Tuesday, October 15, 2013

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း စတင်လိုသူများ သမ၀ါယမမှ ချေးငွေ အနည်းငယ်ကိုသာ အလွယ်တကူ ရရှိနိုင်ပြီး ငွေပမာဏ ပိုမိုထုတ်ချေး နိုင်မည့်သူ လိုအပ်နေ

0 comments

                                   (မင်္ဂလာမြန်မာက Free to start Small တံဆိပ်ရိုက်ထားသည့် တီရှပ်များ ဝေနေစဉ်)


အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ စတင်လုပ်ကိုင် လိုသူများ အနေဖြင့် သမ၀ါယမ အသင်းမှ ထုတ်ချေးသော ငွေပမာဏ အနည်းငယ်ကိုသာ အလွယ်တကူ ထုတ်ချေးယူနိုင်ပြီး ငွေပမာဏ ပိုမိုထုတ်ချေး နိုင်မည့်သူ ကို မျှော်လင့်နေကြောင်း စီးပွားရေး စတင်လုပ်ကိုင် လိုသူများထံမှ သိရသည်။

''သမ၀ါယမ ချေးငွေက တစ်ယောက်ကို အနည်းဆုံး လေးသောင်းခွဲက စပြီးချေးယူလို့ ရတယ်။ နေ့စဉ် ငွေပြန်သွင်း ရတယ်။ နှစ်လဆိုရင် ကျေတယ်။ တစ်ခေါက်ပြီးရင် ပမာဏ ပိုချေးယူလို့ရတယ်။ ဒါပေမဲ့ ပမာဏ အများကြီး မရတာရယ်၊ နေ့စဉ်ပြန်သွင်းရတော့ ငွေအကုန်ကို စီးပွားရေးထဲမှာထည့်ပြီး လည်ပတ်လို့ မရတာရယ်ကြောင့် လုပ်ငန်းချဲ့ဖို့ ပိုက်ဆံအလွယ်တကူ ချေးယူနိုင်မယ့် အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေ ရှိစေချင်ပါတယ်'' ဟု မွန်ပြည်နယ် သံဖြူဇရပ်မှ အသေးစား စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်နေသူ ဦးမင်းဟန်က ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ အဖွဲ့အစည်း အချို့နှင ကုမ္ပဏီ အချို့တို့က မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် အသေးစား ငွေချေးလုပ်ငန်းများ စတင်လုပ်ကိုင် နေပြီဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအထိ လွှမ်းခြုံမှု မရှိသေးကြောင်း သိရသည်။

''ဘဏ်ကနေ ငွေချေးဖို့က ခြံရှိရုံနဲ့တင် မရဘူး။ အဆောက်အအုံရှိမှ၊ အခြားပိုင်ဆိုင်မှုတွေရှိမှ ချေးယူလို့ရတော့ မလွယ်ဘူး။ ဘဏ်တွေကနေ အလွယ်တကူ ငွေထုတ်ချေးပေး နိုင်ရင်တော့ အဆင်ပိုပြေ နိုင်ပါတယ်'' ဟု ဦးမင်းဟန်က ဆက်လက် ပြောကြားသည်။

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပြီး မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းပေါင်း ၁၂၀၀၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

''အခုရုပ်မြင်သံကြားမှာ အသေးစား စီးပွားရေး လုပ်ငန်းတွေ အတွက် အခွန်ကင်းလွတ်ခွင့်နဲ့ မှတ်ပုံတင်ကြေး ကင်းလွတ် ခွင့် တောင်းဆို တာကို နေ့တိုင်းကြည့်ရပါတယ်။ ဒါပေမဲ့ အခုထိတော့ မရသေးပါဘူး။ အခွန်ကတော့ ၀င်ငွေအလိုက် ဆောင်နိုင်ပေမယ့် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်တော့ ပေးသင့်ပါတယ်။ အခုက ငွေရင်း မလိုက်နိုင်တာကြောင့် တစ်လကို တစ်သိန်းတောင် အမြတ် မကျန်ပါဘူး'' ဟု ရန်ကုန်မြို့တွင် ဖိနပ်လုပ်ငန်း စတင်လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလလယ်ခန့်တွင် မင်္ဂလာမြန်မာ အဖွဲ့က မြန်မာနိုင်ငံအတွင်း အသေးစား စီးပွားရေးလုပ်ငန်း စတင်လိုသူများကို အားပေးသည့် အနေဖြင့် Free to Start Small တံဆိပ်ရိုက်နှိပ် ထားသည့် တီရှပ်အင်္ကျီများကို ဖြန့်ဝေခဲ့သည်။

မြန်မာနိုင်ငံရှိ အသေးစား ချေးငွေလုပ်ငန်းများ လည်ပတ်နိုင်ရန် ကျပ်ငွေဘီလျံ ၆၀၀ မှ ၃၀၀၀ အထိ လိုအပ်နေကြောင်း သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here