Wednesday, October 9, 2013

ကန်ဒေါ်လာ ၅၀၀၀ အထိ ထည့်သွင်းနိုင်ပြီး နိုင်ငံကတာ သယ်ဆောင်နိုင်သည့် EASI Travel Master Card ကို ပြည်တွင်းဘဏ်၌ ကတ်ပြုလုပ်နိုင်ပြီ

0 comments
9.10.2013

အမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ထည့်သွင်းအသုံးပြုနိုင်သောနိုင်ငံတကာသို့ သယ်ဆောင်နိုင်သည့် EASI Travel Master Card ကို ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော သမ၀ါယမဘဏ် (CB) တွင် ကတ် ထုတ်လုပ်ကာ ငွေဖြည့်သွင်းသုံးစွဲနိုင်ပြီဖြစ်သည်ဟု အောက်တိုဘာ ၈ ရက်တွင် CB ဘဏ်နှင့် Master Card တို့က သတင်းထုတ်ပြန်သည်။

ယခင်က Master Card အသုံးပြုရာတွင် ပြည်တွင်းဘဏ်များ၌ ကတ်ထုတ်ယူသုံးစွဲ၍ မရဘဲ နိုင်ငံခြားမှ လာသော ကတ်ကိုင်ဆောင် သူများသာ ငွေထုတ်ယူအသုံးပြုနိုင်ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၅၀၀၀ အထိ ထည့်သွင်း အသုံးပြုနိုင်သည့် EASI Travel Master Card ကို အောက်တိုဘာ ၈ ရက်မှစ၍ ပြည်တွင်း ဘဏ်တွင် ပထမဦးဆုံး အကြိမ်အနေဖြင့် ကတ်ထုတ်ယူသုံးစွဲနိုင်ခြင်းဖြစ်သည်။

CB ဘဏ်၌ နိုင်ငံတကာငွေပေးချေမှု ကတ်ဖြစ်သော EASI Travel Master Card ထုတ်လုပ်ခွင့်ကို ဗဟို ဘဏ်က အောက်တိုဘာ ၄ ရက် တွင် စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု CB ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်ကပြောသည်။

ဦးဖေမြင့်က “ဒီနေ့(အောက်တိုဘာ ၈ရက်) က ပြည်တွင်းကနေ ကတ်ပြုလုပ် အသုံးပြုနိုင်ပြီ။ ဗဟိုဘဏ်ကို လျှောက်ထားဆဲအချိန်မှာပဲ ကတ်ပြုလုပ်မယ့် သူတွေက Pre Order မှာထားတာ ကတ်ပေါင်း ၆၀၀ ကျော်လောက် ရှိတယ်။ အဲဒီလူတွေက ကတ်လာထုတ်ချင်ရင် ဘဏ်မှာလာထုတ်လို့ရပြီ”ဟု မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ နိုင်ငံတကာတွင် အသုံးပြုနိုင်မည့် Master ကတ်ကို ပြည်တွင်း ဘဏ်၌ ကတ်ထုတ်လုပ်နိုင်ခြင်းမှာ ပထမဦးဆုံးဖြစ်သည်။ နိုင်ငံတကာမှ Master ကတ်ကိုင်ဆောင်သူများအနေဖြင့်မူ ပြည်တွင်းရှိ ATM စက်များနှင့် Point Of Sales များတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းကပင် စတင်အသုံးပြု နိုင်ခဲ့ခြင်းဖြစ်သည်။

Master ကတ်ကုမ္ပဏီ၏ အရှေ့တောင်အာရှဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Mr. Matthew Driver က “ယခုမိတ်ဆက်မှုဟာ ဆိုလျှင် ယခင်က အပျော်ခရီးသွားပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ခရီးသွားတာပဲဖြစ်ဖြစ်
ငွေသားတွေ အများကြီး ယူသွားဖို့ လိုအပ်တဲ့ မြန်မာနိုင်ငံသားများ အတွက် ရွေးချယ်စရာနည်းလမ်းတစ်ခုပဲဖြစ် ပါတယ်။ ဒီနည်းလမ်းဟာ သူတို့တွေကို လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှုစနစ်ကို နိုင်ငံခြားတွေမှာ အသုံးပြု နိုင်ရန် ကူညီပေးသွားမှာ ဖြစ်ပါ တယ်” ဟု ပြောသည်။

အဆိုပါEASI Travel Master Cardကို ပြည်ပနိုင်ငံများသို့ ယူဆောင်အသုံးပြုချိန်တွင် ကတ်အတွင်း၌ ငွေသားလက်ကျန် နည်းခဲ့ပါကပြည်တွင်းဘဏ်မှ တစ်ဆင့် အဆိုပါကတ်အကောင့်သို့ တခြားတစ်ဦးဦး မှ ငွေထပ်မံဖြည့်သွင်းပေးခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်ဟုလည်း ဦးဖေမြင့်က ပြောသည်။

၎င်းက “နိုင်ငံခြားကို ကတ်ယူသွားပြီး အသုံးပြုနေတဲ့အချိန်မှာ ကတ်ထဲကငွေလက်ကျန် မရှိတော့ဘူးဆိုရင် မြန်မာနိုင်ငံက အိမ်သား တစ်ယောက်ယောက်ကို ပြည်တွင်းဘဏ်က တစ်ဆင့် ကတ်အကောင့်ထဲ ငွေထပ်မံဖြည့် ခိုင်းလို့ရတယ်။ အဲဒါကြောင့် အသုံးပြုရတာ အဆင်ပြေ သွားပါလိမ့်မယ်” ဟု ပြောသည်။

၂၀၁၃ ခုနှစ်အကုန်တွင် ပြည်တွင်းရှိ စားသောက်ဆိုင်များ၊ လက်လီ အရောင်း ဆိုင်များ၊ ဟိုတယ်များ အစရှိသည့် နေရာပေါင်း ၅၀၀ ကျော် တွင် ငွေပေးချေသည့်ကတ် EASI Travel MasterCard အား စတင် လက်ခံနိုင်မည်ဟု ဆိုသည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံတကာအီလက်ထရောနစ်ငွေပေးချေမှု ကတ်များဖြစ်သော မာစတာကတ်၊ ဗီဇာကတ်၊ JCB ကတ်နှင့် China Union Pay (CUP) ကတ်များကို လက်ခံအသုံးပြုနိုင်ပြီဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here