Wednesday, October 9, 2013

“အခြေခံဥပဒေကိစ္စ ပြည်သူကို Hijack မလုပ်သင့်ဘူး”

0 comments
                                ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် တွေ့ဆုံခြင်း

ရေးသားသူ- အိဖြူလွင်၊ အောင်သူရ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟုဆိုသောအခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကိုပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြားထွက်ပေါ်လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့်လမ်းကြောင်းက ပိုမိုလွယ်ကူနိုင်သည်ကို မေးခွန်းထုတ်ငြင်းခုံကြဆဲဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား အကျေအလည် ညှိနှိုင်းနေရသည့် ဥပဒေပြင်ဆင်ရေးအပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒေါက်တာဆလိုင်းငွန်ကျုံးလန်သည် အမေရိကန်နိုင်ငံ Indiana University မှ Doctor of Juridical Science ဘွဲ့ကိုရရှိပြီး ယခု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

မေး- လက်ရှိအချိန်မှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ရေပန်းစားနေတဲ့ လမ်းနှစ်လမ်းမှာ ဘယ်လမ်းကြောင်းက ပိုပြီးလွယ်ကူမယ်လို့ ထင်ပါသလဲ။
ဖြေ- အခြေခံဥပဒေကို ကျွန်တော်တို့ဥပဒေလောကအမြင်နဲ့ ကြည့်တဲ့အခါမှာ ခြောက်ခုပဲရှိတယ်။ နံပါတ်တစ်က ပြည်ထောင်စုမပြိုကွဲရေး၊ နောက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ လောကပါလတရားထွန်းကားရေး၊ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ နောက်ဆုံး အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က တစ်ဖက်တစ်လမ်းကနေ ၀င်ပါရေး။ ဒီခြောက်ခုက အခြေခံဥပဒေရဲ့ အစနဲ့အဆုံး။ ဒီမှာ နောက်ဆုံးအချက်ဖြစ်တဲ့ တပ်မတော်က၂၅ ရာခိုင်နှုန်းပါမယ်။ ပါပေါ့၊ ဘာဖြစ်လဲ။ အမျိုးသမီးတွေကတောင် ၃၀ ရာခိုင်နှုန်း ယူမယ်လို့ ပြောနေတာ။ ဒါကြောင့် ဒီအချက်တွေကို တော်တော်လေးစဉ်းစားနိုင်တယ်ဆိုရင် ခုအချိန်မှာ အခြေခံဥပဒေအသစ် ရေးဖို့ဆိုတာက တော်တော်လေး ကြောက်စရာကောင်းတယ်။

မေး- NLD က ပြောနေတယ်။ အခြေခံဥပဒေကိုပြင်ဖို့ ဒါမှမဟုတ် အသစ်ဆွဲဖို့ရာ ပြည်သူ့သဘောထား ရယူမယ်ဆိုတာက တကယ်ဖြစ်နိုင်မလား။
ဖြေ- ကျွန်တော်က ဘယ်ပါတီကိုမှ ထောက်ခံစရာလည်းမရှိဘူး။ ကျွန်တော် အမေရိကန်နိုင်ငံသား၊ မြန်မာပြည်မှာမွေးတဲ့ အမေရိကန်နိုင်ငံသား။ ဒီတော့ ဘယ်ပါတီကိုမှ အားပေးစရာလည်းမရှိဘူး။ မဲပေးလို့လည်းမရဘူး။ ဒါကြောင့် ကျွန်တော် အခုပြောတဲ့အချိန်မှာ နံပါတ်တစ်အရေးကြီးတာကတော့ ဘယ်တော့မှ ပြည်သူကို Hijack မလုပ်ဖို့ (အတင်းဆွဲသွင်းခြင်းမျိုး) အရေးကြီးတယ် နိုင်ငံရေးပါတီတွေက။ ကောင်းပြီ၊ ပြည်သူက အသစ်ပြန်ရေးချင်တယ်ဆိုလို့ ကျွန်တော်တို့က အခြေခံဥပဒေအသစ် ရေးမယ်ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက်နားလည်လဲ။ ဒီမှာ အားသာချက်၊ အားနည်းချက်ဆိုပြီး ပြည်သူကို ဆွဲခေါ်တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာသင်လာတဲ့သူတစ်ယောက် အမြင်မှာတော့ ပြည်သူကို Hijack မလုပ်သင့်ဘူး။ ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ ကနေ ၂၀၀၈ အထိ ၄၉ နှစ်လုံး ကျွန်တော်တို့မှာ အခြေခံဥပဒေမရှိဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှုထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန်တော်လည်း နားမလည်ဘူး။

