Tuesday, October 15, 2013

လမ်း၊ တံတားဂိတ်များအား လေလံလုပ်ကိုင်ခွင့် ပြုရာတွင် လမ်း/တံတားဂိတ် ငါးခုအထက် လုပ်ကိုင်ခွင့်ရ B.O.T ကုမ္ပဏီများကို လေလံကြေး အရစ်ကျ ခွဲသွင်းခွင့်ပြု

0 comments
                ရန်ကုန်မြို့ ကမ်းနားလမ်းသစ်ရှိ လမ်းအသုံးပြုခ ကောက်ခံရေး စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Tuesday, October 15, 2013 

နိုင်ငံအတွင်းရှိ လမ်း၊ တံတား ဂိတ်များအား လေလံလုပ်ကိုင်ခွင့် ပြုရာတွင် လမ်း/ တံတား ဂိတ်ငါးခုအထက် လုပ်ကိုင်ခွင့်ရသည့် B.O.T ကုမ္ပဏီများကို လေလံကြေး အရစ်ခွဲသွင်းခွင့် ပြုထားကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လမ်း/တံတားဂိတ်များ လေလံလုပ်ကိုင်ခွင့် ပေးသည့် အစီအစဉ်နှင့် ပတ်သက်၍ စည်းကမ်းချက်များ ထုတ်ပြန်ရာတွင် ယင်းအချက်ကို ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။ လမ်း/တံတား ဂိတ်များ လေလံလုပ်ကိုင်ခွင့် ပေးရာတွင် မည်သည့် အကြောင်းပြချက်နှင့်မျှ မည်သူကိုမျှ တိုက်ရိုက် တာဝန်ပေးအပ်ခြင်း မပြုဘဲ လေလံ လမ်း/တံတား ကောက်ခံရေး ဂိတ်များကို မဲစနစ်ဖြင့်သာ ရွေးချယ်တာဝန် ပေးအပ်ထားကြောင်း၊ လေလံပွဲ ပြုလုပ်ရာတွင် စာရွက်စာတမ်းကြေး၊ ဧည့်ခံကြေး၊ အခမ်းအနား ပြင်ဆင်ကြေး စသည်များကို လေလံဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည့် လုပ်ငန်းရှင်များထံမှ ကောက်ခံခြင်း မပြုကြောင်း ထုတ်ပြန်ထားသည်ဟု သိရသည်။

လမ်း/တံတားများကို လေလံလုပ်ကိုင်ခွင့် ပေးရာတွင် လေလံလုပ်ကိုင်ခွင့် ပေးအပ်ရန် ကြီးကြပ်ရေး အဖွဲ့ကို တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်က နာယက၊ တိုင်းဒေသကြီး/ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

လမ်း၊ တံတား ဂိတ်များအား လေလံလုပ်ကိုင်ခွင့် ပေးရာတွင် လေလံအောင်မြင် သူများသည် သတ်မှတ်နှုန်းထားငွေ အားလုံးကို လေလံပွဲ ကျင်းပြပြီးသည့် ရက်မှစ၍ ၂၈ ရက်အတွင်း သတ်မှတ်ထားသည့် ဘဏ်တွင် တစ်ကြိမ်တည်း အပြည့်အ၀ ပေးသွင်းရမည် (အရစ်ကျ ပေးသွင်းခွင့် မပြုပါ) ဟု သတ်မှတ်ထား သော်လည်း လမ်း/တံတား ဂိတ်ငါးဂိတ် အထက် လုပ်ကိုင်ခွင့် ရပါက သို့မဟုတ် ပေးသွင်းရမည့် လေလံကြေး စုစုပေါင်း (ကျပ်သိန်း ၁၀၀၀၀) ထက် ကျော်လွန်ပါက သုံးရစ်ခွဲသွင်းခွင့် ပြုကြောင်း ဖော်ပြထားသည်။

လမ်း/တံတားများကို လေလံလုပ်ကိုင်ခွင့် ပေးရာတွင် လေလံလုပ်ကိုင်ခွင့် ရယူလိုသည့် B.O.T ကုမ္ပဏီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်သော နိုင်ငံသားများ ဖြစ်ရမည် ဖြစ်ကြောင်း၊ လေလံလုပ်ကိုင်ခွင့် ပေးအပ်ပွဲသို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုကြောင်း၊ လုပ်ကိုင်ခွင့် ရရှိသူသည် လုပ်ကိုင်ခွင့်ရ လုပ်ငန်းအား တစ်ဆင့်ပြန်လည် ရောင်းချခြင်း ပြုပါက ရောင်းချသူနှင့် ၀ယ်ယူသူ နှစ်ဦးစလုံးအား လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်း သွားမည့်အပြင် တရားစွဲ အရေးယူ သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here