11.11.2013
မြန်မာနိုင်ငံရှိ ဥပဒေများ၏ အဓိကရေသောက်မြစ်ဖြစ်သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေးကိုအထူးတလည် ကြိုးပမ်းနေမှုများတွေ့မြင်ရပါသည်။ အများလက်ခံနိုင်ဖွယ် မရှိသည့် အခြေခံ ဥပဒေပါကန့်သတ်ချက်များ၊ တားမြစ်ချက်များကို အများပြည်သူ၏ သဘောထား များ ကောက်ယူ ကာ ပြင်ဆင်ရန်ကြိုးပမ်းနေမှုကို မဇ္ဈိမက ကြိုဆိုပါသည်။
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးတစ်ခုတည်းကို အာရုံစိုက်ဦးတည်မနေသင့်ဘဲ ဖွဲ့ စည်းပုံ အခြေခံမှတစ်ဆင့် ဆင့်ပွားပေါ်ပေါက်လာသည့် ပြဋ္ဌာန်းပြီးဖြစ်သောဥပဒေများ၊ ပုဒ်မများကို လည်း ပြန်လည်သုံးသပ်ရန်လည်း လိုအပ်ပါလိမ့်မည်။
အထင်ရှားဆုံးအဖြစ် ပုဒ်မ ၁၈ ဟု အလွယ်ခေါ်ကြသည့် ခွင့်ပြုချက်မယူဘဲဆန္ဒပြမှုအပေါ် ထိန်းချုပ် ထားသည့် ဥပဒေပုဒ်မပင် ဖြစ်သည်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ကို ၂၀၁၁ ခု ဒီဇင်ဘာလတွင် ပြဋ္ဌာန်းပြီးခဲ့ရာကိုးလတာအတွင်း အဆိုပါဥပဒေသည် လက်တွေ့ ဖြစ်ပေါ် နေသည့် အခြေအနေများနှင့် မကိုက်ညီဟုဝေဖန်မှုများ ထွက်ပေါ်လာ ခဲ့ပြီးနောက် ပြန် လည်ပြင် ဆင်ရန် လွှတ်တော်မှ ကြိုးစားနေရပြီ ဖြစ်သည်။
ဥပဒေပြဋ္ဌာန်းအပြီး ကိုးလတာကာလအတွင်အဆိုပါ ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၃ ဦး၊ ထောင် ဒဏ် အပြစ်ပေးခံရသူ ၅၂ ဦး ရှိခဲ့ပြီး လက်ရှိတွင်အကျဉ်းထောင်အတွင်း ၃၅ ဦး ပြစ်ဒဏ်ကျခံနေ ရဆဲဟု နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့သော လက်တွေ့မြေပြင်နှင့် ကိုက်ညီခြင်းမရှိသည့် ဥပဒေများကို မပြဋ္ဌာန်းမီဘက်စုံထောင်စုံမှ ကြိုးပမ်းအားထုတ်ကြရန် ဥပဒေပြုသူများဘက်မှ ဆင်ခြင်သင့်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်ပြင်ဆင် ရန်လိုအပ်နေသည့် ဥပဒေများစွာရှိသကဲ့သို့ အသစ်ပြဋ္ဌာန်းရန်လိုအပ်သည့် ဥပဒေများစွာလည်းရှိနေပါ လိမ့်မည်။
သို့သော် ဥပဒေတစ်ခုပြဋ္ဌာန်းထုတ်ပြန်ရာတွင် အလျင်စလိုမဖြစ်သင့်ဘဲ လွှတ်တော် အတွင်း ဆွေးနွေးမှု များတွင်အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို အသိအမှတ်ပြုလက်ခံရုံသာမက ဆန့်ကျင်ဘက် အမြင်များ၊ သဘောထားကွဲလွဲမှုများကိုလည်း ထည့်သွင်းစဉ်းစားဥပဒေပြုရန် လိုအပ်ပါလိမ့်မည်။ သို့မှသာ ပြီးပြည့်စုံသည့် ဥပဒေတစ်ခုဟုမခေါ်ဆိုနိုင်သော်လည်း လိုအပ်ချက်နှင့်ကိုက်ညီသော၊ လက်တွေ့မြေပြင် အခြေအနေနှင့် ကိုက်ညီသောဥပဒေများ ထွက်ပေါ်လာပါလိမ့်မည်။
အလားတူပင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းလိုက်သည့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ် ချုပ်ရေးဥပဒေတွင်ပါရှိသည့် ပုဒ်မတစ်ခုသည်လက်တွေ့တွင် ဖြစ်နိုင်မဖြစ်နိုင် ပြန်လည်ဆန်းစစ်ရန် လို အပ်နေသည်ဟု မဇ္ဈိမက ရှုမြင်သည်။
အဆိုပါဥပဒေ၏ ပုဒ်မ၁၃အပိုဒ်ခွဲ(ဆ)တွင် ပြဋ္ဌာန်းပါရှိသည်မှာ “အခြားသောရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုမှ ညဥ့်အိပ်ညဥ့်နေလာရောက် တည်းခိုသောဧည့်သည်များအတွက် ဧည့်စာရင်း တိုင်ကြားခြင်း၊ လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်း” များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းပါရှိသည်။
အဆိုပါဥပဒေသည် ဖွံ့ဖြိုးလာနေသော မြို့ပြအခြေအနေ၊ လက်တွေ့လုပ်ဆောင်နိုင်မှု၊ လိုက်နာနိုင်မှုတို့ ကွဲလွဲနေသည်ကိုတွေ့ရှိရမည် ဖြစ်သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ထူးခြားဖြစ်စဉ်များမှအပ ဧည့် စာရင်း စစ်ဆေးခြင်း ပြုလုပ်နိုင်မည်မဟုတ်သကဲ့သို့ ရပ်ကွက်နေပြည်သူတို့ကလည်း ခုနစ်ရက်လျှင် တစ် ကြိမ်ဧည့်စာရင်းတိုင်ကြားရန် လွယ်ကူမည်မဟုတ်ပေ။ ဤဥပဒေအတိုင်းသာ လက်တွေ့အရေးယူမည် ဆိုပါက ရန်ကုန်မြို့တွင်နေထိုင်သူ ထောင်ပေါင်းများစွာတို့ ပြစ်ဒဏ်ကျခံရဖွယ် ရှိနေသည်။
အထက်တွင်ဆိုခဲ့သကဲ့သို့ ဥပဒေတစ်ခုပြဋ္ဌာန်းမည်ဆိုပါက လက်တွေ့လိုက်နာနိုင်သည့် ဥပဒေဖြစ်ရန် လိုအပ်သကဲ့သို့၊ မတူညီသောအမြင်များ၊ဆန့်ကျင်ဘက်အမြင်များကို ပေါင်းစည်းကာကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်အတွက် ဘက်စုံထောင့်စုံ မှတွေးခေါ်မြော်မြင်ကာ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးကို အမှန် တကယ် ဖြစ်ထွန်းစေမည့်ဥပဒေများပေါ်ထွန်းရန် ရည်သန်ရေးသားအပ်သည်။
Mizzima - News in Burmese