မေး- တကယ်တမ်းမှာ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲခြင်း ဆိုတာမျိုးကရော ဖြစ်လာနိုင်မယ့် အလားအလာရှိလား။
ဖြေ- အခုက မသုံးခင်မှာကိုက ပြင်ချင်တယ်။ မပြင်ခင်မှာ လွှင့်ပစ်ချင်တယ်။ အဲဒီတော့ သုံးကြည့်ပါ။ သုံးလို့မရရင် ပြင်ခွင့်ပေးထားတာပဲ။ ပြင်လို့မှမရရင်လည်း လွှင့်ပစ်လိုက်။ ကမ္ဘာမှာ အခြေခံဥပဒေဆိုတာ အမှိုက်ပုံးထဲရောက်တာ အများကြီးပဲ။

မေး- အခြေခံဥပဒေအသစ်ကိုသာ တကယ်ရေးနိုင်ခဲ့ရင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းက ပြီးဆုံးသွားနိုင်မှာလား။
ဖြေ- ကျွန်တော်တို့က အခြေခံဥပဒေအသစ်တစ်ခု ထွက်လာတာနဲ့ ရေးပြီးသွားတာနဲ့ ပြဿနာအားလုံး ပြေလည်သွားမယ်လို့ ထင်တာ။ အဲဒါမဟုတ်ဘူး။ ဒုတိယအချက်က ကျွန်တော်တို့တိုင်းပြည်မှာ ဥပဒေကိစ္စကို နားလည်တာ အရမ်းအားနည်းတယ်။ အခြေခံဥပဒေ ကောင်းသာရှိရင် အားလုံးပြီးပြည့်စုံပြီလို့ ထင်နေတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ၄၇ ဥပဒေကို ငါးခေါက်လား၊ ခြောက်ခေါက်လား ပြင်ရတယ်။ ပြင်ရင်းနဲ့ ကောင်းလာမယ့်အနေအထား ရောက်တဲ့အခါမှာ နည်းနည်းမှားသွားခဲ့တာ။ ဒါက တချို့နိုင်ငံရေးသမား ပါတီခေါင်းဆောင်တွေ ဆန္ဒစောသွားတာကြောင့်ပဲ။ ၇၄ ဥပဒေကိုလည်း တစ်ခေါက်ပြင်ထားတယ်။ အခု ၂၀၀၈ ပေါ်လာတဲ့အခါ ကျွန်တော်တို့ မပြင်ရသေးဘူး။ ဒါပေမဲ့ အသစ်ရေးချင်တဲ့သူ ပေါ်လာတယ်။ စက်တင်ဘာလလယ်လောက်က ဘန်ကောက်မှာ နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ တွေ့ခဲ့တယ်။ သူတို့က ၂၀၀၈ က ဘယ်တော့မှ ဒီမိုကရေစီကို မဖော်ဆောင်ဘူး၊ ဖက်ဒရယ်ကို မဖော်ဆောင်ဘူး၊ ဒါကြောင့် အသစ်ရေးမယ်လို့ ပြောတယ်။ ကျွန်တော်ပြောလိုက်တယ်။ ခင်ဗျားတို့ရေး၊ ကြိုက်သလိုရေး ကမ္ဘာမှာ အကောင်းဆုံးအခြေခံဥပဒေကို ရေးနိုင်ရင်တောင် ကျွန်တော်တို့ တပ်မတော်က လက်မခံရင် အဲဒီအခြေခံဥပဒေက အမှိုက်ပုံးထဲရောက်မှာပဲ။ ဒီတော့ အမှိုက်ပုံးထဲရောက်မယ့် အခြေခံဥပဒေကို ဘာလို့အချိန်အကုန်ခံပြီး ရေးနေမလဲ။ ဒီမှာရှိတဲ့ ဥပဒေနားမလည်တဲ့သူတွေကို နားလည်အောင်သင်ပေး။ ဇယား ၂ ထဲမှာ ပြည်နယ်ဥပဒေပြုစာရင်း ၄၄ ချက် ရှိတယ်။ အများဆုံးသုံးနိုင်တာတောင် ၁၅ ခုပဲရှိတယ်။ သုံးဖို့ကျန်သေးတယ်။

မေး- UNFC က အသစ်ရေးနေပြီလို့ ပြောတယ်။ အဲဒီအပေါ်ကို ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ- ကျွန်တော် UNFC ဥက္ကဋ္ဌ ခွန်ဥက္ကာနဲ့ အခြေခံဥပဒေနှစ်ခု ရေးဖူးတယ်။ တစ်ခုက ဦးစိန်ဝင်းတို့အတွက်ရေးတာ။ နောက်တစ်ခုလည်းရှိသေးတယ်။ နှစ်ခုစလုံး အမှိုက်ပုံးထဲမှာပဲ။ ဘယ်သူကမှ လက်မခံတာ။ ဒါကြောင့် လက်ခံမယ့် သုံးမယ့်သူမရှိရင် ဘယ်နှခုပဲရေးရေး အသုံးမ၀င်ဘူး။ ပုဒ်မ ၂၀ (စ)မှာ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာတွင် အဓိကတာဝန်ရှိသည်ဆိုပြီး ပါတယ်။ ဒါကြောင့် အသစ်ရေးမယ်ဆိုရင် ကျွန်တော်တို့က တပ်မတော်ကိုသွားပြီး ပြဿနာရှာတာနဲ့ အတူတူပဲ။

