Wednesday, October 16, 2013

မောင်တော နယ်စပ်အတွင်း ၀င်ရောက်လာသော လက်နက်ကိုင်အဖွဲ့များထံမှ လက်နက်များ ဖမ်းဆီးရမိ

0 comments
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမည်မဲ့ လက်နက်ကိုင်အဖွဲ့များ မောင်တောနယ်စပ်အတွင်း ၀င်ရောက်နေမှုများ ရှိလာပြီး ဓားပြတိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်းနှင့် မောင်တောနယ်စပ်တွင်း ၀င်ရောက် လာသော အမည်မသိ လက်နက်ကိုင်အဖွဲ့များမှ လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့များမှာ လှေများဖြင့် ၀င်ရောက်လာခြင်းဖြစ်ပြီး သတင်းအရစောင့်ဆိုင်းစဉ် လုံခြုံရေးအဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက်၊ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် လုံထိန်းရဲတပ်ဖွဲ့များ ကင်းလှည့်နေစဉ် မောင်တောမြို့ နယ် မြောက်ပိုင်း ရေတွင်း ကျွန်းနှင့် ခြံပြင်ကျေးရွာချောင်းမှ တစ်ဆင့် လှေဖြင့် ၀င်ရောက် လာသူများအား တွေ့ရှိသဖြင့် ရပ်တန့်ရန် ပြောရာ မရပ်တန့်၍ သေနတ်မိုးပေါ်ထောင်ပစ်ခတ်ရာ ယင်းလက်နက်ကိုင် ငါးအဖွဲ့မှာ ထွက်ပြေးသွားခဲ့ကြောင်း တရားခံအား ဖမ်းဆီးရမိမှုမရှိသော်လည်း လက်လုပ်သေနတ် အတိုတစ်လက်၊ အရှည်တစ်လက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ချောင်းအား သွယ်တန်းထားသော ဦးရှည်ကျတံတားပေါ်မှ လုံခြုံရေးရဲများနှင့် သတင်းပေးများ ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် ရဲတစ်ဦးက ဓာတ်မီးဖြင့် ထိုးလိုက်ရာ လက်နက်ကိုင်များဘက်မှလည်း ဓာတ်မီးဖြင့် ပြန်လည်ထိုးခဲ့ကြောင်းနှင့် ရဲများက သေနတ်ဖြင့်ပစ်ခတ်သဖြင့် လက်နက်ကိုင်ငါးဦး မှာ ချောင်းတစ်ဖက်တစ်ချက်၌ရှိသော ဓနိတောထဲ ၀င်ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

လုံခြုံရေးများမှ ရှာဖွေခဲ့ရာ လှေတစ်စီးနှင့်အတူ သေနတ်ရှည်တစ်လက်၊ သေနတ်တို တစ်လက်၊ ဓားရှည်တစ်ချောင်း၊ တူရွင်း (တစ်ဖက်ချွန် တစ်ဖက်ပြား) တစ်ချောင်း၊ တိပ်ခွေ၊ သွပ်နန်းကြိုးနှင့် အ၀တ်အထည်များကို ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

ယင်းလက်နက်ကိုင်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက်များဖြစ်ဖွယ်ရှိပြီး မောင်တောမြို့နယ် အတွင်းသို့ အလွယ်တကူ ၀င်ရောက်ကာ ဓားပြတိုက်မှုများကျူးလွန်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်သို့ကူးကာ ရှောင်တိမ်းနေခြင်းဖြစ်၍ တရားခံဖမ်းဆီးရရှိမှုမှာ ခက်ခဲနေခြင်းဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။ လက်ရှိတွင် မောင်တောနယ်စပ် ကျေးရွာများအား ဓားပြ၀င်တိုက်မှုများ ဖြစ်ပေါ်နေ ပြီး လုံခြုံရေးအတွက် ရွာသားများ နေ့စဉ် ကင်းစောင့်နေရကြောင်း သိရသည်။

"အသေးစိတ်တော့ သတင်းထုတ်ပြန်ခွင့် မရှိပါဘူး။ လုံခြုံရေး အနေအထားကတော့ ရှိတာနဲ့ လုံအောင် ထိန်းထားပါတယ်။ ဓားပြမှုဖြစ်တာတွေမှာလည်း ဖမ်းဆီးရမိတာတွေ ရှိပါတယ်"ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ဓားပြအဖွဲ့ဟု ယူဆရသော လက်နက်ကိုင်အဖွဲ့သည် မောင်တောမြို့နယ်မြောက်ပိုင်း ငခူရ နယ်မြေ၊ ရေတင်ကျွန်းကျေးရွာ၊ ရွက်ညိုးတောင်နှင့် ငန်းချောင်းကျေးရွာသို့ ဓားပြများ ၀င်ရောက် ခဲ့ကြောင်းလည်း သိရသည်။ မောင်တော နယ်စပ်ဒေသအတွင်း ဓားပြတိုက်မှု များပြားလာပြီး ငန်းချောင်း ကျေးရွာအုပ်စု သုံးအိမ်စုရွာရှိ နေအိမ်ကို ဓားပြ ၁၅ ဦးခန့်က လက်နက်များ ကိုင်ဆောင်ကာ ၀င်ရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး ဓားပြမှုနှင့် ပတ်သက်၍ တိုင်ကြားခံရသူနှစ်ဦးနှင့် ကွင်းဆက်သံသယရှိသူ ငါးဦးကို မောင်တောမြို့မရဲစခန်းမှ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ စက်တင်ဘာလဆန်း ပိုင်းတွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းတိုက်နယ်၊ ဖော်ကီတောင်ကျေးရွာ၊ လှိုင်သီ ကျေးရွာနှင့် ကျွန်းပေါက်ပြုစု ကျေးရွာများတွင်လည်း ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။


EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here