသည့်သတင်းမှာ တိုက်ပွဲများအတွင်း အရပ်သား သုံးဦး သေဆုံးသွားခဲ့ကြောင်း သတင်းဖြစ်ပြီ်း AI အဖွဲ့၏ ယခု အစီရင်ခံစာသည် လည်း နိုင်ဂျီးရီးယား မြောက်ပိုင်းမှ စိတ်ပျက်ဖွယ်ရာ ဘ၀များကို မီးမောင်းထိုး ဖော်ပြနေသည်။


Mizzima - News in Burmese 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here