မေး- တပ်မတော်ကိုသွားပြီး ပြဿနာရှာတယ်ဆိုတဲ့ စကားကို သေချာရှင်းပြပေးပါဦး။
ဖြေ- တချို့ကပြောတယ်။ ကာလုံရှိနေလို့ အာဏာသိမ်းနိုင်တယ်တို့၊ ဒီမိုကရေစီလည်း မရနိုင်ဘူး၊ ဖက်ဒရယ်လည်းမရနိုင်ဘူးတို့ဆိုတာ မယုံဘူး။ ယိုးဒယားမှာ အာဏာသိမ်းတာ ဘယ်နှခေါက်ရှိနေပြီလဲ။ တိုင်းပြည်မှာ ကာလုံရှိနေလို့ လိုအပ်တဲ့အခါမှာ နိုင်ငံတော်အာဏာကို အခိုက်အတန့်သိမ်းနိုင်တယ်။ ဥပဒေမှာ မပေးထားရင်လည်း သိမ်းချင်ရင်သိမ်းမှာပဲ။ ဘာလို့လဲ။ အခြေခံဥပဒေဆိုတာ စာအုပ်တစ်အုပ်ပဲ။ အဲဒီစာအုပ်နဲ့ ဂျီသရီး ဘယ်ဟာပိုပြင်းလဲ။ စာအုပ်ပြင်းမလား။ စဉ်းစားကြည့်ပါ။ တစ်ချက် ဖောင်းဆိုပစ်လိုက်ရင် စာအုပ်က ပေါက်သွားမှာပဲ။ လုပ်ချင်ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဖို့က ပိုအရေးကြီးတယ်။ မလုပ်ဖို့အတွက် ကျွန်တော်တို့က တပ်နဲ့အတူတူ လက်တွဲရမယ်။

မေး- ဒီအခြေအနေက တကယ့်နိုင်ငံရေးအကျပ်အတည်းဆိုတာမျိုး ဖြစ်လာနိုင်မယ်လို့ထင်လား။
ဖြေ- ၂၀၀၈ ကို လွှင့်ပစ်လိုက်ပြီး အသစ်ရေးကြည့်။ ဒီကြားထဲမှာ တည်ဆဲဥပဒေ လေးရာကျော်နဲ့ သွားရမှာ။ ဒီအချိန်မှာ ကျွန်တော်တို့က လမ်းပျောက်ပြီ။ ၂၀၀၈ ကြောင့် မရဖူးတဲ့ နှစ် ၄၀ ကျော် ပျောက်သွားတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေ ပြန်ရလာတယ်။ ဒါကို ဆက်သွားချင်လား။ ဒါမှမဟုတ် နိုင်ငံရေးစတန့်ထွင်ချင်သေးလား။ စဉ်းစားရမှာ။

မေး- ဒီပေါ်မှာ အခြေခံပြီးတော့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်ခိုင်ဖြိုးနဲ့ အချင်းချင်း မညီညွတ်တာမျိုး ဖြစ်လာနိုင်လား။
ဖြေ- ကျွန်တော်တို့ ဒီမိုကရေစီလိုချင်တယ်ဆိုရင် အယူအဆကွဲတာကို လက်ခံနိုင်ရမယ်။ အာဏာရှင်လက်အောက်မှာ နေလာတာကြာတော့ အကျင့်ပါနေတယ်။ ချင်းထဲမှာဆိုရင် CPP နဲ့ CNP ရှိတယ်။ သူတို့ပေါင်းဖို့ပြောနေတယ်။ ချင်းအမျိုးသားတစ်ပါတီပဲ ရှိရမယ်တဲ့။ အဲဒါ အာဏာရှင်စနစ်ပဲ။ ဒီမိုကရေစီက အသွင်ကွဲပြားခြင်းကို လက်ခံရမယ်။ နောက် ညှိနှိုင်းနိုင်ရမယ်။ ဒါမှဒီမိုကရေစီ။

မေး- NLD က ပြင်ဆင်ရေးကို USDP နဲ့ တွဲလုပ်မယ့်ပုံစံမျိုး ခုချိန်မှာဖြစ်နေပေမယ့် တကယ်လို့များ တွဲမလုပ်နိုင်ခဲ့ရင် တပ်က ဘယ်လောက်ရာခိုင်နှုန်းထိ ပါဝင်လာနိုင်မလဲ။
ဖြေ- တပ်က ဘာလုပ်မလဲဆိုတာ ကျွန်တော့်အမြင်မှာတော့ တပ်က လုံးဝလျှော့မှာမဟုတ်ဘူး။ ဘာလို့ဆိုတော့ သူလျှော့ရင် တပ်ကအားနည်းပြီ။ ဒီ ၂၅ ရာခိုင်နှုန်းကနေ တိုင်းပြည်ကြီးရဲ့ တည်ငြိမ်မှုကို ကောင်းကောင်းကိုင်ထားမှာ။ ဟိုတစ်လောက တပ်ချုပ်ကြီး ထိုင်းမှာ ပြောထားတဲ့စကားရှိတယ်။ သူတို့က တဖြည်းဖြည်းတော့ လျှော့ပေးမှာလို့။ ဒါပေမဲ့ မနက်ဖြန်မဟုတ်ဘူး။ နောက်နှစ်မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်လေးဆယ်ကျော် စောင့်လာခဲ့ပြီးမှ နောက်ထပ် နှစ်လေးဆယ်ကျော် စောင့်ဖို့ဝန်မလေးပါဘူး။ ဒီမှာစောင့်နေရင်း ပညာသင်မယ်။ ဒီမိုကရေစီယဉ်ကျေးမှုဆိုတာကို သင်ယူရမယ်။

မေး- တိုင်းရင်းသားတွေကရော အသစ်မရေးဘဲ ပြင်ဆင်မယ်ဆိုတာကို လက်ခံနိုင်ပါ့မလား။
ဖြေ- ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ကတော့ မပြောပါဘူး။ တိုင်းရင်းသားလို့ပြောရင် UNFC ကို အားလုံးက ဆိုလိုကြတယ်။ ကျွန်တော် ဦးခွန်ဥက္ကာနဲ့ တွေ့ခဲ့ပါတယ်။ သူက အသစ်ရေးဆွဲရေးကို ပြောတာမဟုတ်ဘူး။ သူပြောချင်တာက အခြေခံဥပဒေကို ပြောင်းလဲပြီးတော့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ တန်းတူညီမျှရေးကို ဖော်ဆောင်ပေးနိုင်မယ့်ဟာကို သွားချင်တယ်လို့ ပြောတယ်။ ဒါကြောင့် ခင်ဗျားတို့ statement ပြင်ဖို့လိုတယ်။ ကျွန်တော်တို့ နားလည်တာက UNFC က အသစ်ရေးမယ်လို့ပဲ နားလည်ခဲ့တယ်။ UNFC ရဲ့ နောက်ဆုံးအစည်းအဝေးမှာ ၂၀၀၈ ကတည်းက အာဏာခွဲဝေမှုဇယား ၁၊ ၂၊ ၃၊ ၅ နောက် သယံဇာတခွဲဝေရေး ဒါတွေကို ပြင်ချင်တယ်။ ဒီလိုပဲပြောခဲ့တယ်။

မေး- တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အမြဲလိုက်ပါနေတဲ့အတွက် MPC ဒါရိုက်တာအနေနဲ့ သူတို့ရဲ့သဘောထားကရော ဘယ်လိုရှိနိုင်ပါသလဲ။
ဖြေ- ခုချိန်ထိတော့ ၂၀၀၈ အခြေခံဥပဒေကို ပစ်ပစ်ခါခါ မကြိုက်ဘူးဆိုတဲ့အဖွဲ့ ကျွန်တော် မတွေ့သေးပါဘူး။

မေး- ၂၀၁၅ မတိုင်ခင်မှာရော အခြေခံဥပဒေပြင်ဆင်ရေးကိစ္စက အောင်မြင်နိုင်မယ်လို့ တွက်နိုင်ပါသလား။
ဖြေ- ကျွန်တော့်အသက်က ၅၀ နားကပ်နေပြီ။ ကျွန်တော့်အသက်မှာတော့ ပြင်နိုင်လိမ့်မယ်မထင်ဘူး။ မပြင်သေးဘဲ သုံးကြည့်တာကမှ ပိုပြီးအဓိပ္ပာယ်ရှိသေးတယ်။ တကယ်တမ်းတော့ ဥပဒေပြင်ဖို့အတွက်က လူတစ်ယောက်ပဲလိုပါတယ်။ အဲဒါဘယ်သူလဲဆိုတော့ တပ်မတော်သားတစ်ယောက်ပဲ။ ၇၅ ရာခိုင်နှုန်းကသာ ညီမယ်။ အားလုံးက သဘောတူမယ်ဆိုရင် တပ်မတော်သားတစ်ယောက်ကို ရွေးလိုက်။ ဒါဆိုရင် ပြင်လို့ရမယ်။

7Day News Journal

ဓာတ်ပုံ- အောင်သူရ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here